အမျိုးသမီးများအတွက် မိမိကိုယ်တိုင်ပြုလုပ်နိုင်သော ကျန်းမာရေးစစ်ဆေးခြင်...
01-Mar-2017- ကျန်းမာစွာနေထိုင်နိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ဆရာဝန်နှင့် ပုံမှန်စစ်ဆေးမှုခံယူပြီးသံသယဖြစ်ဖွယ်ရောဂါလက္ခဏာများအကြောင်း ဆွေးနွေးတိုင်ပင်ခြင်းပင်ဖြစ်သည်။ သို့ရာတွင် မိမိကိုယ်တိုင်ပြုလုပ်နိုင်သော ကျန်းမာရေးစစ်ဆေးခြင်းများလည်း ရှိနေပေသေးသည်။ ကိုယ်တိုင် စစ်ဆေးခြင်းများကပင် အချို့ရောဂါများ (ဥပမာ - ရင်သားကင်ဆာ) အတွက် သတိပြုဖွယ်ရာများဖြစ်လာပြီး အသက်အန္တရာယ်မှပငလွတ်မြောက်နိုင်ပါသည်။
(၁) ရင်သားစမ်းသပ်ခြင်း
- မိမိရင်သားကို မိမိဘာသာမှန်မှန်စမ်းသပ်ကြည့်ခြင်းဖြင့် တစုံတရာထူးခြားမှုရှိပါက ဆရာဝန်နှင့်ချက်ချင်းတိုင်ပင်နိုင်ပါသည်။
- ပထမဦးစွာ အပေါ်ပိုင်းဗလာကျင်း၍ ရင်သားတွင်အချိုင့်ရာ ရှိ/မရှိ၊ နီမြန်းခြင်း ရှိ/မရှိ ၊ နို့သီးခေါင်း အနေအထားအပြင် ရင်သားနှစ်ဖက်လုံးတွင် ထူးခြားမှုတစ်စုံတစ်ရာ ရှိ/မရှိကို သေချာစွာစစ်ဆေးပါ။
- ထို့နောက်တွင်လှဲချ၍ သင်၏ ညာဘက်လက်မောင်းကို ဦးခေါင်းကိုကျော်၍ မြှောက်ပါ။ ဘယ်ဘက်လက်ညှိုး၊ လက်ခလယ်နှင့် လက်သန်းကြွယ်တို့ကို အသုံးပြု၍ ညာဘက် ရင်သားကိုဂျိုင်းအောက်မှစ၍ စမ်းသပ်ပါ။ အခြားတစ်ဖက်ကိုလည်း ဤကဲ့သို့ပင်ပြုလုပ်ပါ။
(၂) ခုခံအားကျဆင်းမှုကူးစက်ရောဂါ ရှိ/မရှိ စစ်ဆေးခြင်း
- ခုခံအားကျဆင်းစေသော ဗိုင်းရပ်စ် (HIV)သည် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ဖြစ်စေနိုင်သော ပိုးဖြစ်သောကြောင့် ၎င်းပိုးရှိ/မရှိ စစ်ဆေးရန်မှာ အရေးကြီးလှပါသည်။
(၃) နှလုံးခုန်နှုန်းကိုစစ်ဆေးခြင်း
- နှလုံးရောဂါသည် အမျိုးသမီး ကျန်းမာရေးပြဿ နာတွင် အဆိုးရွားဆုံးတစ်ခုအပါ အဝင်ဖြစ်ပြီး အမျိုးသမီးများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ဆုံးရောဂါ အဖြစ် သတ်မှတ်ထားပါသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် မိမိနှလုံးခုန်နှုန်းကို မိမိဘာသာအမြဲမပြတ် စမ်းသပ်စစ်ဆေးခြင်းဖြင့် ၎င်းအန္တရာယ်များကို ကြိုတင်ရှောင် ရှားနိုင်ပါသည်။
- သင်၏သွေးခုန်နှုန်းကို စမ်းသပ်ရန်လက်ညှိုးနှင့် လက်ခလယ်ကို လက်မအောက်ဘက်ရှိ အတွင်းဘက်လက်ကောက်ဝတ်ပေါ်သို့တင်ပါ။ သွေးခုန်နှုန်းကို တစ်မိနစ်ပြည့်အောင်ရေ တွက်ပါ။ ပုံမှန်အရွယ်ရောက်ပြီးသူတစ်ယောက်သည် တစ်မိနစ်လျှင် နှလုံးခုန်နှုန်း (၆၀) မှ (၁၀၀) ကြားရှိလေ့ရှိသည်။ အလွန်မြန်နေခြင်း (သို့) အလွန်နှေးနေခြင်းအပြင် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာခံစားရပါက ဆရာဝန်နှင့်ချက်ချင်းသွားရောက်ပြသပါ။
(၄) ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို စမ်းသပ်ခြင်း
