Print

သန့်ရှင်းရေးလုပ်သင့်သည့် အခြေအနေများ (၁)

  01-Mar-2017
Preview Image

သန့်ရှင်းရေးပြုလုပ်မယ့်အကြောင်းကို သင်သိစရာမလိုတော့ဘူးလို့ ထင်နေပါသလား။ သန့်ရှင်းရေးနှင့် ပတ်သက်လာရင် နေ့စဉ်နေ့စဉ် ရေချိုးတာ၊ သွားနှစ်ကြိမ်တိုက်တာ၊ အစာမစားခင် လက်ဆေးတာ၊ အိမ်သာသွားပြီးတိုင်း လက်ဆေးတာလိုမျိုး တစ်ကိုယ်ရေသန့်ရှင်းရေးတွေ ပြုလုပ်ရမယ်ဆိုတာကိုတော့ သင်သိလောက်ပါပြီ။ အိမ်သန့်ရှင်းရေး ပတ်ဝန်းကျင်သန့်ရှင်းရေးတွေ အတွက်လိုမျိုး နေ့စဉ်ပြုလုပ်ရတဲ့ လုပ်ငန်းဆောင်တာတွေဟာလည်း သင့်အတွက် အကျင့်တစ်ခုလို ဖြစ်နေလောက်ပါပြီ။

 


ဒါပေမဲ့ သင်ဟာ မီးဖိုချောင်ထဲက လက်ဆေးခွက်ဟာ ရေချိုးခန်း အိမ်သာတွေထက် ပိုမိုညစ်ပတ်တယ်ဆိုတာတော့ မသိသေးလောက်ဘူးနဲ့ တူပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ သင့်အိမ်ရဲ့ အစိတ်အပိုင်းတချို့ကို သန့်ရှင်းရေးလုပ်ရုံနှင့် ကင်ဆာဖြစ်နိုင်ခြေ လျော့ သွားကာ ပိုမိုပျော်ရွှင်နိုင်တယ် ဆိုတာကို သင်သိပါရဲ့လား။ အောက်ပါတွေဟာ သင်သန့်ရှင်းဖို့ လိုအပ်တယ်လို့ မသိထားသေးတဲ့ အရာတွေပါ။

 

သင့်အိပ်ရာကိုသန့်ရှင်းပါ
သင့်မွေ့ရာဟာ သင့်အိမ်အတွင်းမှာ လျစ်လျူရှုခံရဆုံးပစ္စည်းဖြစ်ပါတယ်။ မွေ့ရာအတွင်းမှ ဖုန်ပိုးတွေဟာ ဓာတ်မတည့်မှုနှင့် ပန်းနာထအောင် လှုံ့ဆော်နိုင်ပါတယ်။ အိပ်ရာခင်းလျှော်တိုင်း မွေ့ရာကို ဖုန်စုပ်စက်နှင့် သန့်ရှင်းရေးလုပ်ပါ။ မွေ့ရာရဲ့ အောက် ဘက်အခြမ်းကိုပါ ဖုန်စုပ်ပေးရပါမယ်။

 

အဝတ်လျှော်စက်အတွင်းက စည်ပိုင်းကို သန့်ရှင်းရေးလုပ်ပါ။
အဝတ်လျှော်စက်ထဲက အဝတ်ထည့်တဲ့စည်တွေထဲမှာ အီးကိုလိုင် (E.coli) ဘက်တီးရီးယားတွေ တွေ့ရှိတတ်တယ်လို့ အရီဇိုးနားတက္ကသိုလ်က ပါမောက္ခက ဆိုပါတယ်။ အဝတ်လျှော်စက်ထဲ မျက်နှာသုတ်ပဝါ ဒါမှမဟုတ် အတွင်းခံတွေပါ ထည့်လျှော်မယ်ဆိုရင် အဲဒီအထည်တွေက ပိုးမွှားတွေဟာ တခြားအထည်တွေကိုပါ ကူးစက်သွားနိုင်ပါတယ်။ ရောဂါကူးစက်မှုနည်းအောင် မျက်နှာသုတ်ပဝါ ဒါမှမဟုတ် အတွင်းခံပစ္စည်းတွေကို နောက်ဆုံးမှ သီးသန့်လျှော်ရမယ်လို့ အကြံပေးထားပါတယ်။ ဒါ့အပြင် အဝတ်လျှော်စက်အတွင်း ခိုအောင်းနေတဲ့ ပိုးပွှားတွေ ကင်းစင်အောင် တစ်လတစ်ကြိမ် ဓာတုဗေဒပစ္စည်းတွေနဲ့ အဝတ်လျှော်စက်ထဲက အဝတ်ထည့်ကန်ကို သန့်ရှင်းရေး လုပ်ပေးပါ။

 

သင့်ချက်ကို သန့်ရှင်းလုပ်ပါ
ကျွန်မတို့ရဲ့ ချက်ထဲမှာ ဘက်တီးရီးယားမျိုးပေါင်း(၄၀၀၀) ကျော်ခန့် နေထိုင်တယ် လို့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ ဒါပေမဲ့ ဒီဘက်တီးရီးယားတွေထဲမှာ လူ့အကျိုးပြု ဘက်တီးရီးယားတွေထက် မကောင်းတဲ့ ဘက်တီးရီးယား ပိုမိုပါဝင်တယ်လို့ လေ့လာ သူတွေက ဆိုပါတယ်။ သင်ရဲ့ချက်ထဲမှာရှိတဲ့ ကြေးတွေက သင့်ကို မနှစ်မြို့စရာဖြစ်နေ မယ်ဆိုရင် သင့်ချက်ကို တစ်ပတ်သုံးကြိမ် သန့်ရှင်းရေးလုပ်ပေးပါ။

 

ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်းမှ မီးခလုတ်တွေကို ကိုင်ပြီးတိုင်းလက်ဆေးပါ။
တည်းခိုခန်းထဲမှ မီးခလုတ်တွေဟာ မစင်မှ ဘက်တီးရီးယားပိုး အပါအဝင် ပိုးမွှားတွေ အများဆုံး စုဝေးရာနေရာဖြစ်တယ်လို့ ဟူစတန်တက္ကသိုလ်မှာ လေ့လာမှုအသစ်အရ သိရပါတယ်။ ဒီလိုပြောလိုက်တာကြောင့် သင့်အားလပ်ရက်၊ ရုံးပိတ်ရက်တွေမှာ ခရီးထွက်တိုင်း ရော်ဘာလက်အိတ်တွေ ယူဆောင်သွားရမယ်လို့ မဆိုလိုပါဘူး။ ပိုးသတ်ဆေး (Antiseptic) စွပ်ထားတဲ့အဝတ်နဲ့ မီးခလုတ်တွေကို သုတ်ပေးပါ။ တီဗီရီမုတ်တွေဟာလည်း ပိုးမွှားတွေ အများဆုံးနေတဲ့ ဒုတိယနေရာပါ။

 

Credit:
ဒေါက်တာခင်မိုးမိုး


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18