Print

ရေကျောက် အန္တရာယ် သတိပြုဖွယ်

  28-Feb-2017
Preview Image

 

ရေကျောက်သည် လွန်စွာကူးစက်လွယ်သော ရောဂါဖြစ်ပြီး ရေယုန်ပေါက်စေသော ဗိုင်းရပ်စ်ပိုး အမျိုးအနွယ်ကြောင့် ဖြစ်ရခြင်းဖြစ်ပါသည်။ မွေးကင်းစကလေးများနှင့် သက်ကြီးရွယ်အိုများ၊ ခုခံအားနည်းသောသူများတွင် ဖြစ်ပါက အသက်အန္တရာယ် အလွန်ကြီးမားပါသည်။ ရောဂါဖြစ်လျှင်မူကား ရောဂါကို ကာကွယ်နိုင်သောဓာတ်၊ ရောဂါပြီးသောဓာတ်ကို တစ်သက်လုံး ရရှိသွားနိုင်ပါသည်။ တစ်ယောက်နှင့်တစ်ယောက် ရောဂါကူးစက်ရန် လွန်စွာလွယ်ကူလှ ပါသည်။ ရောဂါရှိသူနှင့် တိုက်ရိုက်ထိတွေ့ ခြင်းအားဖြင့် လည်းကောင်း၊ လေထဲတွင်ရှိနေသော ရောဂါပိုးကို ရှူရှိုက်လိုက်ခြင်းအားဖြင့်လည်းကောင်း၊ ရံခါ ရောဂါခံစားနေရသူ ကိုင်တွယ်ထားသော ပစ္စည်းများနှင့် ထိတွေ့မိခြင်းအားဖြင့်လည်းကောင်း ရောဂါ ကူးစက်နိုင်သည်။

 

ရေကျောက်သည် ကလေးသူငယ်များတွင်သာ အဖြစ်အများဆုံးရောဂါဖြစ်ပြီး ကလေး အသက် နှစ်နှစ်နှင့် ရှစ်နှစ်အကြားတွင် အများဆုံး တွေ့ရှိရတတ်ပါသည်။ ရှေးဦးစွာ တွေ့ရှိရသော ရောဂါလက္ခဏာများမှာ ကလေးသည် ကိုယ်ပူခြင်း၊ အနည်းငယ် နုံးခြင်းတို့ဖြစ်ပါသည်။ ကလေးကြီးများနှင့် လူကြီးများဖြစ်လျှင်မူကား အထက်ပါ လက္ခဏာများအပြင် ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ နောက်ကျောနာခြင်း ဝေဒနာများကိုပါ ခံစားရတတ်ပါသည်။ ကိုယ်အပူချိန်သည် ဒုတိယနှင့် တတိယနေ့များတွင် ပို၍ မြင့်တက်လာလေ့ရှိပြီး ဒုတိယနေ့ မှစ၍ အနီဖုလေးများ အစုလိုက်သော်လည်းကောင်း၊ တစ်လုံးချင်းသော်လည်းကောင်း စတင်၍ ထွက်ရှိလာပါသည်။ နာရီအနည်းငယ်အတွင်း အနီဖု အသွင်ပျောက်၍ ရေကြည်ဖု အသွင်ဖြင့် သုံး၊ လေးရက်ခန့် ကြာကြာတွေ့ရှိရတတ်ပါသည်။ ထိုအချိန်၌ နောက်ထပ် အနီဖု အသစ်လေးများလည်း ဖောင်းလာတတ်ပြီး ရေကြည်ဖုများ ဖြစ်လာရပြန်ပါသည်။

 

ထိုစဉ်တွင် ရှေးက ရေကြည်ဖု ဖြစ်နှင့်ပြီးသော အဖုကလေးများသည် ပြည်ဖုလေးများအဖြစ် ပြောင်းလဲသွားပြီး ဖြစ်ပါသည်။ ထိုနောက်တွင် ခြောက်သွေ့လာပြီး အသားမာခြောက်အဖြစ် ကွာကျသွားပါတော့သည်။ ရေကျောက်ဟုခေါ်ရလောက်အောင် ထင်ရှားသော လက္ခဏာမှာ အဖုများကိုခြောက်၍ အနီဖု၊ မည်း၍ကွာကျသော အဖုဟူ၍ အဆင့်ဆင့်သောအဖုများကို ကိုယ်ခန္ဓာပေါ်တွင် အဆင့်တိုင်းအား တစ်ပြိုင်နက် တွေ့ရှိရခြင်းပင် ဖြစ်ပါသည်။ ရင်ဘတ်၊ ကျောတို့တွင် အများဆုံးတွေ့ရှိရသော်လည်း အဖုများကို ရံခါ မျက်နှာ၊ ဦးရေပြား၊ လက်မောင်း၊ ပေါင်တို့တွင်လည်း တွေ့ရတတ်ပါသည်။ ခြေ၊ လက်၊ ခြေဖဝါး၊ လက်ဖဝါးများတွင် တွေ့ရခဲ့ပါသည်။ အဖုများ ခြောက်လာသည်နှင့်အမျှ လွန်စွာယားလာတတ်ပါသည်။ အရေခွံ ကွာသွားလျှင် အမာရွတ်ကျန်ခဲ့တတ်ပြီး အမာရွတ်သည် ကျောက်ကြီးပေါက်သကဲ့သို့ အရေပြားတွင် လွန်စွာချိုင့်၍ ဝင်သွားခြင်းမရှိသည့်အပြင် သေရာပါကျန်မည့် အမာရွတ်လည်း မဟုတ်ပေ။ အာခေါင်တွင်း၊ လျှာ၊ ပါးစောင်တွင်း၊ မျက်စိတွင်း၊ မိန်းမကိုယ်အတွင်း အစရှိသည်တို့၌လည်း ရံခါပေါက်တတ်ပါသည်။ ပုံမှန်အားဖြင့် အဖုခြောက်၍ ကွာကျ စပြုသောအချိန်တွင် ကလေးလည်း ကိုယ်အပူချိန်ကျနေပြီး ဖြစ်ပါသည်။

