Print

ကျန်းမာရေး အတိုအထွာ ဗဟုသုတများ

  24-Feb-2017
Preview Image

 

လူသားတို့၏ ခန္ဓာကိုယ်သည် အံ့သြဖွယ် စွမ်းရည်များဖြင့် ဖွဲ့စည်း တည်ဆောက် ထားပါသည်။ ထိုစွမ်းရည်များ ထဲမှ တစ်ခုသည် နာမကျန်း ဖြစ်နေပြီဆိုပါက ထိုအကြောင်းကို ခန္ဓာကိုယ်၏ အစိတ်ပိုင်း တစ်ခုခုက ပြသနေတတ်ခြင်းပင်ဖြစ်သည်။နံနက်ခင်း မျက်နှာ သစ်ပြီးစ အချိန်တွင် လူသားတိုင်း တစ်ကြိမ်တော့ မှန်ကြည့် မိတတ် ကြပါသည်။ ထိုအချိန်မျိုးတွင် အချိန် အနည်းငယ်မျှ ပေး၍ ကြေးမုံပြင်တွင် ထင်ဟပ်နေသော မိမိတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်း ပုံရိပ်များကို ကြည့်ရှု စစ်ဆေး ပေးခြင်းဖြင့် ကျန်းမာရေး ယိုယွင်းလာမှု၏ အစောပိုင်း လက္ခဏာများကို သိမြင် လာနိုင်သည်ဟု ကျန်းမာရေး ဆိုင်ရာ ပညာရှင်တို့ ဆိုကြပါသည်။ ထိုအချိန်မျိုးတွင် မိမိခန္ဓာကိုယ်မှ- (၁)လက်သည်း (၂)ချိုင်း (၃)မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် (၄)ဦးရေပြား (၅)ဝမ်းဗိုက် (၆)လျှာ (၇)မျက်စိ တို့ကို ကြည့်ရှု စစ်ဆေး သင့်ကြောင်း ပညာရှင်တို့ အကြံပြု ထားပါသည်။

 

(၁)လက်သည်း

လူသားတို့၏ အရေပြားတွင် ခုံးထနေသော မှဲ့များ တွေ့ရ ။ ထိုမှဲ့များသည် အရေပြား ကင်ဆာ၏ ရှေးဦးသင်္ကေတ ဖြစ်နိုင်ပါသည်။ မှဲ့ကင်ဆာသည် လက်သည်း၏အောက်ဖက်တွင်လည်း ဖြစ်ပွားနိုင်ပါသည်။ လက်သည်းပေါ်မှ အဝါရောင်၊ အညိုရောင်၊ အမည်းရောင် အစင်းများသည် အရေပြားကင်ဆာ၏ ရှေးဦးပုံရိပ်ဖြစ် နေတတ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုအစင်းများသည် မှဲ့ကင်ဆာကြောင့် ဆဲလ်များ ထိခိုက် ပျက်စီးရာမှ ဖြစ်ပေါ်လာတတ် သောကြောင့်ဖြစ်သည်။ မှဲ့ကင်ဆာသည် အရေပြား ကင်ဆာများ ထဲတွင် အသေအပျောက် အများဆုံးသော ရောဂါ ဖြစ်သည်ဟု နယူးယောက် စီးတီးမှ အရေပြား အထူးကု ဒေါက်တာ အေရီအော့စတိက ဆိုပါသည်။ သို့ရာတွင်စောစီးစွာ သိရှိကုသ နိုင်ပါက ၉၅ရာခိုင်နှုန်းမှာ ပျောက်ကင်း နိုင်ပါသည်။ ထို့ကြောင့် လက်သည်းများကို ကြည့်ရှု စစ်ဆေး ပေးခြင်းဖြင့် အထက်ပါ အချက်များကို စောစီးစွာ သိနိုင်မည် ဖြစ်သည်။ လက်သည်းပေါ်တွင် အဖြူအစင်းများ ရှိနေပြီး ပင်ပန်း နွမ်းနယ်မှု ဒဏ်ကို ခန္ဓာကိုယ်က ခံစားနေရပြီ ဆိုပါက သတိထား သင့်ပါသည်။အဘယ်ကြောင့်ဆိုသော် ထိုအချက်သည် ကျောက်ကပ်များ လုပ်ဆောင်မှု အားနည်းရာမှ ဖြစ်ပေါ် လာတတ်သော သင်္ကေတ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ထိုအဖြူစင်း များသည် ဆီးတွင် ပါသွားသော အသားဓာတ်များကို ကျောက်ကပ်က ပြန်လည် စုပ်ယူမထား နိုင်ခြင်း သင်္ကေတ ဖြစ်သည်ဟု ဒေါက်တာ အော့စတိက ဆိုပါသည်။ ဆိုလိုသည်မှာ ခန္ဓာကိုယ်သည် အသားဓာတ် ထိန်းသိမ်း ထားနိုင်မှုထက် ဆုံးရှုံးမှုက ပိုများနေကြောင်း၊ ကျောက်ကပ်များ လုပ်ဆောင်မှု အားနည်း နေကြောင်းကို ညွှန်ပြခြင်း ဖြစ်သည်။ ထို့ကြောင့် ဆရာဝန်နှင့် ပြသကာ ဆီးစစ်ရန် လိုအပ်ကြောင်း ညွှန်ပြနေသော အမှတ်အသားဟု ဆိုရမည် ဖြစ်သည်။

