Print

သည်းခြေကျောက်တည်ခြင်း

  24-Feb-2017
Preview Image

 

သည်းခြေဆိုတာ လူတိုင်းမှာရှိပါတယ်။ ဝမ်းဗိုက်ရဲ့ညာဖက် အသည်းရဲ့အောက်ခြေမှာရှိတယ်။ အသည်းရဲ့ အခြေမှာ ရှိတဲ့အိတ်မို့လို့ သည်းခြေအိတ် (gallbladder)လို့ခေါ်ပါတယ်။ သူ့တာဝန်က အသည်းကထွက်လာတဲ့သည်းခြေရည်(bile)တွေကို သိုလှောင်ထားဖို့ပါ။ အသည်းဆိုတာ ခန္ဓာကိုယ်မှာ အကြီးဆုံးပဲ။ အဲဒီကနေ သည်းခြေရည်ဆိုတာ ထုတ်ပေးနေတယ်။ ထွက်လာတဲ့ သည်းခြေရည်က hepatic ductကတဆင့် သည်းခြေအိတ်ထဲရောက်ပြီး သိုလှောင်ထားတယ်။ လိုအပ်တဲ့အခါ common bile ductဆိုတဲ့ ပြွန်မကြီးကတဆင့် အူသိမ်ထဲဝင်ပြီး အဆီကို ခြေဖျက်ပေးပါတယ်။ 

 

အစားအသောက်ထဲမှာပါတဲ့ အဆီကို ခြေဖျက်ဖို့ သည်းခြေရည်လိုအပ်တယ်။ အဆီတခုစားလိုကိတာနဲ့ သည်းခြေအိတ်ထဲမှာ သိုလှောင်ထားတဲ့အရည်က ထွက်လာပြီး အဆီကို ခြေဖျက်ပေးတယ်။ သည်းခြေရည်(bile)ရဲ့ တာဝန်က အသားအသောက်မှာပါတဲ့ အဆီ(fat)ကို ချေဖျက်ဖို့ ဖြစ်ပါတယ်။ သည်းခြေရည်ထဲမှာ ရေဓာတ်၊ကိုလက်စတော(cholesterol)၊ဘီလီရူဘင်(bilirubin) နဲ့ သည်းခြေ ဆားဓာတ်(bile salts)တွေ ပါဝင်တယ်။ ဒီဓာတ်တွေ ပေါင်းစုနေလို့ သည်းခြေရည်က စိမ်းဝါရောင်ရှိတယ်။ အရသာက ခါးသက်သက်ရှိတယ်။ဒီဓာတ်ချို့တဲ့ရင် အစာမကြေ၊ရင်ပြည့်ရင်ကယ်ဖြစ်တတ်တယ်။ 


သည်းခြေအိတ်တခုရဲ့ အရွယ်ဟာ အချင်း ၁လက်မခွဲ၊အရှည် ၃လက်မလောက် ရှိတယ်။ သစ်တော်သီးလို ရှည်မျောမျော ပုံစံရှိတယ်။ ပူဖောင်းကို လေလျှော့ထားတာနဲ့ တူတယ်။ သည်းခြေပြွန်(Common bile duct)က ၆မီလီမီတာ အချင်းရှိပြီး ၆စင်တီမီတာရှည်တယ်။ ဒါ့ကြောင့် ၆မီလီမီတာအောက် အရွယ်ရှိကျောက်တွေဟာ သူဘာသာကျသွားနိုင်တယ်။ ယူကေမှာ စာရင်းတွေအရ လူကြီး ၁ဝယောက်မှာ တယောက်ဟာ သည်းခြေကျောက်ရှိနေပါတယ်။ ဒါပေမယ့် အများစုက ဝေဒနာမခံစားရဘူး။ အဝလွန်သူ၊အဆီများသူ၊အသက်(၄၀)အထက်တွေမှာ ပိုတွေ့ရတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သုံးဆလောက်ပိုဖြစ်တယ်။ ထပ်တွေ့တာက ကလေးမွေးဖူးတဲ့မိခင်တွေဟာ ပိုဖြစိနိုင်တယ်ဆိုတာပါ။ ကလေးမွေးတုန်း ဟော်မုန်းအပြောင်းအလဲက ကိုလက်စတောကို များသွားစေတယ်။ နောက်ပြီး ဗိုက်အဆီပြင်များသူတွေမှာ ပိုတွေ့ရတယ်။ ဝိတ်အမြန်ချတာကလည်း အသည်းက ကိုလက်စတော ပိုထုတ်ရလို့ သည်းခြေကျောက်ကု် ဖြစ်စေနိုင်တယ်။သက်သက်လွတ်စားသူ၊အရက်ကို တော်သင့်ရုံသောက်သူတွေမှာ သည်းခြေကျောက်ရောဂါ အဖြစ်နည်းတာ တွေ့ရတယ်။


