Print

Urinary Tract Infection ဆီးလမ်းကြောင်းပိုးဝင်ခြင်း

  24-Feb-2017
Preview Image

 

ဆီးလမ်းကြောင်းဆိုတဲ့ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ် နဲ့ ဆီးသွားပြွန် တနေရာရာမှာရောဂါပိုးဝင်တာခံကြရတယ်။ ဆီးအိမ်မှာဖြစ်တာကသိပ်မဆိုးပါ။ ချက်ချင်းကုရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ ကျောက်ကပ်အထိ ပိုးရောက်သွားနိုင် တယ်။ ဒါဆိုရင် ဆိုးတယ်။

 

ဆီးအိမ်ပိုးဝင်ခြင်းလက္ခဏာများ
• ဆီးသွားတိုင်းပူပြီးနာမယ်။
• ဆီးခဏခဏသွားချင်စိတ် ဖြစ်နေမယ်။
• ဆီးစပ် ဗိုက်အောက်ပိုင်းနေရာကနာမယ်။
• ဆီးထဲအနယ်ပါမယ်။ ဆီးနံ့ဆိုးတယ်။
• ဆီးထဲသွေးလဲပါတတ်တယ်။
• တချို့မှာအဲလိုဟာတွေ မခံစားရဘူး။

 

ကျောက်ကပ်ရောင်ခြင်းလက္ခဏာများ
• ကျောက်ကပ်တည်ရာနောက်ကျောဘယ်-ညာ ဖြစ်တဲ့ဘက်မှာနာမယ်။
• ကိုယ်ပူမယ်။ ချမ်းမယ်။
• ပျို့ချင်-အန်ချင်မယ်။
• ဆီးစစ်မှ ပိုး (ပြည်-ဆဲလ်) တွေ့ပြီးရောဂါလက္ခဏာတွေ မခံစားရတာလဲရှိတယ်။ ကိုယ်ဝန်ရှိနေရင်တော့ ဆေးကုမှ ကောင်းတယ်။ ကလေးတွေကိုလဲဆေးကုရမယ်။

 

ဆရာဝန်ပြဘို့ မလွဲမသွေလိုသူတွေ
• ကိုယ်ဝန်ဆောင်၊
• အသက်ကြီးသူ၊
• ဆီးချိုရှိသူ၊
• ကျောက်ကပ်ရောဂါရှိထားသူ၊
• ခုခံအားမကောင်းသူ။

တခြားရောဂါတွေလဲ ဖြစ်နိုင်တယ်။
• (STD) လိင်ကတဆင့် ကူးစက်ရောဂါတွေ ဥပမာ -
၁။ Chlamydia (ကလာမိုင်ဒီယား)၊
၂။ Gonorrhea (ဂနိုရီးယား)၊
၃။ Trichomoniasis (ထရွိုင်ကိုမိုးနပ်စ်)၊

 

တိတ်တိတ်လေးနောက်ဆက်ဖြစ်စေနိုင်တာတွေရှိတယ်။
• ဆီးအိမ်ကနေကျောက်ကပ်ဆီရောက်နိုင်တယ်။ တဖက်ထဲဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ပိုးဝင်တာခံရမယ်။
• ကျောက်ကပ်ကိုအလုပ်ဆက်မလုပ်နိုင်စေတာအထိ ဖြစ်လာနိုင်တယ်။
• အစကတည်းကကျောက်ကပ် သိပ်မကောင်းသူဆိုရင် ပိုဆိုးစေမယ်။
• ရှားရှားပါးပါးပိုးကသွေးထဲရောက်ရင် တခြားနေရာတွေအထိပိုးရောက်ကုန်မယ်။

 

ဘယ်ကနေစသလဲ
• အူတွေထဲမှာနဲ့ မျိုးပွါးလမ်းကြောင်းထဲမှာ (ဗက်တီးရီးယား) တွေရှိနေကြတယ်။
• တကယ်တော့ ဆီးဆိုတာမကောင်းပေမဲ့ ကျန်းမာနေရင် ပိုးတွေရှိမနေပါ။
• E. coli ပိုးကနေဖြစ်တာများတယ်။ အမှတ်မထင် ရောက်လာတယ်လို့ ပြောရမယ်။
• ဆီးလမ်းအဝကနေအထက်တက်မယ်။ အမျိုးသမီးတွေကဆီးသွားလမ်းတိုကြလို့ ပိုအဖြစ်များကြတယ်။

