Print

ခဲသောပခုံးရေခဲတုံး

  25-Feb-2017
Preview Image

 

ပခုံးဆစ်လှုပ်၍ မရသော် ကာယကံရှင်လူနာကိုယ်တိုင်က သတိထားမိသည်မှာ လက်ကြီးမြှောက်မရခြင်းသာ ဖြစ်၏။ ထို့ကြောင့် ဆေးခန်းလာလျှင် လက်ကပ်နေ၍ဟု သာ ပြောကြလေ့ရှိသည်။ အတော်အတန် ပြောတတ်ကြသူကမူ “ပခုံးနေရာကနေ လက်ကြီးကပ်သွားတာ” ဟု ပြောတတ်ကြပါသည်။  အဆစ်တွင်ဖြစ်သော ပြဿ နာမို့ အဆစ်နာစာရင်း၌ ထည့်သွင်းလိုပါက သွင်းနိုင်သော်လည်း သူက အခြားအဆစ်နာများလို အဆစ်တွင်းကို မထိခိုက်ပါ။ ထို့ကြောင့်လည်း သူ့ကို အဆစ်ရောင်နာ Arthritis ဟု အနောက်တိုင်းသားများက မပြောပါ။ အဆစ်ကို ရှေ့၊ နောက်၊ အထက်၊ အောက်မှ မံထားသော အရွတ်အိတ်တွင်သာ ပြဿ နာရှိတာပါဟု ဆိုသည်။ ထိုအဆစ်အိမ်ကို ဂျွိုင်းကက်ပဆူး Joint capsule ဟု ခေါ်၏။ 

 

ကက်ပဆူးရောင်ခြင်း (Capsulitis) မှာ ရိုးရိုးမရောင်ဘဲ ဆန်းဆန်းရောင်၏။ အများတကာကဲ့သို့ ဖောင်းကားကားမရောင်၊ ကျုံ့ကပ်ကပ်ရောင်၏။ ပခုံးနာပြီး ကပ်နေတိုင်းလည်း ဖရိုးဇင်း (ခဲ) ပြီချည်း မလုပ်ပါနှင့်။ အခြားအဆစ်ရောင်နာတွေမှာလည်း နာတာကပ်တာရှိသည် ဟုဆိုသည်။ ရေခဲတုံးပခုံး Frozen Shoulder လို့ပြောနိုင်ရန် အချက်နှစ်ချက်နှင့် ပြည့်စုံရမည်။ ပထမအချက်။ ဓာတ်မှန်ရိုက်ကြည့်လျှင် အကောင်းချည်း ဖြစ်နေရမည်။ အရိုး၊ အဆစ်စားနေ၊ ပျက်နေတာတွေ မရှိရ။ ဒုတိယအချက်။ သူ့ရောဂါသဘာဝအဆင့် သုံးဆင့်ရှိရာမှ တစ်ဆင့်ချင်း သွားနေရမည်။ အဆင့် ၁ မှာ နာရမည်။ အဆင့် ၂ မှာ အနာသက်သာပြီး ကပ်ရမည်။ အဆင့် ၃ မှာ တဖြည်းဖြည်း သက်သာလာရမည်။ ဤသို့ တစ်ဆင့်ပြီးတစ်ဆင့် ချီတက်မှသာ Frozen Shoulder အစစ်အမှန်ဘဝသို့ ရောက်ရှိပေ လိမ့်မည်ဟု ဆိုသည်။ 

 

မတ်တပ်အနေအထားဖြင့် လက်ကိုဆန့်တန်း၍ အနေတော် ဆုပ်ကိုင်၍ရသောတိုင်၊ တိုင်မရှိလျှင် ဖွင့်ထားသော တံခါးရွက်ပေါင်ကို ကိုင်ပါ။ လက်အမြှောက်နိုင်ဆုံးအထိ တဖြည်းဖြည်းရွေ့၍ ကိုင်ပါ။ အနည်းငယ် အနာခံပြီး တရွေ့ရွေ့အပေါ်တက်နိုင်အောင် ကြိုးစားပါ။ ယနေ့အတွက် အမြင့်ဆုံးကိုင်နိုင်သည့် နေရာကိုတိုင်တွင် မြေဖြူခဲ (သို့) အိုးမည်းတုံးဖြင့် မှတ်ထားပါ။ နောက်နေ့တွင် သည်ထက်မြင့်မြင့် မှတ်သားနိုင်ရန် ကြိုးစားခိုင်းရမည်။ ထိုသို့ဖြင့် ကပ်နေသောလက်ကို တဖြည်းဖြည်းမြှောက်နိုင်လာပေမည်။ ဤလိုမျိုးကို မျက်နှာချင်းဆိုင် ရှေ့တည့်တည့် အနေအထားနှင့်လည်းလုပ်၊ ဘေး တိုက်လည်းကျင့်ရသည်။ လက်ဖျား၏ ထိန်းအားကိုသာ အသုံးပြု၍ ပခုံးပေါ်မှာ ဒဏ်မကျပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအောင်ကျော်မြင့်
Health for all magazine, No.107, December 2015, Pg. 97-99

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18