လူနာများ သိချင်သည့် အရေပြားလေးဖက်နာ
02-Apr-2021အရေပြားလေးဖက်နာဆိုတာ
ဘယ်လိုရောဂါမျိုးလည်း၊ ဘာကြောင့်ဖြစ်တာလဲ။
အရေပြားလေးဖက်နာဆိုတာ
“ကိုယ်ခံအားတုံု့ပြန်မှု စံလွဲရောဂါစု” (Autoimmune Disease) တွေထဲက တစ်ခုပါ။ ကိုယ်ခံအားတုံ့ပြန်မှုစံလွဲ
ရောဂါတွေထဲမှာ တချို့က အဆစ်တွေကို ပိုထိကြတယ်။ ဒါကို လေးဖက်နာအုပ်စု လို့ခေါ်ပါတယ်။
တချို့သွေးကြောနံရံတွေကို ပိုထိကြတယ်။ ဒါကို သွေးကြောရောင် ရောဂါအုပ်စုလို့ ခေါ်ပါတယ်။
တချို့က သွေးဥတွေကို ပိုထိကြတယ်။
ကိုယ်ခံအားကြောင့်
သွေးအားနည်းတာ၊ ကိုယ်ခံအားကြောင့် သွေးမတိတ်တာ
စသဖြင့် တွေ့ရတတ်ပါတယ်။
အရိုးအဆစ်တွေကို အဓိကထိတဲ့ လေးဖက်နာအုပ်စုမှာ အရိုးအဆစ် သီးသန့်ဒုက္ခပေးတဲ့ သွေးလေးဖက်နာ၊
အရိုးအဆစ်အပြင် အရေပြားတွေမှာပါ အနီကွက်တွေ ပေါ်လာတတ်တဲ့ အရေပြားလေးဖက်နာ၊ ဗုံသားရေမျက်နှာ၊
ငါးပါးစပ်၊ ဖယောင်းတိုင်လက်လို့ ပြောကြတဲ့ အရေပြားတွေထူပြီး တင်းကျပ်လာတဲ့ အရေပြားလေးဖက်နာ၊
ခါးဆစ်တွေနာပြီး ခိုင်သွားလို့ အိပ်မရ၊ ထိုင်အခက်ဖြစ်တတ်တဲ့ ခါးဆစ်ရောင် လေးဖက်နာ စတာတွေရှိရာမှာ
အရေပြားလေးဖက်နာက လေးဖက်နာတွေထဲမှာတော့ အဆိုးဆုံးပါပဲ။
သူကစတာကတော့
အဆစ်ကြီးတွေ ရွေ့ပြီးနာတာက စပါတယ်။ ဒူးနာလိုက်၊
တံတောင်ရောင်လိုက်၊
လက်ကောက်ဝတ်တွေ တစ်ပတ်၊ နှစ်ပတ် နာလိုက်ပေါ့။ တစ်ခါတလေ ဘာမှန်းမသိဘဲ ဖျားဖျားနေတတ်တယ်။
ဆရာဝန် ပြလိုက် ကိုယ်ပူကျဆေးတွေ သောက်လိုက်၊ ပျောက်သွားလိုက်၊ နှစ်ပတ်လောက်နေ ပြန်ဖျားလိုက်နှင့်
လည်နေတတ်တယ်။ နောက်မှ လက်ထိပ်လေးတွေ နီလာတာ၊ မျက်နှာမှာ အနီကွက်တွေ၊ လိပ်ပြာပုံ အနီကွက်ကြီးတွေ၊
ပါးစပ်ထဲမှာ အနာတွေ ပေါက်တာ တွေ့ရမှ အရေပြားလေးဖက်နာလို့ သိရတော့တယ်။
ဒီအခါမှာလည်း
မှားပြီး အရေပြားဆရာဝန်နဲ့ သွားပြကြတာတွေရှိပါတယ်။ သူက
ပွေးလို ပိုးကြောင့်ဖြစ်တာမဟုတ်၊
ဝဲနှင်းခူလို အပြင်ကဓာတ်နဲ့ မတည့်တာမဟုတ်ဘဲ သွေးထဲက ကိုယ်ခံဓာတ်က တုံ့ပြန်မှုစံလွဲပြီး
ခန္ဓာကိုယ်ကို ပြန်ဆွပေးနေတာမို့လို့ အကိုက်အခဲပျောက်ဆေး၊ အရေပြားအကွက် ပျောက်ဆေးတွေအပြင်
ခုခံအားကိုနှိမ်နှင်းတဲ့ ရောဂါထိန်းဆေး (DMARD) တွေပါ သုံးရပါတယ်။ ခုခံအားကို နှိမ်တဲ့ဆေးတွေ
သုံးရတဲ့အတွက် အဆုတ်ရောင်ပိုး၊ တီဘီပိုးနဲ့ အခြားပိုးမျိုးစုံ ပါဝင်တဲ့အတွက် အချိန်အဆမှန်မှန်နှင့်
သုံးဖို့၊ သွေးအခြေအနေကိုလည်း မကြာမကြာပြန်စစ်ပြီး ဆေးအတိုးအလျှော့ချိန်ဖို့ လိုတဲ့အတွက်
အထူးကု မှန်အောင် ရွေးချယ်ဖို့လိုပါတယ်။
အရေပြားလေးဖက်နာက
