Print

ကျန်းမာရေးအတွက် အားရပါးရရယ်ကြစို့

  01-Mar-2017
Preview Image

ကျန်းမာရေးကောင်းမွန်စေရန်အတွက် ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ အဆီအဆိမ့်များသော အစားအစာများကို ရှောင်ကြဉ်ခြင်းတို့ကို ဆောင်ရွက်သည့်နည်းတူ ကိုယ်စိတ်နှစ်ပါး ပြုံးပျော်ရွှင်မြူးစေမည့် ဟာသရုပ်ရှင်၊ကာတွန်း၊ ပြက်လုံးတို့ကိုကြည့်ရှုနားသောတဆင်ခြင်းအားဖြင့် ကျန်းမာရေးကို အထောက်အကူပြုစေကြောင်းဆေးသုတေသနပြုချက်များအရ သိရှိရသည်။ အကုန်အကျမများလှသော ဟာသကုထုံးများဖြင့် ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေသည့်နိုင်ငံတကာမှ လေ့လာတွေ့ရှိချက်များကို ဗဟုသုတအဖြစ် ဖော်ပြအပ်ပါသည်။

 

(၁) ဆေးဖက်ဝင်သောဟာသ
အားရပါးရရယ်မောခြင်းကို လူတိုင်းက နှစ်သက်သဘောကျသော်လည်း ထိုကဲ့သို့ ရယ်မောရခြင်းကြောင့် ဆေးဖက်ဝင်သည်ကို သိရှိသူနည်းပါးကြသည်။ ဟာသသည် ဓာတ်မတည့်မှု (Allergy) ကြောင့်ခံစားရသော ဝေဒနာများကို လျော့ပါးသက်သာစေခြင်း၊ ခနွာကိုယ်၏ ခုခံမှုစနစ် ပိုမိုအားကောင်းစေခြင်း၊ လေဖြတ်ခြင်း၊ ပြင်းထန်သောနှလုံးဝေဒနာခံစားရမှုတို့ကို သက်သာစေခြင်းနှင့် ဆီးချိုဝေဒနာရှင်များအတွက်
သွေးအတွင်းသကြားပါဝင်မှုကို ထိန်းသိမ်းထားစေနိုင်ခြင်းစသော အကျိုးတရားများ ရှိစေကြောင်း လေ့လာချက်များအရသိရသည်။ 

 

(၂) ဆီးချို၊ သွေးချိုရောဂါနှင့် ဟာသ
၂၀၁၃ ခုနှစ်၊ မေလတွင် ဂျပန်သုတေသီများက ညစာထမင်းဝိုင်း၌ ရယ်မောပျော်ရွှင် ဖွယ်ရာများ ပြောဆိုခြင်းဖြင့် ဆီးချို၊ သွေးချိုဝေဒနာအား သက်သာစေကြောင်း ထုတ်ပြန်ကြေညာထားသည်။ အစားမစားမီ ဟာသရုပ်ရှင်ကြည့်ခြင်းဖြင့် ဆီးချို သွေးချိုရောဂါသည်များ၏ သွေးအတွင်းသကြား ပါဝင်မှုကို ထိန်းထားနိုင်ကြောင်း ထိုကဲ့သို့ ထိန်းထားနိုင်ခြင်းဖြင့် ဆီးချိုသွေးချိုနှင့် ပတ်သက်၍ ဖြစ်ပွားသည့်ကျောက်ကပ် အလုပ်မလုပ်ခြင်း၊ အမြင်ကွယ်ခြင်း စသည်တို့မှာ ကာကွယ်နိုင်သည်ဟု ဆိုသည်။

 