 

(၂)ချိုင်း

တစ်ခါတရံ ချိုင်းတွင် ကြမ်းတမ်းသော အမည်းကွက်များ မြင်တွေ့ရလေ့ ရှိပါသည်။ နေရောင်ဒဏ်ခံ အဆီ သုတ်လိမ်း ထားခြင်း ကြောင့်မဟုတ်ပါက ထိုသင်္ကေတသည် ဆီးချို၊ သွေးချို ရောဂါရှိနေခြင်း သင်္ကေတဖြစ်နိုင်သည်ဟု Web MD’s Chief Editor ဒေါက်တာ မိုက်ကယ်စမစ်က ဆိုပါသည်။ သွေးထဲတွင် အင်ဆူလင် အမြောက်အများ ရှိနေခြင်းသည် အရေပြားဆဲလ် များကို လျင်မြန်စွာကွဲပြားစေပြီး တစ်ရှုးနှင့်မယ်လနင် ဓာတ်ဖြစ်ပေါ်နှုန်း မြင့်မား စေပါသည်။ ထိုအခါ အရေပြားသည် ကြမ်းတမ်းပြီး ပိုမည်းလာပါသည်။ အများအားဖြင့် ချိုင်းကြား၊ လည်ပင်း၊ ပေါင်ခြံများတွင် အမည်းကွက်များ တွေ့ရတတ်သည်ဟု ဒေါက်တာ မိုက်ကယ် စမစ်က ဆိုပါသည်။ ထို့ကြောင့် ချိုင်းတွင် ကြမ်းတမ်းသော အမည်းကွက်များ တွေ့ရပါက ဆီးချို၊ သွေးချိုရောဂါ ရှိမရှိကို စစ်ဆေးသင့်ကြောင်း အကြံပြုပါသည်။ ဆီးချို၊ သွေးချိုရောဂါသည်ရောဂါဖြစ်ပွား နေကြောင်းကို အများအားဖြင့် မသိရှိကြသော ရောဂါဖြစ်သည်။

 

(၃)မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ်

မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် တို့တွင် သေးငယ် ပျော့ပြောင်းသော အဖြူရောင်(သို့မဟုတ်) ဝါကျင်ကျင် အလုံးလေးများ တွေ့ရလျှင် သတိထား သင့်သည်ဟု ဒေါက်တာ စမစ်က ဆိုပါသည်။ ထိုုုုုအလုံး ကလေး မျာကိုလည်း တွေ့ရ၊ တစ်ချိ်န်တည်း မှာပင် ခန္ဓာကိုယ်တွင် ကိုလက်စထရော ပမာဏလည်း မြင့်တက်နေပါက အသက် အန္တရာယ်ရှိနိုင်သော နှလုံးရောဂါ၏ လက္ခဏာ ဖြစ်သည်။ ထိုလက္ခဏာကို သိရှိ မြင်တွေ့ရပါက ကျွမ်းကျင်သူ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေး သင့်သည်ဟုလည်းဒေါက်တာစမစ်က ဆိုထားပါသည်။

 