သည်းခြေရည်ထဲမှာရှိတဲ့ ကိုလက်စတောက ကြာတဲ့အခါ အနည်ကျ ချိုးကပ်လာရာက သည်းခြေကျောက်ဆိုတာ ဖြစ်လာပါတယ်။ သည်းခြေကျောက်အများစု (၈ဝရာခိုင်နှုန်း)က ကိုလက်စတောကျောက်(cholesterol stone)တွေ ဖြစ်ပါတယ်။ တချို့မှာ ကယ်လ်စီယမ်ကျောက်(calcium stone)လည်း ဖြစ်နိုင်တယ်။ ပေါင်းစပ်ကျောက်(mixed stone)လည်း ရှိဦးမယ်။အရွယ်အစားက ရွေးစေ့ကနေ ဂေါက်သီးလုံးအထိအမျိုးမျိုး ဖြစ်နိုင်တယ်။ အရေအတွက်ကလည်း မတူညီကြဘူး။ကျောက်သေးသေးလေးတွေဖြစ်နိုင်သလို တလုံးတည်း ကျောက်တည်တာလဲ ရှိတယ်။ ပုံမှန်အားဖြင့် သည်းခြေအိတ်ထဲ ကျောက်ရှိတာမျိုးက လူကို ဘာမှဒုက္ခမပေးဘူး။


ဘယ်အချိန်မှာ ကုဖို့လိုလဲသည်းခြေကျောက်က သည်းခြေပြွန်မှာ သွားပိတ်ရင်တော့ လူကို ဒုက္ခပေးလာတယ်။ ကုဖို့လိုပါပြီ။ အရင်ဆုံး လက္ခဏာတွေ ပြလာတယ်။ အစာမကြေတာရှိမယ်။ ဗိုက်ညာဖက်ခြမ်း ချွေးဒီးဒီးကျအောင် နာကျင်ခံစားရတယ်။ နာတာက ဆက်တိုက်နာတာ။ ဗိုက်တပြင်လုံးနာတာလည်း ရှိနိုင်တယ်။ ဒီလက္ခဏာနဲ့ အတူ အဖျားကြီးတာ၊အသားဝါ၊မျက်လုံးဝါ၊ဝမ်းရောင်ဖျော့သွားတာ ရှိတယ်။ သည်းခြေကျောက်က အငြိမ်မနေပဲ အောက်မှာရှိတဲ့ ပန်ကရိယကို သွားပိိတ်ရင် ပန်ကရိယရောင်ဦးမယ်။ အရေးပေါ်ကုသရပါတယ်ပန်ကရိယ(pancreas) ကို မြန်မာတွေက မုန့်ချိုအိတ်လို့ ဘာသာပြန်ပါတယ်။ သရက်ရွက်(spleen)နဲ့ မတူဘူး။ မုန့်ချိုအိတ်ဆိုတာ ဗိုက်ညာဘက်၊သရက်ရွက်က ဘယ်ဖက်မှာရှိတယ်။ သရက်ရွက်(spleen)ကြီးတာကို ဘေလုံးကြီးတာလို့ ခေါ်ပြန်တယ်။