(၃) နှလုံးရောဂါနှင့်ဟာသ
ရယ်မောခြင်းသည် လေဖြတ်ခြင်း၊ သွေးကြောများရောင်ရမ်းခြင်းနှင့်း သွေးကြော၏အပြင်ဘက် အတွင်းနံရံများနာကျင်မှုကို ကာကွယ်ပေးနိုင်ကြောင်း သုတေသီများကပြောဆိုသည်။ သုတေသနပြုချက် တစ်ခုတွင် နှလုံးရောဂါဝေဒနာရှင်များအား အုပ်စုနှစ်စုခွဲ၍ ပထမအုပ်စုကို ပုံမှန်ဆေးဝါး ကုသခံယူစေခဲ့ပြီး ကျန်အုပ်စုကိုဆေးဝါးကုသမှု သာမက နေ့စဉ်မိနစ် ၃၀ ခန့် ဟာသ ရုပ်မြင်သံကြားဇာတ်လမ်းကို ကြည့်ရှုစေခဲ့ သည်။ ဆေးကုသမှုကာလ တစ်နှစ်အတွင်း ဒုတိယအုပ်စု၏သွေးတိုးနှုန်းကျဆင်းမှု မြန်ဆန်ပြီး ရောဂါသက်သာမှု ပိုမိုလျင်မြန်ကြောင်း
ပြင်းထန်သောနှလုံးရောဂါဝေဒနာခံစားမှု (heart attack) ဖြစ်ပွားမှုကိုလည်း သိသာစွာ လျော့နည်းနေစေကြောင့် တွေ့ရှိရသည်။

 

(၄) ဟာသနှင့် ခံနိုင်ရည်စွမ်းရည်
အမေရိကန်နိုင်ငံတွင် ရယ်မောခြင်းသည် ကင်ဆာရောဂါနှင့် နာတာရှည်ရောဂါ ခံစားနေရသော ကလေးငယ်များ၏ ဝေဒနာကို သက်သာစေနိုင်ခြင်းရှိမရှိ သုတေသနပြုခဲ့သည်။ သုတေသနပြုချက်မှ ကျန်းမာသောကလေးငယ်များသည် ဟာသဗီဒီယိုဇာတ်လမ်းများ ကြည့်ရှုနေချိန်တွင် အလွန်တရာအေးစက်နေသောရေခဲရေအတွင်း၌ လက်မောင်းရင်းအထိ အချိန်ကြာမြင့်စွာ နှစ်ထားသည်ကို ခံနိုင်စွမ်းရှိကြောင်း တွေ့ရှိရသည်။ ကလေးငယ်များသည် ထိုကဲ့သို့ ဟာသရုပ်ရှင်များ ဗီဒီယိုများကြည့်နေချိန်တွင် နာကျင်မှုများသက်သာပြီး စိတ်ဖိစီးမှုဟော်မုန်း (Stress Hormone) ပါဝင်မှုကိုလည်း လျော့ကျစေကြောင်း တွေ့ရှိရသည်။

 

ပူဆွေးသောက ဒေါသစိတ်များသည် ခံစားရသူတို့၏ရင်ကို ပူပြင်းလောင်ကျွမ်းစေပါသည်။ ရှိပြီးသား ရောဂါအခံများကို ပိုမိုဆိုးရွားစေသည်။ ဟာသစိတ်သည် ကျန်းမာရေးကို ကောင်းမွန်စေသည်။ နာကျင်မှုကိုသက်သာစေပြီး ကောင်းမွန်သော အကျိုးတရားများ ကို ဖြစ်ထွန်းပေါ်ပေါက်စေသည်။ သို့ဖြစ်၍ စာရှုသူသည် ကျန်းမာရေးကောင်းမွန် လိုဖြစ်ငြားအ့ံ ကျန်းမာရေးလိုက်စားခြင်း၊ ဆေးလိပ်နှင့် အရက် အလွန်အကျွံသောက်သုံး မှုကို ရှောင်ကြဉ်ခြင်း၊ အစားအသောက်ဆင်ခြင်ခြင်းအပြင် ရယ်မောပျော်ရွှင်စွာ နေထိုင် တတ်သော သဘာဝကို လေ့ကျင့်ပျိုးထောင်ရယူရန် လိုအပ်ပေမည်။

 

Credit:
အောင်ဇင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18