Print

သတိပြုရမယ့် ဇီကာဗိုင်းရပ်စ်

  27-Feb-2017
Preview Image

 

ဇီကာဗိုင်းရပ် (Zika Virus)
Zika Virus သည် သွေးလွန်တုပ်ကွေး (DHF), Chikungunya (ဆင်တုပ်ကွေး) နှင့် Yellow Fever (အဝါရောင်အဖျားရောဂါ) တို့ကဲ့သို့ပင် ခြင်ကိုက်ခံရသည်မှ ရောဂါ ကူးစက်ခြင်းဖြစ်သည်။ အထူးသဖြင့် Aedes (အေဒီးစ်) ခြင်မှတစ်ဆင့် ကူးစက်ပါသည်။

 

ရောဂါလက္ခဏာများ
အဖြစ်များသော လက္ခဏာများတွင် အနည်းငယ်ဖျားခြင်း၊ အရေပြားပေါ်တွင် ယားယံသည့်အကွက်များ ဖြစ်ပေါ်လာခြင်း၊ အနီစက်များ ဖြစ်ပေါ်လာခြင်း၊ အဆစ်များနာကျင်ခြင်း၊ မျက်လုံးနီရဲခြင်း၊ ကြွက်သားနာကျင် ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ ဖြစ်နိုင်သည်။ အများအားဖြင့် လက္ခဏာများမှာ ဆေးရုံတင်လောက်အောင် ပြင်းထန်လေ့မရှိဘဲ ရက်အနည်းငယ်အတွင်းမှသည် ရက်သတ္တပတ်ခန့် ဖြစ်ပေါ်ခံစားရနိုင်သည်။ ဖြစ်ကာစကတော့ တုပ်ကွေးလိုပဲ ခံစားရတတ်ပါသည်။

 

ဖြစ်ရသောအကြောင်းအရင်းများ
အဓိကအားဖြင့် ရောဂါရှိသော Aedes ခြင်း အကိုက်ခံရခြင်းမှတစ်ဆင့် ပိုးကူးစက် ခံရပြီး ရောဂါဖြစ်ပွားသည့် ဗိုင်းရပ်စ်အမျိုးအစားမှာ Flavi virus အမျိုးအစားဖြစ်သည်။ ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း၊ ပိုးရှိသူ၏ သွေးသွင်းမိခြင်းမှတဆင့်လည်း ကူးစက်ကြသည့် လူအနည်းငယ်ရှိသည်ဟု သိရသည်။

 

နောက်ဆက်တွဲကျန်းမာရေးပြဿနာများ
ဇီကာဗိုင်းရပ်စ် ကူးစက်ခံရလျှင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာအနေဖြင့် (Guillian Barre Syndrome) ဂီလျန်ဘာရီ ရောဂါစုဟု ခေါ်သည့် ရောဂါခံစားနေရနိုင်သည်။ ဒီရောဂါလက္ခဏာ ခံစားနေရ သူများတွင် ခုခံအားစနစ်က ခန္ဓာကိုယ်၏အာရုံကြောစနစ်ကို ထိခိုက်ခံရခြင်းကြောင့် ဖြစ်ပါသည်။ အသက်အရွယ် မရွေးတွင်ဖြစ်နိုင်သည်။ ခံစားရသည့်သူများတွင် ခြေထောက်နှင့် လက်များထုံကျဉ်ပြီး ကြွက်သားများလည်း အားနည်းလာသည်။ သိပ်ဆိုးလာလျှင် အသက်ရှူလမ်းကြောင်းမှ ကြွက်သားများ ထိခိုက်ခံရပြီး ဆေးရုံတက်ရသည် အထိ ဖြစ်နိုင်သည်။

 

ကိုယ်ဝန်ဆောင်အမျိုးသမီးများ
ကိုယ်ဝန်ဆောင်အမျိုးများတွင် ဇီကာဗိုင်းရပ်စ်ပိုးဝင်ရောက်ခံရလျှင် ၎င်းတို့မွေးဖွားလာသည့် ကလေးငယ်များ၏ ဦးခေါင်းများသေးနေခြင်း Microcephaly ဟူသည့် ပြဿနာကိုခံစားရသည်။ သို့ရာတွင် တိကျသော ဆက်စပ်မှုကို လေ့လာနေကြဆဲပင် ဖြစ်သည်။