သည်းခြေကျောက်ရှိ၊မရှိ အက်ထရာဆောင်း(ultrasound)ရိုက်ပြီး သိနိုင်တယ်။ လူအများစုက ဆေးစစ်ရင်း အမှတ်မထင်တွေ့တာ။ကံကောင်းတာက လူသုံးယောက်မှာ နှစ်ယောက်ဟာ ဘာလက္ခဏာမှ မပြလို့ ကုသဖို့မလိုအပ်ဘူး။ အကယ်၍ မခံမရပ်နိုင်အောင် ဗိုက်နာလာတဲ့အခြေအနေမျိုးမှာ ကုဖို့လိုတယ်။  အရေးပေါ်အခြေအနေမှာ ခွဲစိတ်ကုသဖို့ထိ လိုတယ်။ နည်းပညာမြင့်လာတော့ keyhole surgeryဆိုတဲ့နည်းနဲ့ ခွဲလာကြတယ်။ ဗိုက်မှာ အပေါက်လေးဖောက် ပြွန်ထိုးပြီး သည်းခြေအိတိကို ဖြတ်ထုတ်ယူရတယ်။ သည်းခြေအိတ်ထုတ် လိုက်တဲ့အတွက် ပြဿနာကြီးကြီးမားမားမရှိပါဘူး။ သည်းခြေရည်တွေကတော့ အစာရှိရှိ၊မရှိရှိ အူထဲကို အဆက်မပြတ်ထွက်နေတာကြောင့် အဆီစားများရင် အစာမကြေ၊ဝမ်းပျက်တာမျိုးခံစားရနိုင်တယ်။ 


သည်းခြေကျောက်တိုင်း ခွဲဖို့မလိုဘူး။ သိပ်မကြီးတဲ့ကျောက်တွေမှာ ပြင်ပကနေ လှိုင်းသုံးပြီး ကျောက်ခြေနိုင်တယ်။ ESWL(extracorporeal shock wave lithotripsy)လို့ခေါ်ပါတယ်။ စွမ်းအင်မြင့် အက်ထရာဆောင်းလှိုင်းကိုသုံးပြီး ကျောက်ခြေတဲ့နည်းပါ။ အရွယ်အစား ၂စင်တီမီတာအောက် တွေမှာ သုံးလို့ရတယ်။ ကောင်းတာက ခွဲစိတ်ဖို့ မလိုဘူး။ အသက်ကြီးသူတွေနဲ့ သင့်တော်တယ်။ တခြားနည်းက ကျောက်ပျော်ဆေး ပေးတာ။ သေးငယ်တဲ့ကိုလက်စတောကျောက်တွေမှာ ursodeoxycholic acid သောက်ဆေးပေးရင် ပျောက်ကင်းနိုင်တယ်။ အရွယ်အစား ၁စင်တီမီတာအောက်မှာ ၃၈ရာခိုင်နှုန်းအောင်မြင်ပြီး ပင်စိမ်းရွက်၊ပရုတ်အေးနဲ့ရောရင် ၅၃ရာခိုင်နှုန်းထိ အောင်မြင်တယ်။ ဆေးကို အနည်းဆုံး (၂)နှစ်လောက် သောက်ပေးရတယ်။ မကောင်းတာက ဆေးဖြတ်ပြီး ပြန်ဖြစ်နိုင်တယ်။ 


ကျောက်ရှိရင် ဘာတွေလုပ်သင့်လဲ တရက်ကို အနည်းဆုံးရေ (၂)လီတာသောက်ပါ။ ဖြစ်စ (၂)ပတ်အတွင်း ရှောင်ရမည့်အစားအစာတွေ ရှိတယ်။ ထောပတ်၊ဒိန်ခဲ၊နွားနို့၊ရေခဲမုန့်၊ဘီစကစ်၊အခွံမာသီး၊အမဲသား၊ဝက်သား၊ဆိတ်သား၊ငါးသေတ္တာတွေ မစားပါနဲ့။ပြန်ကြော်ဆီ၊တိရိစ္ဆာန်ဆီ လုံးဝရှောင်ပါ။ အဆီများတာ၊သကြားဓာတ်ကဲတာတွေ ရှောင်ပါ။နှမ်းဆီ၊မြေပဲဆီ သန့်သန့်ကိုသာ သုံးပါ။ တရက်ကို ဆီလက်ဖက်ရည်တဇွန်းထက် ပိုမစားမိစေနဲ့။အစားအသောက်ထဲမှာ အမျှင်ဓာတ်များပါစေ။ သား၊ငါးတွေ အစား လတ်ဆတ်တဲ့ အသီးအရွက်၊သစ်သီးဝလံကို အဓိကစားသုံးပေးသင့်တယ်။ 

