Print

Cerebral palsy

  18-May-2021
Preview Image

Cerebral palsy (CP) ဆိုတာ ဟာ ဦးဏှောက် အာရုံကြောဆိုင်ရာ ပြဿနာ တစ်ခုဖြစ်ပြီး၊ ဒီလို ထိခိုက်မှုကြောင့် လှုပ်ရှားမှု၊ သင်ကြားမှု၊ အမြင်အကြား အာရုံခံစားမှုနဲ့ အတွေးအခေါ်စတဲ့ ဦးဏှောက်နဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေမှာ ပြဿနာဖြစ်စေတဲ့ရောဂါတစ်ခုပဲ ဖြစ်ပါတယ်... ဒါကြောင့် ဒီဝေဒနာကို ခံစားနေရတဲ့ကလေးငယ်တွေဟာ လမ်းမလျှောက်နိုင်တာ၊ စကားမပြောနိုင်တာ၊ စကားပြောတာ ထစ်နေတာ၊ သင်ကြားမှုဆိုင်ရာ အခက်အခဲ စတဲ့ ပြဿနာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်...

CP ရောဂါမှာ တွေ့ရတတ်တဲ့ ရောဂါပုံစံတွေကတော့-

 

(1) Spastic type ( ကြွက်သားတောင့်တင်းနေမှုကြောင့် လှုပ်ရှားမှုဆိုင်ရာ ခက်ခဲတတ်ခြင်း)

 

(2) Athetoid type ( ကြွက်သား ထိန်းချုပ်ခြင်းဆိုင်ရာ ပြဿနာကြောင့် ခြေလက်များ ထိန်းချုပ်မှုမရှိဘဲ ရုတ်တရက် လှုပ်ရှားတတ်ခြင်း)

 

(3) Ataxic type ( ကိုယ်ခန္ဓာ ဟန်ချက် ထိန်းချုပ်ခြင်းဆိုင်ရာ ပြဿနာကြောင့် လမ်းမလျှောက်နိုင်ခြင်း၊ ဟန်ချက်ညီလှုပ်ရှားမှုဆိုင်ရာပြဿနာဖြစ်ခြင်း)စတဲ့ ပုံစံ ၃ မျိုးရှိပြီး Spastic type ကတော့ အတွေ့ရအများဆုံးဖြစ်ပါတယ်...

 

CP ဝေဒနာ ခံစားရတဲ့ ကလေးငယ်တွေဟာ သူတို့ရဲ့ ဦးဏှောက် ထိခိုက်မှုပေါ်မူတည်ပြီး

 

ရောဂါ ခံစားရမှု Severity လည်း အနည်းအများ ကွာခြားတတ်ပါတယ်...လမစေ့မှီ

 

မွေးဖွားသော ကလေးငယ်များဟာ CP ရောဂါကို ပိုမိုခံစားရဖို့ အခွင့်အရေးများပါတယ်... ဒါ့အပြင် ကလေးလနုစဉ်မှာလည်း အချို့ပြဿနာတွေကြောင့် CP ရောဂါခံစားရနိုင်ပါတယ်... ဥပမာ အားဖြင့်

 

- ဦးဏှောက်ထဲ သွေးယိုစီးခြင်း

 

- ဦးဏှောက် ပိုးဝင်ခြင်း (encephalitis, meningitis, herpes simplex infections)

 

- ဦးခေါင်း ထိခိုက်မိခြင်း

 

- အသားဝါရောဂါ ဖြစ်ခြင်း (Severe Jaundice)

 

- အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် Ventilator (အသက်ရှူ ကူစက်) ကို ရက်သတ္တပါတ်များစွာ တတ်ရခြင်း အစရှိတာတွေပဲ ဖြစ်ပါတယ်...ဒါပေမယ့်


