Print

ဦးနှောက်သေးရောဂါ

  24-Feb-2017
Preview Image

ဘရာဇီးနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံရတာကြောင့် မွေးကင်းစကလေးငယ် ၄၀၀၀ ကျော်ဟာ ဦးနှောက်သေးရောဂါ (Microcephaly) နဲ့ မွေးဖွားလာခဲ့ပါတယ်။ ဦးခေါင်းသေးရောဂါနဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေကို ဝေမျှလိုက်ပါတယ်။ 

 

ဦးခေါင်းသေးရောဂါဆိုတာဟာ 
ရှားပါးတဲ့ အာရုံကြောစနစ် ချို့ယွင်းတဲ့ ရောဂါဖြစ်ပြီး ကလေးငယ်ရဲ့ဦးခေါင်းဟာ သေးလွန်းပြီး အပြည့်အဝ ဖွံ့ဖြိုးမှုမရှိတဲ့ အခြေအနေကို ခေါ်တာပါ။ ကလေးက မိခင်ရဲ့ ဝမ်းကြာတိုက်အထဲ ရှိနေစဉ်မှာဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ 

 

ဘာကြောင့်ဖြစ်ရသလဲ
သေချာဖြစ်ရတဲ့အကြောင်းရင်းကို မသိသေးပေမယ့် မျိုးရိုးဗီဇ (Gene)ကြောင့်ဖြစ်တဲ့ ပြဿနာနဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်တဲ့ ပြဿနာဆိုပြီးနှစ်ပိုင်းခွဲထားပါတယ်။ မျိုးရိုးဗီဇ (Gene) ကြောင့် ဖြစ်တာက မျိုးရိုးလိုက်တတ်ပြီးစောစောစီးစီး ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ပတ်သက်တဲ့ (Gene) မှာ ချို့ယွင်းချက်ဖြစ်နေတာကြောင့်ပါ။ ဒေါင်းလက္ခဏာစုရှိသူတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့ အခြေအနေက ကလေးကြီးထွားဖွံ့ဖြိုးမှုကို ဒုက္ခပေးနိုင်တာ တစ်ခုခုနဲ့ ထိတွေ့မှုရှိတာကြောင့်ပါ။ 

 

ကလေးက မိခင်ဝမ်းကြောတိုက်အတွင်း ရှိနေစဉ်မိခင်က ဝက်သက်ကြီး၊ရေကျောက်၊ ခြင်ကြောင့် ဖြစ်တဲ့ ဇီကာဗိုင်းရပ်စ်ပိုးလိုမျိုး ဗိုင်းရပ်စ်ကူးစက် ခံရတာကြောင့် ဖြစ်နိုင်သလို ကပ်ပါးပိုးကူးစက်ခံ ရတာ၊ ခဲဆိပ်မိတာ၊ အာဟာရ အပြည့်အဝမရရှိတာ၊ အရက်စွဲတာ၊ ဆေးစွဲတာလိုမျိုး တွေကြောင့်လည်းမွေးကင်းစကလေးတွေမှာ ဦးခေါင်းသေးရောဂါရရှိနိုင်ပါတယ်။ ဒါအပြင် မွေးပြီးပြီးချင်း ဦးခေါင်းကို ထိခိုက်ဒဏ်ရာရတာ၊ မွေးကင်းစကလေးငယ် သွေးယိုစီးမှုဖြစ်တာ၊ အာရုံကြောမ ဒါမှမဟုတ် ဦးနှောက်အတွင်း ချို့ယွင်းချက်တွေ ပါလာတာကြောင့်လည်း ဦးခေါင်းသေးပြီး မွေးဖွားလာတတ်ပါတယ်။ 

 

ရောဂါရှိမှန်း ဘယ်လိုသိနိုင်သလဲ
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အာထရာဆောင်းရိုက်ကြည့်တာကြောင့် ကလေးငယ်ရဲ့ ဦးနှောက်က မှန်းထားတဲ့ အရွယ်ထက် သေးငယ်နေတာကိုတွေ့မြင်နိုင်ပါတယ်။ ကိုယ်ဝန် ဒုတိယသုံးလပတ် ဒါမှမဟုတ် တတိယသုံးလပတ်အတွင်း အာထရာဆောင်း ရိုက်ကြည့်ရင်တော့ ထင်ထင်ရှားရှား သိမြင်နိုင်ပါတယ်။ မွေးကင်းစ ကလေးဦးနှောက်ရဲ့ အကျယ်ဆုံးနေရာကိုလည်း တိုင်းတာထားရပြီး မှတ်တမ်းပြုစု ထားရပါမယ်။ သူနဲ့ အသက်တူလိင်တူ တခြားကလေးငယ်တွေရဲ့ တိုင်းတာ ချက်တွေနဲ့ နှိုင်းယှဉ်ကြည့်ရပါမယ်။ ဦးခေါင်းသေးနဲ့ မွေးဖွားလာတဲ့ ကလေးငယ်တွေက အသက် ၂-၃ နှစ်အထိ ဦးခေါင်းအရွယ်အစားကို တိုင်းတာနေသင့်ပါတယ်။ 