 

အိမ်သုံးနည်းများ
(၁) ပန်းသီးစိမ်းရည်က သည်းခြေကျောက်ကို အရည်ပျော်စေတယ်။ ပထမငါးရက်အတွင်း ပန်းသီးဖျော်ရည် ၄ခွက်(သို့)ပန်းသီးစိမ်း ၄လုံးကို နေ့စဉ် အချိန်မှန် စားရမှာဖြစ်တယ်။ ရေများများသောက်၊အဖတ် တတ်နိုင်သမျှ လျှော့ရမယ်။၆ရက်မြောက်နေ့မှာ ညစာမစားပဲ Epsom salt (ဆားခါး) လက်ဖက်ရည်ဇွန်းတဇွန်းကို ရေနွေးတခွက်နဲ့ ရောသောက်ပါ။ ဆားခါးက သည်းခြေပြွန်ကို ပွင့်စေတယ်။ည(၈)နာရီမှာ နောက်တကြိမ်ဆက်သောက်ပါ။ ည(၁၀)နာရီမှာ သံလွင်ဆီ ခွက်တဝက်စာကို ရှောက်ရည်ခွက် တဝက်နဲ့ရောပြီး သောက်ရမှာ ဖြစ်ပါတယ်။ သံလွင်ဆီက ကျောက်ထွက်တဲ့လမ်းကြောင်းကို ချောမွေ့စေတယ်။ ဒါပေမယ့် ဒီနည်းသုံးတဲ့အခါ ဝမ်းလွယ်သူ၊ဆားခါးမတဲ့သူတွေ သတိထားရမယ်။ သုံးစွဲသူအချို့က နောက်ရက်မှာ ဝမ်းနဲ့အတူ အစိမ်းရောင်ကျောက်တွေ ပါလာတာ တွေ့ရသတဲ့။ 


(၂) နောက်တနည်းက သည်းခြေနေရာကို ကြက်ဆူဆီအဝတ် တင်ပေးရတာပါ။ ကြက်ဆူဆီကို ဒယ်အိုးတလုံးနဲ့ အပူပေး၊ ပြီးရင် သန့်တဲ့အဝတ်စတခုကို ယူပြီး ကြက်ဆူဆီထဲစိမ်ပါ။ စိမ်ထားတဲ့ အဝတ်ကို ဝမ်းဗိုက်ညာဖက်ခြမ်းမှာ တင်ထားပါ။ အဝတ်စပေါ် ပလတ်စတစ်တထပ်အုပ်ပြီး ရေနွေးအိတ်ကပ်ပေးပါ။အပူလျှော့သွားတိုင်း အသစ်လဲပါ။ ဒီအတိုင်း နာရီဝက်လောက် ကပ်ပေးထားရမှာဖြစ်ပါတယ်။ ဒီလိုနေ့စဉ်လုပ်ပြီး (၃)ပတ်လောက်အကြာ ကောင်းသွားတဲ့လူနာတွေလည်း ရှိတယ်။ 


(၃) သည်းခြေကျောက်ပျော်နည်းအများစုမှာ သံလွင်ဆီကို သုံးတာတွေ့တယ်။ တချို့က ပန်းသီးဖျော်ရည်၊ရှောက်သီးဖျော်ရည်နဲ့ ရောသောက်တယ်။ အနောက်နိုင်ငံတွေမှာ apple cigar vinegarကို နေ့စဉ် နည်းနည်းစီသောက်ခိုင်းတယ်။ဝိုင်သောက်တာလည်း ကောင်းသတဲ့။East Anglia တက္ကသိုလ်က လူပေါင်း ၂၅၆၃၉ ယောက်ကို ၁ဝနှစ်ကြာလေ့လာတဲ့အခါ ဝိုင် ၂ယူနစ် နေ့စဉ်သောက်သုံးသူဟာ သည်းခြေကျောက်ဖြစ်နိုင်ချေ သုံးပုံတပုံထိ ကျဆင်းစေတယ်။ ဝိုင် ခွက်သေး တဝက်စာကို နေ့စဉ်သောက်သုံးခြင်းက ကျောက်မဖြစ်အောင်ကာကွယ်ပေးနိုင်သလို ခံစားရသူ ၄ဝရာခိုင်နှုန်း သက်သာစေတယ်။


