Print

သွေးလွန်တုပ်ကွေး သွေးလန့်ခြင်း

  27-Feb-2017
Preview Image

 

Shock ခေါ် သွေးလန့်ခြင်း ဖြစ်ဖို့ရန် အကြောင်းတစ်ခုခုကြောင့် သွေးကြောအတွင်း (intravascular compartment) မှ အရည်လျော့နည်းမှု ဖြစ်ပေမည်။ မိဘများ နားလည်လွယ်ရန် ဥပမာပေးရလျှင် သွေးထွက်လွန်ခြင်းနှင့်အထက်လှန်အောက်လျှော ဖြစ်ရခြင်းတို့ကြောင့်Shock ရခြင်းကို ပြုရပေမည်။ သွေးလွန်တုပ်ကွေး ရောဂါတွင် ကလေး၏ခန္ဓာကိုယ်တွင်းမှ ရှိပြီးသား ပတိပစ္စည်း (antibodies) နှင့် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ် (antigen) တို့ တွေ့ဆုံသည့်အခါ antibody-antigen reaction ဟု ဆိုအပ်သော ဓာတ်ဖောက်ပြန်မှုများ ဖြစ်ပေါ်လာတတ်ပေသည်။

 

ထိုသို့ဖြစ်ပေါ်ရာတွင် သွေးကြောများ၏ နံရံများတွင်ပါ အပြောင်းအလဲများ ဖြစ်ကြရပြီး မူလသွေးကြောတွင်း၌သာ ထိန်းထားနိုင်သည့် plasma protein ခေါ် သွေးရည်ကြည်တွင်းမှ ပရိုတင်း (protein) များ သွေးကြော အပြင်ဘက်နေရာ (extravascular compartment) သို့ ထွက်သွား ကြလေသည်။ ထိုသို့ ထွက်သွားကြရာတွင် သွေးကြောအတွင်းမှ အရည်များ၊ သွေးကြော အပြင်ဘက်နေရာသို့ ထွက်ကုန်ကြရပေတော့သည်။ ဤနေရာတွင် သွေးကြောအတွင်းမှ အရည်လျော့နည်းမှု ရှိသော်လည်း ခန္ဓာကိုယ်၏ အပြင်ဘက်သို့ ယိုထွက်ခြင်း မဟုတ်ဘဲ ခန္ဓာကိုယ္ ၏ အတွင်းတစ်နေရာဘက်သို့သာ ယိုထွက်ကြခြင်း ဖြစ်သည်ကို သိထားစေချင်ပါသည်။ မည်သို့ပင်ဖြစ်စေ သွေးကြောတွင် အရည်လျော့နည်းမှု ဖြစ်လာသဖြင့် အထက်က ဖော်ပြခဲ့သည့် အတိုင်း သွေးလန့်ခြင်း ခေါ် shock ဖြစ်ပေါ်လာရပေတော့သည်။

 

Shock ခေါ် သွေ့လန့်ခြင်း ဖြစ်ပေါ်လာလျှင် ကလေးသည် မှိန်းရာမှ အလွန်ဂနာ မငြိမ် လူးလွန့်လာပေမည်။ တစ်ကိုယ်လုံး အေးစက်ကာ ခြေဖျား၊ လက်ဖျားကလေးများ အေးစက်ရုံသာမက ပြာနှမ်းနှမ်းပါ ဖြစ်လာနိုင်ပါသည်။ သွေးပေါင်ချိန်အနေနှင့် စမ်း၍မျှ မရအောင် ရှိနိုင်သလို အပေါ်သွေးအမှတ်နှင့် အောက်သွေးအမှတ် နီးကပ်လွန်း၍ အသံတစ်ချက်မျှသာ ကြားနိုင်သည့် အခါမျိုးလည်း ရှိနိုင်ပေသည်။ ရံဖန်ရံခါတွင် ကလေးငယ်သည် shock ရရုံမကဘဲ “တက်” လည်း “တက်” တတ်ပြန်ပါသည်။ သွေးလန့်ခြင်းဖြစ်သည့် ကလေးများသည် ကုသဖို့ အရောက်နောက်ကျခဲ့လျှင် ကိုယ်တွင်း ဒွါရအပေါက်များမှ သွေးများ ယိုစီးထွက်တတ်လာပါသည်။ ဥပမာ နှာခေါင်းမှ သွေးလျှံခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းများ သွားခြင်း၊ ဆေးထိုးထားသည့် နေရာများမှပင် သွေးများ မတိတ်နိုင်အောင် စီးယိုထွက်လာတတ်ပါတော့သည်။ ထို့အတွက်လည်း အသက်အန္တရာယ် ဆုံးရှုံးဖို့ရာအကြောင်း ဖြစ်လာနိုင်ပါတော့သည်။