 

ဘာရောဂါလက္ခဏာပြတတ်ပါသလဲ
ဦးခေါင်းသေးတဲ့ ကလေးငယ်အများစုက ဘာပြဿသနာမှမတတ်ပါဘူး။ အသက်ကြီးလာတာနဲ့အမျှ ဦးခေါင်းကလည်း ကြီးလာနိုင်ပါတယ်။ ဒါပေမဲ့ သာမန်ကလေးတွေမှာရှိတဲ့ ဦးနှောက်အရွယ်ထက်တော့ သေးငယ်နိုင်ပါတယ်။ တချို့ကလေးတွေက ပုံမှန်ဉာဏ်ရည်ဉာဏ်သွေး ရှိနိုင်ပါတယ်။ တချို့မှာ သင်ကြားရခက်ခဲတဲ့ ပြဿနာတွေ ရှိတတ်ပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့ ပိုမိုမဆိုးရွားတတ်ပါဘူး။ တခြားလက္ခဏာတွေအနေနဲ့ ကြီးထွားမှုဖြစ်စဉ် နှေးကွေးတာ (အထိုင်အထ လမ်းလျှောက်နှေးကွေးတာ)၊ အစာကျွေးရာမှာ မျိုချရခက်ခဲတဲ့ ပြဿသနာဖြစ်တာ၊ ဟန်ချက်ထိန်းရခက်တာ၊ အကြားအာရုံ ဆုံးရှုံးတာ၊ တက်တတ်တာ၊ အရပ်ပုတာ၊ စကားပြောရာမှာ ခက်ခဲတာ၊ အမြင်အာရုံချို့တဲ့တာ၊ အာရုံစူးစိုက်မှုမကောင်းတဲ့ပြဿသနာ ဖြစ်တတ်ပါတယ်။

 

ရေရှည်ထိခိုက်မှု ဘယ်လိုရှိနိုင်ပါသလဲ
ဦးခေါင်းအနည်းငယ်သာ သေးသူတွေကတော့ ဘာပြဿသနာမှမရှိဘဲ။ ကလေးဘဝနဲ့ ဆယ်ကျော်သက်အရွယ်မှာ တခြားကလေးနည်းတူ ကြီးထွားဖွံ့ဖြိုးနိုင် ပါတယ်။ အလွန်ဆိုးရွားတဲ့ ပြဿနာရှိသူတွေအနေနဲ့ သင်ကြားမှုနဲ့ ရွေ့လျားမှုပြဿနာတွေ ဖြစ်တတ်ပါတယ်။ သီးခေါင်းသေးနဲ့ မွေးဖွားလာတဲ့ ကလေးငယ်တွေက တက်တာနဲ့ ဦးခေါင်းအကြောသေတာလိုမျိုး တခြားပြဿနာတွေလည်းဖြစ်တတ်ပါတယ်။

 

ဘယ်လိုကာကွယ်မလဲ
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း -
• ကျန်းမာရေးနှင့် ညီညွတ်တဲ့အစာစားပါ။ ကိုယ်ဝန်ဆောင်အားဆေး မှီဝဲပါ။ 
• အရက်မသောက်ပါနဲ့။ မူးယစ်ဆေးဝါး အသုံးမပြုပါနဲ့။ 
• ဓာတုပစ္စည်းနဲ့ ကင်းဝေးအောင်နေပါ။
• မကြာခဏ လက်ဆေးပါ။
• နေမကောင်းဖြစ်နေတာနဲ့ တစ်ပြိုင်နက် စောစောစီးစီး ကုသမှုခံယူပါ။
• အိမ်မွေးတိရိစ္ဆာန်ရဲ့ အညစ်အကြေးတွေကို မကိုင်တွယ်ပါနဲ့။ အဲဒီ အညစ်အကြေးတွေက တစ်ဆင့် ကပ်ပါးပိုးတွေ ကူးစက်နိုင်တာကြောင့်ပါ။ 
• ခြင်ပေါတဲ့နေရာတွေမှာ ခြင်ကိုက် မခံရအောင် လိမ်းဆေးလိမ်းပေးပါ။ (Mosquito Repellent)
• ဇီဂါဗိုင်းရပ်စ်ကူးစက်နေတဲ့ နိုင်ငံတွေ၊ ရေကျောက်ရောဂါ ပြန့်ပွားနေတဲ့နေရာတွေ၊ ဝက်သက်ကြီးဖြစ်နေတဲ့ နေရာတွေကို တတ်နိုင်သမျှ ရှောင်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref:
ဒေါက်တာခင်စိုးမိုး
Good Health Jarnal


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18