(၄) ဦးရေပြား

ဦးရေပြား အရေခွံများ ကျွတ်နေသည်ကို တွေ့ရပါက ထိုလက္ခဏာသည် စိတ်ဖိစီးမှု၏ လက္ခဏာ ဖြစ်သည်ဟု ဒေါက်တာစမစ်က ဆိုပါသည်။ ပြင်းထန်သော စိတ်ဖိစီးမှုသည် ခန္ဓာကိုယ်မှ ကော်တီဆုန်း ဟော်မုန်းကို အများအပြား ထွက်စေသည်။ကော်တီဆုန်း ဟော်မုန်းသည် ကိုယ်ခန္ဓာခုခံအားနှင် ဇီဝ လုပ်ဆောင်မှုတို့ကို ပျက်ပြားစေသည့် အပြင် ဦးရေပြားကိုလည်း သွေ့ခြောက်စေသည်။ ဦးရေပြားသွေ့ခြောက်ပြီး အရေခွံများကျွတ်ခြင်းသည် ဗောက်ပျောက်စေသော ခေါင်းလျှော်ရည်များ သုံးစွဲခြင်းဖြင့် ခေတ္တ ပျောက်ကင်း စေနိုင်သော်လည်း လုံးဝ ပျောက်ကင်း သက်သာစေရန်မူ ဝလင်စွာအိပ်စက်ခြင်း၊ အသက် ပြင်းပြင်းရှုရှိုက်ခြင်း၊ အလုပ်မှ ခေတ္တအနားယူခြင်း တို့ပြုလုပ်ရန် လိုအပ် ပါသည်။

 

(၅)ဝမ်းဗိုက်

အမျိုးသမီးများတွင် ဆီးခုံ အောက်ဖက်ပိုင်း၌ အမွေးနုများ ပေါက်လေ့ရှိသည်မှာ သဘာဝပင် ဖြစ်သည်။ သို့ရာတွင် အမွေးနုများ မဟုတ်ဘဲ အမွေးကြမ်းများ ဆီးခုံ တစ်လျှောက်တွင် မကဘဲ ဝမ်းဗိုက် အပေါ်ထိပါ ပေါက်လာပါက မျိုးဥအိမ်တွင် အရည်အိတ် များစွာ ဖြစ်ပေါ် ခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာစုထဲမှ တစ်ခုဖြစ်နိုင်ကြောင်း တက္ကဆက် ဆေးတက္ကသိုလ် သားဖွားနှင့် မီးယပ်ဌာန ဒေါက်တာ ပါမာ လဘီရင်က ဆိုပါသည်။ ကျားဟော်မုန်း အများအပြား ထုတ်လုပ်မှုကြောင့်သွေးဆင်း များခြင်း၊ ကိုယ်အလေးချိန် တိုးခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ဝမ်းဗိုက်၊ မျက်နှာ၊ ရင်ဘတ်နှင့် နောက်ကျော များတွင် အမွေးကြမ်းများ ပေါက်ခြင်း တို့ဖြစ်ပေါ် တတ်ပါသည်။ ထိုရောဂါ လက္ခဏာများ ဖြစ်ပေါ်နေသော အမျိုးသမီး(၁ဝ)ဦးတွင် (၅)ဦးသည် မျိုးမပွား နိုင်ခြင်းနှင့် နှလုံးရောဂါ ကဲ့သို့သော ရောဂါ အန္တရာယ်များ ကြုံတွေ့ ရတတ်ပါသည်။ ထိုလက္ခဏာများ ဖြစ်ပေါ်ပါက သားဖွားနှင့် မီးယပ်ဆရာဝန်နှင့်ပြသသင့်ပြီး ဟော်မုန်း ပမာဏ ထိန်းညှိရန် လိုအပ်ပါသည်။

 

(၆)လျှာ

လျှာသည် ပုံမှန်အရောင် အဆင်းမဟုတ်ဘဲ အဖြူရောင် ဆေးသုတ်ထား သကဲ့သို့ဖြူဆွတ်ဆွတ် ဖြစ်နေပါက အိပ်မောကျနေစဉ် အတွင်း အစာအိမ်မှအစာများ နောက်ပြန် ဖိတ်စင်မှုကြောင့် ဖြစ်နိုင်သည်ဟု ဒေါက်တာဖရိုင် ဟိုမာက ဆိုသည်။ ပုံမှန်အားဖြင့် အစာမျိုပြွန် အောက်ခြေရှိ တစ်ဖက်ပွင့် အဆို့ရှင်သည် အစာအိမ် အတွင်းသို့ရောက်ပြီးသော အစာများကို နောက်ပြန် မဖိတ်စင်အောင် ပြုလုပ်ပေးသည်။ ထိုအဆို့ရှင်မလုံသောအခါ အစာခြေ အက်ဆစ်များ ခံတွင်း ဘက်သို့နောက်ပြန် ဖိတ်စင်သောကြောင့်လည်ချောင်းကွဲပြီး လျှာမှာ လည်း အက်ဆစ်များဖြင့် ဖုံးအုပ်နေကာ အဖြူရောင်ဖြစ်၍ ခံတွင်းန့ံ လည်း ဆိုးရွားနေ ပါလိမ့်မည်။ ထိုရောဂါ လက္ခဏာကို ပျောက်ကင်းစေရန် အက်ဆစ် ပြေဆေး သောက်သုံးခြင်း၊ (သို့မဟုတ်)အက်ဆစ်များသော အစား အစာ၊ ပူစပ်သော အစားအစာတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ကုသနိုင် ပါသည်။ မသက်သာပါက ဆရာဝန်နှင့် ပြသရန် လိုအပ်ပြီး ခန္ဓာကိုယ် အတွင်းမှ အက်ဆစ် ထုတ်လုပ်မှု လျှော့ချရန်ဆေးဝါးများ သောက်သုံးသင့်ပါသည်။