 

သွေးလန့်ခြင်း ဖြစ်ပေါ်စေနိုင်သည့် အပြောင်းအလဲ ဖြစ်တတ်သည့် ကာလမှာ အချိန်အားဖြင့် ၄၈ နာရီမျှသာ ကြာမြင့်တတ်ပေသည်။ ၎င်း ၄၈ နာရီကြာပြီးနောက် အသက်မသေသော ကလေးငယ်တွင် သွေးကြောပြင်ပနေရာသို့ ထွက်ပြီးသား အရည်များသည် ခန္ဓာကိုယ်တွင်း၌သာ ရှိနေကြသည်ဖြစ်၍ သွေးကြောတွင်းသို့ ပြန်ဝင်လာတတ်ကြတော့သည်။ ထိုအခါ ကလေး၏ သွေးကြောတွင်း၌ အရည်များ အဆမတန် များလွန်းနေသဖြင့် heart failure ခေါ် နှလုံးက မထိန်းနိုင်တော့သည့် အဖြစ်သို့ရောက်၍ အသက် ဆုံးရှုံးနိုင်ပါသေးသည်။ ထို့ကြောင့် သွေးလန့်ခြင်း၊ ဖြစ်ရသော ကလေးများကို ရှိသည့်အချိန်တွင် ထိုလက္ခဏာများကို အမြန်ဆုံး ထိန်းချုပ်သက်သာစေနိုင်ရန် သွေးကြောတွင်းသို့ လိုအပ်နေသည့် အရည်များကို ရာနှုန်းပြည့် ပြန်ထည့်ပေးရပါလိမ့်မည်။ ထိုသို့ ထည့်ရမည့် အတိုင်းအတာကို ချင့်ချိန်နိုင်ဖို့ရန် သွေးကြောတွင်းရှိ သွေး၏အပျစ်အကျဲရာနှုန်း (packed cell volume ခေါ် PCV) ကို ကြည့်ရပါသည်။

 

မိုးရာသီတွင် ဖျားကြသော အဖျားများကို သွေးလွန်တုပ်ကွေးဟု မဆိုနိုင်သော်လည်း ဖြစ်နိုင်သည့် အခြေအနေရှိသည်ဟုပင် ယူဆ၍ အရည်များကို များများဝင်အောင် တိုက်ကျွေးနေကြရပါမည်။ အစာကောင်းစွာ စား၍ အဆော့ မပျက်သော ကလေးများကိုမူ စိတ်ပူစရာ မလိုဟုပင် ဆိုနိုင်ပါသည်။ အစာကောင်းစွာ စားမစားကိုလည်း ကလေးစားချင်သည့် အစာကို ကျွေး၍ ကြည့်ရပါမည်။ မိဘများကျွေးသည့် အစာကို ကလေး မနှစ်သက်၍ မစားခြင်းလည်း ဖြစ်နိုင်သဖြင့် ဤအချက်ကို မိဘများ သတိပြုမိစေချင်သည်။ သူစားချင်သည့် အစားကို ကျွေးလျက်နှင့် မစားဟုဆိုလျှင် သူအစားပျက်သည်ဟု တကယ်ယူဆနိုင်ပါသည်။ သွေးလွန်တုပ်ကွေးဖြစ်သည့် လက္ခဏာများ ရှိနေသော ကလေးဆိုလျှင်မူ ကလေးအား အရည်ကိုဖြစ်သည့်နည်းနှင့် များများဝင်အောင် မိဘများ အနေနှင့် ဆောင်ရွက်ကြရပါလိမ့်မည်။

 

ထို့ကြောင့် မိဘများအနေနဲ့ မိမိတို့ကလေးငယ်များ သွေးလွန်တုပ်ကွေးဖြစ်ခဲ့လျှင် တော်ရုံနှင့် အရည်လျော့နည်းမှု မရှိစေရန် အရည်များကို များများ တိုက်ကျွေးထားရန် လိုအပ်ပေသည်။ အချိန်မဆိုင်းဘဲ ကုသမှု အပြည့်အဝ ပေးနိုင်သော ဆေးရုံများသို့သာ
ချက်ချင်းခေါ်ဆောင်၍ ကုသမှုကို ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မျိုးဟန်
ကလေးအထူးကုဆရာဝန်ကြီး
သားသားမီးမီးတို့ ဖြစ်တတ်သောရောဂါများ-၂ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18