 

သွေးယိုသော ရေကျောက်
သွေးယိုသော ဆင်ဝက်သက်ရှိသလို သွေးယိုသော ရေကျောက်လည်း ရှိပါသည်။ ဤရေကျောက်မျိုး ထွက်ခါနီးတွင် ကိုယ်ပူအလွန်ကြီးခြင်း၊ လွန်စွာ ခွေနုံးခြင်း စသည် တို့ဖြစ်ပေါ်ပြီး ရေကျောက်ထွက်လာလျှင် ရေကြည်ဖုများအတွင်းသို့ သွေးယိုစီးခြင်း ဖြစ်ပေါ်လာပြီး ရံခါသွေးယိုစီးနှုန်း လွန်စွာများပြားလာတတ်ပါသည်။ အဖုများသည် သွေးယို စီးခြင်းကြောင့် မည်းနက်သော အရောင်ရှိပြီး အဖုများအကြားရှိ အရေပြားတွင်လည်း သွေးခြေဥနေတတ်ပါသည်။ ဆီးလမ်းကြောင်းတွင် သွေးယိုတတ်ပြီး ဆီးသွားသောအခါ သွေးပါတတ်ပါသည်။ ခုခံအားကျဆင်းသော လူကြီး၊ ကလေးများ စတီးရွိုက် (steroids) သောက်နေရသော လူနာများ၊ ကင်ဆာဆေးများ သောက်နေရသူလူနာများတွင် ဤဆိုးရွားသော ရေကျောက်မျိုး ဖြစ်ပေါ်လာနိုင်ပါသည်။ 

 

ရေကျောက်ပေါက်ပြီး နောက်ဆက်တွဲပြဿနာများ
ရေကျောက်ပေါက်၍ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း ရေကျောက်ပေါက်ပြီးနောက် ပေါ်ပေါက်လာတတ်သော နောက်ဆက်တွဲ ပြဿနာများကြောင့် ဆိုးဝါးသော အနေအထားသို့ ရောက်နိုင်သည့်အပြင် အသက်ပါ ဆုံးရှုံးသွားနိုင်ပါသည်။ အဆိုးဝါးဆုံး နောက်ဆက်တွဲပြဿနာမှာ သွေးဆိပ်ပြန်ခြင်းနှင့် သွေးဆိပ်တက်ခြင်းပင် ဖြစ်ပါသည်။ ပြည်တည်နာ အကြီးကြီးများဖြစ်ခြင်း၊ အရေပြားအောက် ကြွက်သားများအထိ ပြည်တည်ခြင်း၊ ၎င်းနေရာများမှတဆင့် အဆုတ်၊ အရိုးအဆစ်တို့အထိ ပျံ့နှံ့နိုင်ပါသည်။ 

 