 

ဖြစ်နိုင်ခြေများသူတွေ
• လိင်ဆက်ဆံမှု ဖြစ်နိုင်-ဖြစ်နေသူအမျိုးသမီးများ၊
• ရေ-အရည်သောက်နည်းသူများ၊
• ရေစိမ်ပြီးခဏခဏချိုးသူများ၊
• ဆီးသွားချင်ပေမဲ့ မသွားသေးဘဲအောင့်ထားသူများ၊
• ကျောက်ကပ်မှာကျောက်ရှိနေသူများ။

 

ရောဂါသေခြာအောင်လုပ်ခြင်း
• Urinalysis ဆီးစစ်ခြင်း၊ (ဗက်တီးရီးယား) တွေ ပါနေ-မနေစစ်မယ်။
• ဆီးထဲမှာသွေးဖြူဥနဲ့ သွေးနီဥတွေကိုလဲရေတွက်မယ်။
• Dipstick test နည်းနဲ့စစ်တာမြန်တယ်။
• (ဗက်တီးရီးယား) အမျိုးအစားလဲခွဲဘို့လိုရင်လုပ်တယ်။

 

ဆီးလမ်းပိုးဝင်တာနဲ့ ဆီးချို
• ပိုအဖြစ်များတယ်။
• ခုခံအားလဲနည်းနေတာရယ် သကြားဓါတ်ကြောင့် ပိုးတွေပိုပြီး ပွါးလွယ်တာရယ်ကြောင့်ဖြစ်နိုင်တယ်။
• ဆီးအိမ်သွားအာရုံကြောလဲသိပ်မကောင်းနေတာကြောင့်လဲ ဖြစ်နိုင်တယ်။

 

ယောက်ျားတွေ ဆီးအောင့်ခြင်း
အဖြစ်နည်းတယ်။ ဖြစ်ရင် တခြားအခံကျန်းမာရေးအခြေအနေတခုခုရှိနေနိုင်တယ်။ ဥပမာကျောက်ကပ်-ကျောက်၊ ဆီးအကျိတ် ကြီးနေခြင်း၊ STDs လိင်ကတဆင့် ကူးစက်ရောဂါ။

 

Honeymoon Cystitis မင်္ဂလာဦးဆီးအောင့်ခြင်း
• အဖြစ်များတယ်။
• ဆက်ဆံမှုကြောင့် (ဗက်တီးရီးယား) တွေကို နေရာပြောင်း ပို့ပေးသလိုဖြစ်စေတယ်။
• တကယ်တော့ မင်္ဂလာဦးမှာသာ ဖြစ်တာမဟုတ်ပါ။ အိမ်ထောင်မပြုသေးဘဲ ဆက်ဆံမှု စပြုသူတွေလဲ ဖြစ်သလို ကလေးအမေ ဖြစ်ပြီးမှလဲ ဖြစတယ်။
• ကိုယ်ဝန်တားဘို့သုံးရတဲ့ Diaphragm သားအိမ်ဝအဖုံးသုံးသူတွေလဲ ဖြစ်နိုင်တယ်။

 

ဘယ်လိုကုမလဲ
• ပဋိဇီဝဆေးနဲ့ ပျောက်တယ်။
• ရေ-အရည်များများသောက်ပါ။
• ဆီးသွားချင်ရင် အောင့်မထားပါနဲ့။
• ကျောက်ကပ် ပိုးဝင်တာကိုဆိုးမှသာပဋိဇီဝထိုးဆေးလိုမယ်။
• ပြန်ပြန်ဖြစ်နေရင် -
၁။ ပဋိဇီဝဆေးနည်းနည်းကို ကြာရှည်သောက်ပါ။
၂။ လိင်ဆက်ဆံပြီးတိုင်းပဋိဇီဝဆေးတကြိမ်သောက်ပါ။
၃။ ဆီးအောင့်တယ်ထင်တာနဲ့ ချက်ချင်းပဋိဇီဝဆေးသောက်လိုက်ပါ။