ခံရပုံ မျိုးစုံပါတယ်။ တစ်ခါတလေ ကျောက်ကပ်ကို ထိပြီး
ဖောလာတာ၊ ဆီးနည်းတာနှင့်
လာပါတယ်။ ဆီးချက်ကြည့်လိုက်လို့ အသားဓာတ်တွေ များနေပြီဆိုရင်တော့ ပြင်းထန်ထိရောက်ကုထုံးနဲ့
ကုဖို့ ဆေးရုံတက်ပြီး တစ်လတစ်ခါ ဆေးသွင်းရတတ်ပါတယ်။ တချို့တလေကတော့ ဦးနှောက်ကိုထိပြီး
ကြောင်တောင်တောင်ဖြစ်တာ၊ ဝက်ရူးုပြန်သလို တက်တာ၊ သတိလစ်သွားတာတွေနဲ့လည်း လာတာ တွေ့ရသလို
တချို့မှာတော့ နှလုံးထိသွားလို့ မောလာတာ၊ နှလုံးခုန်မြန်လွန်းတာနဲ့လည်း လာကြပါတယ်။
အများအားဖြင့် သွေးသားဆူဖြိုးတဲ့အရွယ် ၁၆ နှစ်က ၄၀ ကြား အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။
ဘာကြောင့်ဖြစ်ရလဲဆိုရင်
ကင်ဆာရောဂါကိုပဲ ကံဆိုးလို့ ဖြစ်ရတယ်လို့ပဲ ဖြေရလေ့ရှိပါတယ်။ ကင်ဆာရောဂါကိုပဲ ကံဆိုးလို့
ဖြစ်ရတယ်လို့ပဲ ဖြေရလေ့ရှိပါတယ်။ တကယ်အသေးစိတ် ဖြေရမယ်ဆိုရင်တော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ
နည်းနည်းစီပါတာပေါ့။ ကံလို့ပြောရမယ့် ဗီဇပါလာတဲ့သူတွေကို HLA တို့၊ အခြားဗီဇ DNA တွေစစ်ပြီး
ရွေးထုတ်လို့ရနိုင်
ပါပြီ။ ဥတုကတော့
နေရောင်များများ ထိရင် အထိမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က DNA ကို ပြောင်းလဲစေပြီး တုံ့ပြန်မှုစံလွဲတာတွေကို
ဖြစ်စေပါတယ်။
အတို၊ အပြတ်၊
လည်ဟိုက်တွေ အဝတ်များလာတာကြောင့်လည်း ပါမှာပေါ့။ အာဟာရကတော့ ခုခေတ် ခေတ်စားလာတဲ့ လှပအောင်၊
ဆွဲဆောင်မှုကောင်းအောင် အရောင်ဆိုးထားတဲ့ အချိုရည်အမျိုးမျိုး၊ ချိုချဉ်၊ အချဉ်ထုတ်၊
အချဉ်ရည်တွေမှာပါတဲ့ ဆိုးဆေးတွေ၊
ကြာရှည်ခံအောင်၊
အမြန်စားလို့ရတဲ့ စီမံထားတဲ့ ဓာတုပစ္စည်းတွေဟာ DNA လို့ခေါ်တဲ့ ဗီဇကို ပြောင်းလဲစေတဲ့
သတ္တိရှိတဲ့အတွက် တစ်ဖက်က ကင်ဆာရောဂါတွေ များလာသလို တစ်ဖက်က ကိုယ်ခံအား တုံ့ပြန်မှု စံလွဲရောဂါတွေ
ဖြစ်လာရတာပါ။ ဒီတော့ သဘာဝကျတဲ့ ဇီဝ အစားအစာတွေကိုပဲ စားနိုင်ရင် အကောင်းဆုံးပါပဲ။ ကာလသားရောဂါ၊
အနာကြီးရောဂါလို ပိုးကြောင့်ဖြစ်တာ မဟုတ်တဲ့အတွက် အတူနေလို့၊ ပြုစုလို့တော့ မကူးစက်တတ်ပါဘူး။
ဒါပေမဲ့ အမေမှာရှိရင် ကလေးကိုတော့ ဗီဇ ပါလာနိုင်တဲ့အတွက် ပိုဂရုစိုက်ဖို့ လိုပါတယ်။
ကုလို့ ရပါသလား
----------------------
ကုလို့ ရပါတယ်။
ပျောက်၊ မပျောက်ကတော့ အာမခံနိုင်ပါ။ ရောဂါ အခြေအနေပေါ်
လည်း မူတည်ပါတယ်။
သွေးစစ်ကြည့်၍ သွေးထဲတွင် ANA ခေါ် အရေပြားလေးဖက်နာ
ဓာတ်များနေပြီး
အဆစ်နာရုံ၊ မျက်နှာတွင် အကွက်ပေါ်ရုံသာ ရှိသေးလျှင် ကလိုရိုကွင်းခေါ် ငှက်ဖျားဆေးနှင့်
