သန့်ရှင်းရေးလုပ်သင့်သည့် အခြေအနေများ (၂)
01-Mar-2017သန့်ရှင်းရေးပြုလုပ်မယ့်အကြောင်းကို သင်သိစရာမလိုတော့ဘူးလို့ ထင်နေပါသလား။ သန့်ရှင်းရေးနှင့် ပတ်သက်လာရင် နေ့စဉ်နေ့စဉ် ရေချိုးတာ၊ သွားနှစ်ကြိမ်တိုက်တာ၊ အစာမစားခင် လက်ဆေးတာ၊ အိမ်သာသွားပြီးတိုင်း လက်ဆေးတာလိုမျိုး တစ်ကိုယ်ရေ သန့်ရှင်းရေးတွေ ပြုလုပ်ရမယ်ဆိုတာကိုတော့ သင်သိလောက်ပါပြီ။ အိမ်သန့်ရှင်းရေး ပတ်ဝန်းကျင်သန့်ရှင်းရေးတွေ အတွက်လိုမျိုး နေ့စဉ်ပြုလုပ်ရတဲ့ လုပ်ငန်းဆောင်တာတွေဟာလည်း သင့်အတွက် အကျင့်တစ်ခုလို ဖြစ်နေလောက်ပါပြီ။
ဒါပေမဲ့ သင်ဟာ မီးဖိုချောင်ထဲက လက်ဆေးခွက်ဟာ ရေချိုးခန်း အိမ်သာတွေထက် ပိုမိုညစ်ပတ်တယ်ဆိုတာတော့ မသိသေးလောက်ဘူးနဲ့ တူပါတယ်။ သင့်ခနွာကိုယ်နဲ့ သင့်အိမ်ရဲ့ အစိတ်အပိုင်းတချို့ကို သန့်ရှင်းရေးလုပ်ရုံနှင့် ကင်ဆာဖြစ်နိုင်ခြေ လျော့သွားကာ ပိုမိုပျော်ရွှင်နိုင်တယ် ဆိုတာကို သင်သိပါရဲ့လား။ အောက်ပါအချက်တွေဟာ သင်သန့်ရှင်းဖို့ လိုအပ်တယ်လို့ မသိလောက်သေးတဲ့ အရာတွေပါ။
ရေကူးကန်ထဲမသွားခင် သင့်ခနွာကိုယ်ကို သန့်ရှင်းပါ။
ရေကူးကန်ထဲ မသွားခင် ရေချိုးရတယ်ဆိုတာ ရေကူးကန်တွေရဲ့ စည်းကမ်းတင် မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်းအရေးကြီးပါတယ်။ ရေကူးကန်ထဲကရေတွေမှာ ပါဝင်တတ်တဲ့ ကလိုရင်းဟာ သင့်အရေပြားပေါ်က မိတ်ကပ်၊ အလှပြင်ပစ္စည်းတွေ ဒါမှမဟုတ် ချွေးတွေနဲ့ ထိတွေ့ရာမှာ Disinfection by products (DBPs) ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ထွက်လာပါတယ်။ DBPs ဟာ DNA ကို ဖျက်ဆီးနိုင်တဲ့အတွက် ကင်ဆာဖြစ်ပေါ်တာနဲ့ ဆက်စပ်မှုရှိတယ်လို့ စပိန်မှ သုတေသီတွေက တွေ့ရှိထားပါတယ်။ ဒီလို ဇီဝပြောင်းလဲမှုဖြစ်စဉ်ကို သေချာနားလည် ဖို့၊ လေ့လာမှုတွေပြုလုပ်ဖို့ ထပ်မံလိုအပ်သေးတယ်လို့ ဆိုပါတယ်။ ရေမကူးခင် ရေချိုး တာကြောင့် ခနွာကိုယ်မှ ချွေးနဲ့ အလှကုန်ပစ္စည်းတွေကို ဖယ်ရှားနိုင်တဲ့ အတွက် ရေကူးကန်နဲ့ DBPs တွေ ထွက်ရှိမှု လျော့ကျသွားနိုင်တယ်လို့ ဆိုပါတယ်။
ဖုန်စုပ်စက်အတွင်းက အမှိုက်ကန်ကို သန့်ရှင်းပါ
ဖုန်စုပ်စက်အတွင်းနေရာမှာ ဆယ်မွန်နဲလား(salmonella) အပါအဝင် ဘက်တီးရီးယားတွေ ပေါက်ဖွားတတ်တယ်လို့ ဗြိတိန်မှ သုတေသီတွေက
တွေ့ရှိထားပါတယ်။ ဖုန်စုပ်စက်အတွင်း လေတွေဝင်ရောက်တာကြောင့်လေမှတစ်ဆင့် ရောဂါ ကူးစက်နိုင်ပါတယ်။ ဆန်ခါစစ်မပါတဲ့ ဒါမှမဟုတ် ဆန်ခါစစ် ပျက်စီးနေတာကြောင့် လေစိမ့်ထွက်နေတဲ့ ဖုန်စုပ်စက်မှာ ပြဿနာအများဆုံးပေးနိုင်ပါတယ်။ ဖုန်စုပ်စက်ကို အသုံးပြုပြီးတိုင်း အမှိုက်ကန်ကို သန့်ရှင်းရေးပြုလုပ်ပါ။
ရေချိုးပြီးတိုင်း ဒါမှမဟုတ် ရေကူးပြီးတိုင်း မျက်ကပ်မှန်ကို သန့်ရှင်းရေးပြုလုပ်ပေးပါ။
မျက်ကပ်မှန်ဟာ ရေနဲ့ထိတွေ့တာကြောင့် ရေထဲမှ အမီးဗား(amoeba)ပိုးလေးတွေက မျက်ကပ်မှန်မှာ တွယ်ကပ်နေတတ်ပြီး မျက်စိထဲ ရောဂါပိုး ဝင်ရောက်တတ်ပါတယ်။ရောဂါဖြစ်နှုန်းကနည်းပါတယ်။ မျက်ကပ်မှန်တပ်သူ ၁၀ သိန်းမှာ ၁ ဒသမ ၅ ယောက်သာ ဖြစ်ပေါ်တတ်ပေမယ့် ရောဂါဖြစ်ရင် အမြင်အာရုံကွယ်တတ်ပါတယ်။ အကောင်းဆုံးကတော့ ရေချိုးတာ၊ ရေကူးတာတွေ ပြုလုပ်စဉ်မှာ မျက်ကပ်မှန် မတပ်ဖို့ပါပဲ။ ဒါမှမဟုတ်ရင် Hydrogen Peroxide ပါတဲ့ မျက်ကပ်မှန် ဆေးရည်ကို အသုံးပြုပါ။ ဒီမျက်ကပ်မှန်ဆေးရည်ဟာ ပိုးကို ထိရောက်စွာ တွန်းလှန်နိုင်ပါတယ်။ ဒါပေမဲ့ မျက်ကပ်မှန်တိုင်းနဲ့တော့ သင့်တော်မှုမရှိပါဘူး။
Credit:
ဒေါက်တာခင်မိုးမိုး