လေ့လာမှုများအရ CP ရောဂါခံစားရတဲ့ ကလေးငယ်များဟာ များသော အားဖြင့် မမွေးဖွားမှီ မိခင်ဝမ်းတွင်းမှာရှိစဉ်ကတည်းက ဦးဏှောက်ကို ဘာကြောင့်မှန်းမသိ ထိခိုက်ပြီး ဖြစ်နေတယ်လို့ ဆိုကြပါတယ်...အဆိုပါဝေဒနာ ခံစားရတဲ့ ကလေးငယ်တွေကို ကလေး ဦးဏှောက်နှင့် အာရုံကြောဆိုင်ရာ အထူးကုသမားတော်၊ ကလေး အရိုးအကြောဆိုင်ရာ ခွဲစိတ်ကုသမှု ဆရာဝန်၊ ကလေး ဖွံဖြိုးမှုဆိုင်ရာ အထူးကုဆရာဝန်၊ ကလေး စိတ်ရောဂါအထူးကု ဆရာဝန်အစရှိတဲ့ ဆရာဝန်များက ပူးပေါင်းပြီး ကုသမှု ပေးအပ်ဖို့ လိုအပ်ပါတယ်...CP ရောဂါကို ရောဂါအမည်တပ်နိုင်ဖို့ အထွေအထူး ဓါတ်ခွဲစမ်းသပ်မှုမလိုအပ်ဘဲ Clinical Diagnosis အနေနဲ့တင် ရောဂါအမည်တပ်နိုင်ပါတယ်...ဒါပေမယ့် ရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းသို့မဟုတ် ရောဂါနောက်ဆက်တွဲ ပြဿနာရှိမရှိ အစရှိတာတွေ စစ်ဆေးနိုင်ဖို့တော့ ဒီလို ဓါတ်ခွဲစစ်ဆေးတာ၊ ဓါတ်မှန်ရိုက်ရတာစတဲ့ စမ်းသပ်မှုတွေ လိုအပ်နိုင်ပါတယ်...CP ရောဂါခံစားရတဲ့ ကလေးငယ်တွေဟာအသက်ကြီးလာတာနဲ့အမျှ ဦးဏှောက်ထိခိုက်မှုဟာ ပိုမဆိုးသွားတတ်ပါဘူး... ဥပမာ ခြေထောက်မလှုပ်ရှားနိုင်တဲ့ ကလေးငယ်ဟာ အသက်ကြီးလာတာနဲ့အမျှ လက်တွေပါ မလှုပ်ရှားနိုင်၊ စကားမပြောနိုင်ဖြစ်လာတာမျိုး မဖြစ်တတ်ပါဘူး... ဒါပေမယ့် ထိခိုက်ခံစားနေရတဲ့ခြေ၊လက်တွေမှာတော့ ရောဂါပိုဆိုးတာမျိုး ဖြစ်တတ်ပါတယ်...ဒါကြောင့် အဆိုပါကလေးငယ်တွေကို စောင့်ရှောက် ကုသပေးဖို့ လိုအပ်ပါတယ်... ဒီကလေးငယ်တွေအတွက် ကိုယ်ခန္ဓာလေ့ကျင့်ခန်း၊ စကားပြောနိုင်အောင် ကုသမှု၊ လမ်းလျှောက်ခြင်း၊ စာရေးခြင်းစတဲ့ အရာတွေလုပ်တတ်အောင် လေ့ကျင့်ပေးခြင်း စတဲ့ အထူး ပြုစုကုသမှုတွေ လိုအပ်ပါတယ်... ဒါ့အပြင် အခြားလိုအပ်တဲ့ ဆေးဝါးကုသမှု၊ ခွဲစိတ်ကုသမှု စသဖြင့် ကလေးရဲ့ ရောဂါခံစားရမှု အခြေအနေပေါ်မူတည်ပြီး သူ့ရဲ့ နေ့စဉ်ဘဝဆင်ပြေချောမွေ့အောင် ပြုလုပ်ပေးရတဲ့ ကုသမှုတွေလည်း လိုအပ်တတ်ပါတယ်...နိဂုံးအနေနဲ့ Cerebral Palsy ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ပါဘူး... ဒီရောဂါ ခံစားရတဲ့ ကလေးငယ်တွေကို တတ်နိုင်သမျှ Independent ဖြစ်အောင်ပြုစုပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်... Cerebral Palsy ကလေးငယ်တွေဟာ သာမာန်ကလေးငယ်တွေလိုပဲ ကျောင်းသွားခြင်း၊ သူငယ်ချင်း မိတ်ဆွေဖွဲ့ခြင်း၊ ၎င်းတို့ နှစ်သက်ရာကို ပြုလုပ် ဆော့ကစားခြင်းစတာတွေကို သာမာန်ကလေးငယ်တွေနဲ့ ပုံစံအနည်းငယ်ကွဲတာ၊ အကူအညီ လိုအပ်တာကလွဲလို့ လုပ်ဆောင်နိုင်ကြပါတယ်... ဒါကြောင့် မိမိပတ်ဝန်းကျင်မှာ အဆိုပါကလေးငယ်တွေကို တွေ့ရတဲ့အခါ ပစ်ပယ်မထားဘဲ တတ်နိုင်သမျှ စိတ်ရှည်ရှည်ထားပြီး သူတို့ကို ဖေးမကူညီကာ လက်တွဲခေါ်ဆောင်သွားပါလို့ တိုက်တွန်းလိုက်ရပါတယ်...

Credit : ကြယ်မင်းတာယာ


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18