(၄) သည်းခြေသမား သစ်တော်သီး စားဖို့ အကြံပြုပါတယ်။ သစ်တော်သီးမှာပါတဲ့ pectinဓာတ်က သည်းခြေကျောက်ကို ပျော့သွားစေတယ်။ သစ်တော်သီးအရည် ခွက်တဝက်စာကို ရေနွေးနဲ့ရောပါ။ ပျားရည် ထမင်းစားဇွန်း(၂)ဇွန်း ရောပြီး တနေ့သုံးကြိမ်သောက်ပါ။ အခွံခွာ၊ပါးပါးလှီးပြီး ရေနဲ့ မိနစ်(၂၀)ခန့် ပြတ်ပြီး ပန်းကန်လုံးတလုံးစာ တနေ့နှစ်ကြိမ် (၂)ပတ်သောက်လို့လည်း ရတာပဲ။ 


(၅) Psyllium ဆိုတာ အမျှင်ပါတဲ့ ဝမ်းပျော့ဆေးတမျိုးပါ။အူလမ်းကြောင်းကို သန့်စင်စေပြီး ကိုလက်စတောကို ချပေးတယ်။ သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ပေးတယ်။ Psylliumအထုပ်ကို ရေများများနဲ့ဖျော်၊တနေ့(၂)ကြိမ်သောက်ရင် ကျောက်ပျော်စေသတဲ့။နနွင်းထည့်ရင် သည်းခြေရည်ရဲ့ပျော်ဝင်မှုကို အားကောင်းစေတယ်။


(၆) Milk thistleဆိုတာ အသည်းရောဂါတွေမှာသုံးတယ်။ ဒီထဲမှာပါတဲ့ silymarinဓာတ်က ခါးသက်သက်အရသာရှိတယ်။ သည်းခြေရည်ကို ပိုထုတ်လုပ်ပေးလို့ သည်းခြေကျောက်တွေ ကျသွားနိုင်တယ်။milk thistleအစေ့ တဇွနိးစာကို ကြိတ်၊ရလာတာကို ရေနဲ့ရော အပူပေးပြီး မိနစ်(၂၀)နပ်ထား၊အရသာကောင်းအောင် ပျားရည်တဇွန်းထည့် တနေ့(၂)ကြိမ်သောက် ရင် သည်းခြေကျောက်ကျစေတယ်။ အသည်းအားဆေးတွေထဲမှာ ပါတဲ့ phosphatidylcholine 100mg တနေ့သုံးကြိမ်သောက်လို့လည်း ရတယ်။


(၇) အသည်းအဆီဖုံးသူတွေ ရှောက်ရည်နေ့စဉ်သောက်ပေးပါ။ ရှောက်သီးမှာပါတဲ့ ဗီတာမင်စီက ကိုလက်စတောကို ရေထဲမှာ ပျော်ဝင်စေမယ်။အသညး်မှာရှိတဲ့ ကိုလက်စတောတွေကို ကျဆင်းစေတယ်။ ရှောက်သီးကို အခွံမခွာ၊သကြားမထည့်ပဲ အစိမ်းလိုက်ဝါးစားနိုင်တယ်။ နောက်တနည်းက ရှောက်ရည်ထမင်းစားဇွန်း (၄)ဇွန်းကို ရေတဖန်ခွက်နဲ့ရောပြီး မနက်အိပ်ရာထ အစာမရှိခင်သောက်ပါ။ (၆)လနေတဲ့အခါ ဓာတ်မှန်ရိုက်ကြည့်ပါ။ အသည်းအဆီဖုံးတာ သိသိသာသာသက်သာလာလိမ့်မယ်။ 

 

Ref:ဒေါက်တာ အေးမင်းထူး
ကျန်းမာရေးဆောင်းပါးများ
Wednesday, May 20, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18