 

စစ်ဆေးမှုများ
Zika Virus ကို PCR (Polymerase chain Reaction) နည်းဖြင့် စမ်းသပ် စစ်ဆေးနိုင်သည်။

 

ကုသခြင်း
များသောအားဖြင့် ရောဂါမပြင်းထန်သည့်အတွက် ကုသမှုမလိုကြပါ။ ရောဂါဖြစ်သူများတွင် ကောင်းစွာအနားယူခြင်း၊ ရေများများသောက်ခြင်း၊ ဖျားနာကိုက်ခဲခြင်းအတွက် သာမန်တုပ်ကွေးအတွက် ဆေးဝါး (ပါရာစီတမော) သောက်သုံးပေးခြင်း စသည်တို့ဖြင့် ရောဂါသက်သာစေသည်။ တစ်ရံတစ်ခါ ရောဂါအခြေအနေ ပြင်းထန်ပါက ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသပါ။

 

ကာကွယ်ခြင်း
ယနေ့လက်ရှိအချိန်အထိ ဇီကာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး မရှိသေးပါ။ သို့သော် ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို ရှာဖွေတွေ့ ရှိထားပြီးလို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံ ဇီဝနည်းပညာဆိုင်ရာ နိုင်ငံတကာကုမ္ပဏီ တစ်ခုက အဆိုပါကာကွယ်ဆေးကို တွေ့ရှိခြင်းဖြစ်ပြီး မူပိုင်ခွင့်ကို တောင်းခံထားသည်။ ထိုရောဂါပျံ့နှံ့မှုကို အရေးပေါ်ကြောငြာပြီး နောက်တစ်ရက် အကြာတွင် တွေ့ရှိခြင်းဖြစ်သည်။ နေ့ခင်းဖြစ်စေ၊ ညဖြစ်စေ အိပ်သည့်အခါတွင် ခြင်ထောင်နှင့်အိပ်ခြင်း၊ အကျင်္ီလက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ဆင်ပေးခြင်း၊ ခြင်းမကိုက်စေရန် ဂရုပြုခြင်း စသည်တို့ကို လိုက်နာရပါသည်။

 

မြန်မာနိုင်ငံနှင့် (Zika )
မြန်မာနိုင်ငံတွင် ဇီကာရောဂါလူနာကို မတွေ့ရှိသေးသော်လည်း ဇီကာဗိုင်းရပ်စ် ရောဂါပိုး သယ်ဆောင်သော အေဒီးစ်ခြင်များသည် မြန်မာနိုင်ငံ တွင် အနှံ့ရှိနေသောကြောင့် ဇီကာရောဂါ လူနာတစ်ဦးရောက်ရှိသည်နှင့် တစ်ပြိုင်နက် ဇီကာရောဂါပိုးသည်လည်း တစ်နိုင်ငံလုံးသို့ ပျံ့နှံ့ရောက်ရှိ သွားနိုင်ပါသည်။ အဆိုပါ ဇီကာရောဂါမှာ မြန်မာနိုင်ငံအတွင်း ကူးစက်ရောဂါရှိမလာစေရေးအတွက် သက်ဆိုင်ရာဝန် ကြီးဌာနအားလုံး၊ အစိုးရ မဟုတ်သော လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင် ရွက်ရပါမည်။ ဇီကာရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ပြင်ဆင်ထား ရှိပြီးလည်းဖြစ်ပါသည်။ ဇီကာရောဂါ ကြိုတင်ကာကွယ်ရေးသည် ကျန်းမာရေးဌာနတစ်ခုတည်း သာမဟုတ်ဘဲ လူတိုင်းပူးပေါင်းပါဝင် ဆောင်ရွက်သင့်ကြောင်းနှင့်အတူ ဇီကာဗိုင်းရပ်စ်ရောဂါအကြောင်းနှင့် အတူ ဇီကာဗိုင်းရပ်စ်ရောဂါအကြောင်း သတိပြုရန်ကို ဖော်ပြလိုက်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမီမီကို (မိသားစုကျန်းမာရေးဆရာဝန်)
Ziwaka magazine, March 2016, Pg. 43-47



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18