- ဆီးလမ်းကြောင်းအတွင်းသို့ မကြာခဏပိုးဝင်ဖူးသူတစ်ဦးသည် ၎င်းရောဂါလက္ခဏာများ (ဆီးသွားရန်ခက်ခဲခြင်း၊ ဆီးပူခြင်း) နှင့် အကျွမ်းတဝင်ရှိနေပေလိမ့်မည်။ ဆီးလမ်းကြောင်း ပိုးဝင်သည်ဟု သံသယရှိပါက ဆီးစစ်ဆေးခြင်းကိရိယာကို ဆေးဆိုင်မှ အလွယ်တကူ ဝယ်ယူ၍ စစ်ဆေးနိုင်ပါသည်။
- ဆေးစစ်ချက်အဖြေတွင် ပိုးတွေ့ပါက ပဋိဆေးဝါးများသောက်သုံးရန် ဆရာဝန်၏ အကြံဉာဏ်ကိုရယူပါ။ မကုသဘဲထားပါက ရောဂါပိုးသည် ကျောက်ကပ်ထိရောက် သွားနိုင်ပြီး အခြေအနေပိုမို ဆိုးရွားနိုင်ပါသည်။ ဆေးစစ်ချက်အဖြေတွင် ရောဂါပိုး မရှိဟုပြသသော်ငြားလည်း ရောဂါဝေဒနာခံစားနေရပါက ဆရာဝန်နှင့်ပြသသည်မှာ အကောင်းဆုံးဖြစ်သည်။
(၅) သားဥကြွေခြင်း ရှိ/မရှိစစ်ဆေးခြင်း
- အိမ်တွင်စစ်ဆေးနိုင်သော ကျန်းမာရေးစစ်ဆေးမှုများတွင် ရောဂါများကိုစောလျင်စွာ သိစေနိုင်ရုံသာမက မျိုးဥကြွေခြင်းရှိ/မရှိကို စစ်ဆေးခြင်းဖြင့် ကိုယ်ဝန်ရနိုင်ရန် အခွင့် အလမ်းကိုမြင့်မားစေနိုင်ပါသည်။ ဤဆီးစစ်ကိရိယာသည် ဆီးအတွင်း၌ဟော်မုန်းမြင့် တက်နေခြင်းရှိ/မရှိကို စစ်ဆေးပေးခြင်းဖြင့် အမမျိုးဥအိမ်မှ သားဥများထုတ်နေခြင်းရှိ/မရှိကို သိစေနိုင်ပါသည်။
- သတိပြုရန်မှာ သင်သည် (၂၈) ရက်တစ်ကြိမ် ရာသီလာတတ်ပါက ပထမဆုံးရာသီလာသည့်ရက်မှ စတင်ရေတွက်ပြီး (၁၁) ရက်မြောက်နေ့တွင် စစ်ဆေးပါ။အခြားသူများအတွက်မူ၎င်းဆေးစစ်ကိရိယာပါ ညွှန်ကြားချက်အတိုင်းလိုက်နာပါ။ အဖြေသည် အပေါင်းဟုဆိုပါက (၂၄)နာရီမှ (၃၆) နာရီအတွင်း သားဥကြွေရန် အလားအလာများသည်ဟုဆိုလိုပါသည်။
(၆) ကိုယ်ဝန်ရှိ/မရှိ စစ်ဆေးခြင်း
- ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးနိုင်သော ပစ္စည်းကို ဆေးဆိုင်တော်တော်များများတွင် ဝယ်ယူ ရရှိနိုင်ပြီး မှန်ကန်စွာအသုံးပြုတတ်ပါက တိတိကျကျအဖြေထွက်နိုင်ပါသည်။ ဆီးထဲတွင် ကိုယ်ဝန်ဆောင်ဟော်မုန်း ရှိ/မရှိ ကို စစ်ဆေးခြင်းဖြစ်သဖြင့် တစ်ပတ်ကျော်ကြာသည်အထိ ရာသီမလာပါမှ စစ်ဆေးသင့်ပါသည်။
- ကိုယ်ဝန်ရှိသည်ဟုတွေ့ရှိရပါက ဆရာဝန်နှင့်ပြသ၍ ကိုယ်ဝန်မရှိဟုညွှန်ပြနေပါက နောက် ရက်အနည်းငယ်ကြာလျှင် နောက်တစ်ကြိမ်ပြန်လည်စစ်ဆေးနိုင်ပါသည်။ ဆရာဝန်နှင့်ပြ သ၍ အခြားကိုယ်ဝန် ရှိ/မရှိ စစ်ဆေးခြင်း နည်းလမ်းအချို့ကိုလည်း ပြုလုပ်နိုင်ပါသည်။
(၇) မှဲ့ကင်ဆာဟုတ်/မဟုတ်စစ်ဆေးခြင်း
- မိမိခန္ဓာကိုယ်ပေါ်ရှိ မှဲ့ (သို့) အစက်အပြောက်များပြောင်းလဲလာခြင်း၊ ကြီးလာခြင်းနှင့် သွေး ထွက်ခြင်းများတွေ့ရှိရပါက အရေပြားအထူးကုဆရာဝန်နှင့် သွားရောက်တိုင်ပင်၍ အရေပြားကင်ဆာဟုတ်/မဟုတ် ကို စစ်ဆေးနိုင်ပါသည်။ အရေပြားကင်ဆာအမျိုးအစားတော်တော်များများသည် စောစီးစွာသိရှိပါက ပျောက်ကင်းအောင် ကုသနိုင်ပါသည်။
Dr. Thinzar Wynn