 

ဆီးလမ်းပိုးဝင်တာနဲ့ ကိုယ်ဝန်
• ကျောက်ကပ်အထိပိုးဝင်တာ ဖြစ်လွယ်တယ်။
• ဟော်မုန်းတွေကြောင့်လဲ ဖြစ်နိုင်တယ်။
• ကြီးလာတဲ့သားအိမ်ကဆီးလမ်းကိုဖိနေလို့ ဆီးကိုအောင့်ထား၊ အောင်းထားသလိုဖြစ်နေစေတယ်။

 

ဆီးလမ်းပိုးဝင်တာနဲ့ သွေးဆုံးခြင်း
• သွေးဆုံးချိန်မှာ (အီစထိုဂျင်) ဟော်မုန်းနည်းလာတယ်။ ဆီးအိမ် နဲ့ (ဗဂျိုင်းနား) ကိုပိုးဝင်လွယ်စေမယ်။
• အသက်ကြီးသူတွေ ပိုဖြစ်ကြတယ်။ ခံစားရတာ ဖြစ်နေကြနဲ့ မတူတတ်ဘူး။ ကရောင်ခြောက်ခြားဖြစ်တာ၊ စိတ်ကရောက်ကယက် ဖြစ်တာဆိုရင် ဆီးကိုစစ်ဘို့မမေ့ရပါ။

 

ဆေးရုံလူနာ
• ရောဂါတခုခုနဲ့ ဆေးရုံတက်နေရရင် ဆီးလမ်းပိုးဝင်တာပိုဖြစ်နိုင်တယ်။ ဆီးပိုက်တပ်ထားရရင် သေခြာပေါက် ဖြစ်နိုင်တယ်။

 

ကလေးငယ်ငယ်လေးတွေ
• မပြောတတ်လို့ ဒါတွေဖြစ်နေရင် သတိပြုပါ -
• ဘာလို့မှန်မသိဘဲကိုယ်ပူမယ်၊
• ဆီးအနံ့မကောင်းဖြစ်မယ်၊
• အစားပျက်မယ်၊ အန်မယ်၊
• အမူအယာတမျိုးဖြစ်မယ်။
• အသက် ၁၁ နှစ်သမီးတွေ ၃% ၁၁ နှစ်သားတွေ ၁% မှာဆီးလမ်းပိုးဝင်တယ်။
• အိမ်သာထဲမှာ ကြာနေရင် သတိထားကြည့်ပါ။
• တချို့ကလေးတွေမျာမွေးရာပါ ဆီးလမ်းအားနည်းချက် ရှိနေနိုင်တယ်။
• ရေအိမ်သွားနည်းသင်ထားပေးပါ။

 

ဘယ်လိုကာကွယ်မလဲ
• ရေများများသောက်ပါ၊
• လိင်ကိစ္စ မတိုင်ခင်နဲ့ ပြီးတိုင်းမှာဆီးသွားပါ၊
• သန့်ရှင်းရေးလုပ်ရာမှာလက်ကိုရှေ့ကနေနောက်ဘက်ဆီသာတလမ်းသွားလုပ်ပါ၊
• မိန်းမကိုယ်သန့်ရှင်းရေးဆေးရည်တွေ မသုံးပါနဲ့။
• ရေချိုးရင် ကြွေကန်ထဲစိမ်မချိုးဘဲအထက်ကနေမိုးရွာသလိုကျနေတဲ့ ရေချိုးနည်းလုပ်ပါ။

 

Cranberry (ခရင်ဘယ်ရီ) သီးက ဆီးအောင့်သူများအတွက် အလွန်ကောင်းတယ်လို့ပြောကြတယ်။ ကာကွယ်ရာမှာသာကောင်းတယ် ဖြစ်နေတာကိုတော့ ပျောက်အောင် မစွမ်းဆောင်နိုင်ပါ။ အရွယ်လတ် အမျိုးသမီးတွေအတွက် ပိုသင့်တယ်။ ဆေးလုံး-ဆေးတောင့်လုပ် ရောင်းတာလဲရှိတယ်။

 

Ref:
Dr. တင့်ဆွေ
Friday, August 22, 2014

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18