ဦးနှောက်လည်း ရောင်တတ်

ရေကျောက်အဖုများ စုံစုံလင်လင်ရှိခါစအချိန်တွင် ဦးနှောက်ရောင်ခြင်း ဖြစ်တတ်ပါသည်။ အထူးသဖြင့် ဦးနှောက်၏ အောက်ခြေပိုင်း ရောင်တတ်ကြောင်းတွေ့ရပါသည်။ ကလေးသ ည် တက်ခြင်း၊ ကယောင်ကတမ်း ပြောဆိုခြင်း၊ ကိုယ်တစ်ခြမ်း မလှုပ်နိုင်ခြင်းတို့ ဖြစ်တတ်ပါသည်။ မည်သို့ဆိုစေ အများအားဖြင့် အခြေအနေပြန်၍ ကောင်းလာနိုင်ပါသည်။ ရေကျောက်ပေါက်ပြီးနောက် စိတ်ပူစရာ အခြေအနေတစ်ခုကို ဖန်တီးနိုင်သော အခြားနောက်ဆက်တွဲ ပြဿနာတစ်ခုမှာ အဆုတ်ပွခြင်း၊ ရောင်ခြင်း ပင်ဖြစ်ပါသည်။ အထူးသဖြင့် လူကြီးများ ရေကျောက်ပေါက်လျှင် လည်းကောင်း၊ ခုခံအားကျဆင်းနေ သူများ ရေကျောက်ပေါက်လျှင်လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင် မွေးဖွားခါနီး ခုနစ်ရက် အတွင်း ရေပျောက်ပေါက်ပြီး မွေးဖွားလာသော ကလေးငယ်၌လည်းကောင်း၊ အဆုတ်လွန်စွာ ပွတတ်၊ ရောင်တတ်ပါသည်။ ဤသို့ဖြစ်သော ကလေးများသည် လွန်စွာအသက်ရှူကျပ်ခြင်း၊ သွေးအန်ခြင်း စသော လက္ခဏာများ ပြတတ်ပါသည်။ အခြား နောက်ဆက်တွဲပြဿနာများမှာ နှလုံးရောင်ခြင်း၊ အသည်းနှင့် ကျောက်ကပ်ရောင်ခြင်း၊ အဆစ်ရောင်ခြင်းတို့ ဖြစ်ကြပါသည်။

 

မွေးရာပါရေကျောက်
မွေးရာပါရေကျောက်သည် မွေးကင်းစတွင်ပေါက်သော ရေကျောက်နှင့် မတူပါ။ ကိုယ်ဝန်ဆောင်မိခင် ကိုယ်ဝန်ရှိစ ပထမသုံးလ တွင် ရေကျောက်ပေါက်သောအခါ ဖြစ်တတ်သော ပြဿနာပင် ဖြစ်ပါသည်။ ကိုယ်ဝန် ရှိစကာလတွင် ကလေးငယ်၏ ကိုယ်ခနွာတွင်းရှိ နှလုံး၊ ဦးနှောက်၊ အသည်း စသောအင်္ဂါများ စတင်၍ ဖြစ်ပေါ်တည်ဆောက်ဆဲ ကာလဖြစ်သဖြင့် မိခင်က ထိုအချိန်တွင် ရေကျောက်ပေါက်သော် ရေကျောက်ပေါက်စေသော ဗိုင်းရပ်စ်ပိုးများက ကလေးငယ်၏ ဖြစ်ပေါ်စ အင်္ဂါများကို ဖျက်ဆီးပစ်လိုက်ပါသည်။ သို့ဖြစ်၍ ကလေးငယ် သည် မွေးဖွားလာသောအခါ ခြေလက်တို့ သိမ်နေခြင်း၊ မျက်စိကွယ်ခြင်း၊ ဦးနှောက် မဖွံ့ဖြိုးခြင်း၊ ဉာဏ်ရည်မမီသော ကလေးဖြစ်လာခြင်း စသည်တို့ဖြင့် မွေးဖွားလာရပါသည်။ 

 

ကာကွယ်၍ ရသလော မရသလော

ရေကျောက်ပေါက်နေသော ကလေးကို သီးသန့်ခွဲထားခြင်းဖြင့် ရောဂါကာကွယ်ခြင်း၌ များစွာအကျိုးမရှိပါ။ သို့ရာတွင် ကိုယ်ခံအား ကျဆင်းသော ကလေးများ၊ ကိုယ်ခံအား ကျဆင်းစေသောဆေးများ သောက်သုံးနေသော ကလေးများကိုမူ ရောဂါဖြစ်သော ကလေးနှင့် ခွဲထားသင့်ပါသည်။ ဤနည်းဖြင့် ထိုကလေးများသို့ ကူးစက်မှုကို ကာကွယ်နိုင်ပါသည်။ ကျောင်းသားအရွယ် ကလေးများ ရေကျောက်ပေါက်လျှင်မူကား ကျောင်းရှိ ကလေးများထံ မကူးစက်စေရန် မည်သည့်အချိန်တွင်မှ ကျောင်းသို့လွှတ်ရပါမည် နည်းဟူသော မေးခွန်းကို မိဘများ မကြာခဏ မေးတတ်ကြပါသည်။ စင်စစ် ကိုယ်စပူပြီး အဖုများစ၍ ခြောက်သွေ့လာသော အချိန်အထိသည် ရောဂါပိုး ဖြန့်ချိနိုင်သော အချိန်ပင် ဖြစ်ပါသဖြင့် ပြည်ဖုဘဝမှ ခြောက်သွေ့ပြီး အနာဖေး ကွာကျလာမှ ကျောင်း သို့လွှတ်ခြင်းအားဖြင့် အခြား ကလေးများထံ မကူးစက်နိုင်ရန် ကာကွယ်ရာရောက်ကြောင်း မိဘများအား စေတနာအပြည့်ဖြင့် အသိပေးလိုက်ရပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာယုဇနစောဖြင့်
Health for all magazine, August 2016, Pg. 9-11



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18