ကလေးများနှင့် မတော်တဆအန္တရာယ်
28-Feb-2017
မိဘများ၊ အုပ်ထိန်းသူမျာအနေဖြင့် ကလေးများ မတော်တဆအန္တရာယ်နှင့် မတွေ့ကြုံရအောင် အောက်ပါအချက်အလက်များကို ဂရုစိုက်ပါ။
၁။ ကလေးများ ကစားရာတွင် မိဘ (သို့) အုပ်ထိန်းသူတစ်ဦး အနားမှာရှိပါစေ။ ဖိနပ်စီး၍ ကစားပါစေ။ ကလေးအချင်းချင်း ထိခိုက်စေမည့် ကစားနည်းများကို မကစားခိုင်းပါနှင့်။
၂။ ကလေးများ အမြင့်မတက်အောင် သတိပေးပါ။ လှေကားအဆင်းအတက် လုပ်ရာတွင် ကလေးများ၏ အနီးအနားတွင် လူကြီးတစ်ဦးရှိပါစေ၊ ကူညီပေးပါ။
၃။ အိမ်တွင် ကလေးများသောက်လျှင် အန္တရာယ်ဖြစ်စေနိုင်မည့် ဆေးရည်၊ အက်ဆစ်ပုလင်း၊ သောက်ဆေးအမျိုးမျိုးတို့ကို ပုလင်းများတွင် လုံခြုံစွာသိမ်းဆည်းပြီး ကလေးများ လက်လှမ်းမမီသော အမြင့်တွင်ထားပါ။
၄။ အိမ်သုံးဆေးများကို ဆေးပုလင်းများတွင် ဆေးဝါးအမည် မှန်ကန်စွာရေးထားပြီးမှ ထည့်သိမ်းထားပါ။ ဆေးဗီရိုငယ်များတွင်ထားပါက သော့ခတ်ထားပါ။
၅။ ကလေးများ အပူမလောင်အောင် ထမင်းဟင်းချက်စဉ် မီးဖိုချောင်ထဲ ခေါ်မထားပါနှင့်။ ရေနွေးအိုး၊ ဓာတ်ဘူး။ ဖယောင်းတိုင်များကို မကိုင်ပါစေနှင့်။
၆။ စက်ဘီးနောက်ခုံတွင် ကလေးများကို တင်ခေါ်သွားပါက သတိထားပါ။ ၎င်းခြေထောက်များသည် စက်ဘီးစပုတ်တံကြားထဲတွင် မတော်တဆ ညပ်ဝင်သွားနိုင်ပါသည်။ စက်ဘီးဘေးအကာများ တပ်ထားလျှင် စိတ်ချရပါသည်။
၇။ ကျင်းအိမ်သာတွင် အရွယ်မရောက်သေးသော ကလေးများကို အသုံးပြုခိုင်းပါက လူကြီးတစ်ဦးဦးက စောင့်ရှောက်ပေးပါ။
၈။ ကလေးများ ပစ္စည်းများကို နား၊ နှာခေါင်းထဲ မထည့်ရန်ပြောပါ။ တွေ့ရာပစ္စည်းများကို မျိုမချရန် သတိပေးပါ။
၉။ ခွေး၊ ကြောင်စသည့် တိရစ္ဆာန်များ အနီးသို့ ကလေးများကို မသွားပါစေနှင့်။ ၎င်းတို့အား မစပါစေနှင့်။
၁၀။ ကလေးများ ဗြောက်အိုးဖောက်ခြင်း စွန်လိုက်ခြင်းကို တင်းကျပ်စွာ တားဆီးပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာလှဖေ
Health for all magazine, January 2016, Pg. 84