ထိန်းထား၍ ရပါတယ်။ ထိုသူများမှာ ၅ နှစ်၊ ၁၀ နှစ် ပိုမဆိုးဘဲ နေတတ်ပါတယ်။ ကလေးယူ၍လည်း
ရပါတယ်။ အနီရောင်ကွက်တွေက ကိုယ်ပေါ်အထိ ရောက်လာပြီး ခဏခဏလည်း ဖျားမည်၊ နုံးနေမည်ဆိုရင်တော့
လက်ဖလူနမိုက်၊ မီသိုထရက်ဆိတ် တစ်မျိုးမျိုးနဲ့ စတီးရွိုက်ကို တွဲပေးရပါတယ်။
ဆီးစစ်ကြည့်တဲ့အခါမှာ
ရိုးရိုးပုလင်း အသေးလေးထဲကို ခုလောလောဆယ်သွားတဲ့ ဆီး လက်နှစ်လုံးလောက် ထည့်ပေးလိုက်ရတာမျိုး
မဟုတ်ဘဲ ၂၄ နာရီ တစ်နေ့လုံး ပေါက်သမျှ ဆီးကို ဂါလံပုံးနဲ့ ထည့်ပြီး ဆီးထဲမှာ အသားဓာတ်
ယိုစိမ့်မှု ဘယ်လောက်ရှိလဲဆိုတာ
ဓာတ်ခွဲကြည့်ရပါတယ်။
၅၀၀ ဂရမ်ထက်ကျော်ရင်တော့ စိုးရိမ်ရပါပြီ။ အနီစက်က မျက်နှာနဲ့ ရင်ဘတ်တင်မကဘဲ လက်ထိပ်၊
လက်ဖဝါးမှာပါပေါ်လာပြီး ဖိကြည့်လို့ နာတယ်ဆိုရင်လည်း စိုးရိမ်ရပါတယ်။ အများကြီး တက်တတ်တယ်ဆိုရင်လည်း
စိုးရိမ်ရပါတယ်။
ဒီလိုအချိန်မှာ
သေချာ မကုရင်တော့ သေဖို့များပါတယ်။ ပြင်းထန်ထိရောက်ကုထုံးနဲ့ တစ်လတစ်ခါ ဆေးသွင်းပြီး
ကုရင်တော့ ၃၀ ရာခိုင်နှုန်းလောက်က သေတတ်ပါတယ်။ တချို့ကတော့ ဆေးဒဏ်ကို မခံနိုင်လို့ ဆက်မကုရတာလည်း
ရှိပါတယ်။ တီဘီဝင်တာ၊ သွေးဖြူဥတွေ အရမ်းနည်းသွားတာ၊ အသည်းရောင်လာတာ တွေလည်း ကုရင်းဖြစ်လာတတ်လို့
ခဏခဏ သွေးစမ်းကြည့်ပြီး ဆေးကိုချိန်ရပါတယ်။ တီဘီအတွက် ကာကွယ်ဆေးတိုက်၊ အဆုတ်ရောင် ကာကွယ်ဆေးထိုး၊
နှလုံးအတွက် အဆီကျဆေးတိုက် စတာတွေလည်း တွဲဖက်ကုသရပါတယ်။ ရောဂါထိန်းနိုင်ပြီး ရေရှည်ကုသမယ့်သူအတွက်တော့
အရိုးပွကာကွယ်ဆေးလည်း လိုပါတယ်။
အရေပြားလေးဖက်နာမှာတော့
“ရီတုဆီမက်” နဲ့ ဇီဝကုထုံးက တော်တော်အသုံး
တည့်ပါတယ်။
တစ်လုံးကို ၉ သိန်းကနေ ၁၅ သိန်းကြားရှိပြီး ခြောက်လအတွင်းမှာ ၄ လုံးထိုးရတာမို့ အသက်နှင့်ယှဉ်ရင်
များလှတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ သူကလည်း လုံးဝပျောက်တာတော့ မဟုတ်ပါဘူး။
Cyclophosphamide (စီဝိုင်စီ) (သို့) မိုင်ကိုဖီနိလိတ်စတဲ့ ပြင်းထန်ကုထုံးထက်စာရင်
ဘေးထွက်ဆိုးကျိုး နည်းပြီး ပျောက်နှုန်းနည်းနည်း ပိုသာတာတော့ ရှိပါတယ်။ ၄၀ ရာခိုင်နှုန်း
ထိန်းနိုင်ပြီး ၂၀ ရာခိုင်နှုန်းလောက်ကတော့ သေတာပါပဲ။ စီဝိုင်စီနဲ့ ကုပြီးလို့ မပျောက်တဲ့သူတွေအတွက်ကတော့
နောက်ဆုံးကုထုံးအနေနဲ့ သူ့ကိုပဲ ရွေးစရာရှိတော့တာပါပဲ။
Credit: ပါမောက္ခဦးချစ်စိုး (အရိုး၊ အကြော၊ အဆစ်နှင့်အထွေထွေရောဂါကုဆရာဝန်ကြီး)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။