 

(၇)မျက်စိ

တစ်ခါတစ်ရံတွင် ရုတ်တရက် မျက်ကွင်း ညိုလာတတ်ပါ သည်။ မျက်ကွင်း ညိုရခြင်းတွင် အကြောင်းအရင်း များစွာ ရှိတတ်ပါသည်။ ညဥ့်နက် သန်းခေါင် တိုင်အောင် အလုပ်လုပ်ရသော အခါတွင် လည်း မျက်ကွင်း ညိုတတ်ပါသည်။ ထိုသို့မဟုတ်ပါလျှင် ရုတ်တရက် မျက်ကွင်း ညိုလာမှုသည် ဓာတ်မထည့်မှုကြောင့် ဖြစ်နိုင်ပါသည်။ လူ့ ခန္ဓာကိုယ်သည် ဓာတ်မတည့် ပစ္စည်းနှင့် တွေ့ဆုံပါက ဟစ္စတမင်း ဟူသည့်ဓာတုပစ္စည်း တစ်မျိုး ထွက်ရှိပါသည်။ ထိုဓာတုပစ္စည်းသည် သွေးကြောများကို သွေးနှင့် အခြားအရည်များဖြင့် ဖောရောင်စေပြီး အရေပြား၏ အပါးလွှာ ဆုံးနေရာတွင် အမည်းကွက်များဖြစ်ပေါ်စေပါသည်။ ထိုသို့ မျက်ကွင်းညို လာပါက အရေပြားဆိုင်ရာ စစ်ဆေးမှုပြုလုပ်ခြင်းဖြင့် မျက်ကွင်းညိုခြင်း ဖြစ်စေသော ဓာတ်မတည့်သည့် ပစ္စည်းကို သိရှိ ကုသနိုင်ပါသည်။ တစ်ခါတစ်ရံတွင် မျက်သားအဖြူပေါ်၌ အနည်းငယ်ကြွတက် နေသော အဖုလေး တွေ့ရ တတ်ပါသည်။ သာမန်အားဖြင့် အန္တရာယ်မရှိသော မျက်သားတက်ခြင်းဖြစ်နိုင်ပါသည်။ နေရောင်၊ လေ၊ ဖုန်မှုန့်များကြောင့် ဆက်သွယ်တစ်ရှုးများ အလွန်အမင်း ကြီးထွား လာခြင်းဖြစ် သည်ဟု မျက်စိ အထူးကု ဒေါက်တာ ထရေစီဂိုး စတိန်းက ဆိုပါသည်။ ထိုအဖုလေး ဆက်လက် ကြီးထွား မလာစေရန် မျက်စိစိုစွတ် နေစေမည့် မျက်စဉ်းကို အသုံးပြုရမည်ဖြစ်ပြီး အပြင်ထွက်လျှင် နေကာ မျက်မှန်တပ်ရန် လိုအပ်ပါသည်။ နံနက်ခင်း မျက်နှာသစ်ပြီး ချိန်တိုင်းတွင် မျက်ခုံးမွေးနှုတ်ရုံ၊ ဝက်ခြံညှစ်ရုံ သာမပြုလုပ်ဘဲ မိမိခန္ဓာကိုယ် အစိတ်အပိုင်းများကို ကြည့်ရှု စစ်ဆေး ပေးခြင်းဖြင့် အရေးကြီးသော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို ရှာဖွေ ကြည့်နိုင် ကြပါစေ။

 

Ref:
Hoe Hoe Kyaw
June 26. 2015
Source:
ဇော်လင်းမြင့် (ဆေး/မန်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18