စွမ်းအားဖြည့် အချိုရည်တွေဟာ တကယ်စွမ်းအားပြည့်စေသလား
01-Mar-2017လူတော်တော်များများဟာ စွမ်းအားဖြည့်အချိုရည်တွေကို သောက်ဖူးကြမှာပါ။ စွမ်းအားဖြည့် အချိုရည်အများစုမှာ ကဖင်းဓာတ်များစွာပါဝင်နေတယ်။ ထို့ပြင် သကြားနှင့် အခြားဓာတ်ပေါင်းများစွာလည်း ပါဝင်တယ်။ အများဆုံးတွေ့ရတဲ့ ပါဝင်ပစ္စည်းတွေ ကတော့ ကဖင်း၊ သကြား၊ Taurine (အမိုင်နိုအက်စစ်တမျိုး)၊ ဗီတာမင် ဘီ၊ ဂျင်စင်းစတဲ့ ပစ္စည်းတွေပါ။
စွမ်းအားဖြည့်အချိုရည်များကို တနေ့ ၂ဘူးထက် ပို၍မသောက်သင့်ပါ။ အကယ်၍ သင်ဟာ အမြဲတမ်းပင်ပန်းနွမ်းနယ်နေတယ်၊ မောပန်းနေတယ်ဆိုရင်တော့ တခြားနည်း လမ်းတွေနဲ့ သက်သာအောင်ပြုလုပ်ရမှာပါ။ သိုင်းရွိုက်ဓာတ်နည်းတဲ့ရောဂါ (Hypothyroid)၊ သွေးအားနည်းတဲ့ရောဂါတွေ ဖြစ်ရင်လည်း အလားတူ လက္ခဏာတွေ ခံစားရတတ်တဲ့အတွက် စွမ်းအားဖြည့်အချိုရည်တွေကို အလွန်အကျွံမသောက်သုံးသင့်ပါဘူး။
ဒီအချိုရည်တွေမှာ ကဖင်းဓာတ်ပါဝင်နေတဲ့အတွက် လူကို ခဏတာတော့ လန်းဆန်းစေမှာပါ။ ရေရှည်သောက်သုံးလျှင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင် တယ်။ သောက်သုံးစဉ်ခဏတာအတွင်းမှာ လူဟာ လန်းလာမယ်။ ဒါပြင် ရင်တုန်တာ၊ ဂနာမငြိမ်ဖြစ်တာ၊ သွေးပေါင်တက်တာ၊ အိပ်မပျော်တာတွေလည်း ဖြစ်နိုင်တယ်။
အလွန်အကျွံသောက်လျှင် ခေါင်းပြင်းပြင်းထန်ထန်ကိုက်တာ၊ အန်တာ၊ စိုးရိမ်ပူပန် စိတ်တွေများလာတာ၊ အန ္တရာယ်ရှိတဲ့ အပြုအမူတွေ ပြု လုပ်တာ၊ သွေးပေါင် ရုတ်တရက်ဆောင့်တက်တာတွေဖြစ်နိုင်တဲ့အပြင် ရုတ်တရက်နှလုံးခုန် ရပ်ပြီး သေဆုံးနိုင်တဲ့အထိဖြစ်နိုင်တယ်။ အဲဒါကြောင့် သွေးတိုးရောဂါရှိ သူ၊ နှလုံးရောဂါရှိသူ၊ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေဟာ မသောက်မိအောင် ရှောင်ကြဉ်ရမယ်။
ပါဝင်ပစ္စည်းအချို့ဟာလည်း ဆေးတချို့ရဲ့အာနိသင်ကို (အထူးသဖြင့် စိတ်ရောဂါကု ဆေးများ) ထိခိုက်စေတယ်။ စွမ်းအားဖြည့်အချိုရည်များကို ရေရှည် စွဲသောက်သူများဆိုလျှင် အမျိုးအစား၂ ဆီးချိုဖြစ်နိုင်ချေအလွန်များတယ်။ ဒါ့ပြင် မသောက်ရ မနေနိုင်အောင် စွဲတာ၊ ငွေကုန်ကြေးကျများတာ၊ ဗီတာမင်ဘီ အဆိပ်သင့်ပြီး အရေပြား၊ အူလမ်းကြောင်း၊ အသည်း၊ အာရုံကြောတွေ ထိခိုက်ပျက်စီးတာတွေ ဖြစ်နိုင် တယ်။
စွမ်းအားဖြည့်အချိုရည်များသောက်မယ်ဆိုလျှင် တနေ့ကို ၁ဘူးပဲသောက်ပါ။ အားကစားမပြုလုပ်ခင်နဲ့ လုပ်ပြီးမှာမသောက်ပါနဲ့။ မွေးရာပါနှလုံးရောဂါရှိသူ၊ နှလုံးကြွက် သားအားနည်းသူတွေဆိုရင်တော့ နှလုံးအထူးကုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်သင့်တယ်။ စွမ်းအားဖြည့်အချိုရည်များကို အရက်နဲ့ရောသောက်တာမျိုးဟာလည်း အရက်ပိုသောက်အောင် အားပေးသလိုဖြစ်တဲ့အတွက် ရောမသောက်သင့်ပါ။
Dr.ခိုင် (၇၈၈၇ ကျန်းမာရေး call centre)