ကလေးငိုလွန်းခြင်း
08-Sep-2017ကလေးအဖို့ ဆန္ဒဖော်ထုတ်ကာ အုပ်ထိန်းပြုစု ယုယသူတို့နှင့်ဆက်သွယ် အသိပေးရန်အတွက် ငိုရသည်။ကလေးအများစု တစ်နေ့တာ ခဏခဏငိုသော ကာလများ ပေါင်းစုလိုက်ပါက သုံးနာရီခန့်ရှိသည်။ ယင်းသို့ငိုရခြင်းမှာ ဆာလောင်ခြင်၊ အနှီးသေးစိုခြင်း၊ လေဒဏ်ခံရခြင်း၊ တစ်ယောက်တည်း ပစ်ထားခံရခြင်း၊ ပူလောင်အိုက်စပ်ခြင်း၊ အေးခြင်း (သို့) ခြေကုန်လက်ပန်းကျခြင်းတို့ကြောင့် ဖြစ်ပါသည်။ကလေး ငိုပုံငိုနည်းကို သတိပြုမိနေသော မိဘက ချက်ခြင်းတုန့်ပြန် အရေးတယူ ဆောင်ရွက်လျှင် ကလေး အငိုလျော့သည်။ တစ်နေ့လျှင် ၁၆နာရီမှ ၁၈နာရီထက်လျော့နည်း အိပ်စက်ကာ အသည်းအသန် ဆူညံငိုကြွေးတတ်သော မွေးကင်းစ ကလေးတို့မည်သည် ပုံမှန်မျှသာ ဖြစ်သည်။
မိဘများ ကလေးငိုလွန်းပါက ဆောင်ရွက်ပေးနိုင်သော ကိစ္စရပ်များ
၁။ နို့တိုက်ပြီး နှစ်နာရီကျော် ကြာမှ ငိုပါက နို့ထပ်တိုက်ပါ။ မွေးကင်းစကလေးများကို နေ့နေ့ညည နှစ်နာရီမှ လေးနာရီကြားတစ်ခါ နို့တိုက်ရပါမည်။နို့တိုက်ပြီးပါက ပေါင်ပေါ်တွင် မှောက်လျက်ထား (သို့) ပခုံးပေါ်တင်ကာ အသာအယာ ကျောကို ပုတ်ပေးပါ။
၂။ အနှီးစိုလျှင် လဲပေးပါ။ အနှီး စိုသောကြောင့်လည်း ကလေးငိုနိုင်သည်။
၃။ ကလေး ကုပ်ပိုး ပူနေ၊ အေးနေသလားဆိုသည်ကို စမ်းစမ်းကြည့်ပါ။ နွေးရမည်၊ ချွေးစို မနေစေရ။ ခြေဖျားလက်ဖျားကမူ အေးနေပေလိမ့်မည်။ ထိုအခါ ပူခြင်း၊ အေးခြင်းနှင့်သင့်လျော်ရာ အဝတ်အစားများ လဲပေးပါ။ အေးပါက နွေးနွေးထွေးထွေးထားပါ၊
၄။ ကလေးက အိပ်ချင်နေပြီဖြစ်သော်လည်း မအိပ်သေးပါက ချော့သိပ်ပါ။
၅။ ကလေးကို ပစ်မထားသင့်ပါ၊ ကလေးပျင်းလာ အထီးကျန် ဆန်နေသကဲ့သို့ ခံစားရတတ်သည်။
၆။ အငိုမတိတ်သော ကလေးကြောင့် သင် ပင်ပန်းနွမ်းနယ်ပါက ကလေးကို ချီပိုး၍ လမ်းထလျှောက် (သို့) ပုခက်ထဲ ထည့်လွှဲပေးခြင်းတို့လုပ်ပေးပါ။ယင်းကိစ္စများ ဆောင်ရွက်ရန် ဆွေမျိုး မိတ်ဆွေများကို အကူအညီတောင်း ခြင်းဖြင့် သင် ခေတ္တ အနားယူလိုက်ပါ။
၇။ ချီထားစဉ် အငိုတိတ်ကာ ပြန်ချလိုက်သည်နှင့် ငိုပါက (သို့) အိပ်ရာထဲချလိုက်သည်နှင့်ငိုပါက ကလေးကို ဆက်ပွေ့ထားပြီ သီချင်းဆိုသိပ်ပါ။
၁၀ မိနစ်ခန့် ကြာသည်အထိ ယင်းအတိုင်းနေပေးပါ။ ပြန်ငိုပါက ရှေးနည်းတူ ပြန်နှစ်သိမ့်းပါ။
အကယ်၍ ကလေးငိုသံ ပုံမှန်မဟုတ်ပဲ အဖျား ကဲ့သို့သော အခြားဝေဒနာများ ပါရှိနေလျှင် (သို့) ကလေး အငိုတိတ် စေရန် မစွမ်းဆောင်နိုင်တော့လျှင် ဆရာဝန်နှင့်ပြသရန် လိုအပ်ပေသည်။
Dr.Zin
Credit - Home Doctor (ဒေါက်တာ သန်းထွဋ်)