ကလေးများတွင်ဖြစ်သော နားကိုက်ခြင်း
26-Sep-2017နားကိုက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအမျိုးမျိုးရှိပါတယ်။ နားကိုက်စေတဲ့ အဓိက အကြောင်းအရင်းကတော့ နားအလယ်ပိုင်းကို ရောဂါပိုးဝင်ရောက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အသက်ခြောက်နှစ်အောက်ကလေးများရဲ့ နှာခေါင်း၊ လည်ချောင်းနဲ့ နားအလယ်ပိုင်းတိို့ကို ဆက်သွယ်ပေးတဲ့ ပြွန် (Eustachian tube) ဟာ တိုနေသေးတာမို့ နားအလယ်ပိုင်းကို ရောဂါပိုးအလွယ်တကူ ရောက်ရှိသွားစေကာ နားကိုက်ခြင်းကို ခံစားရစေပါတယ်။ သွားကိုက်ခြင်း၊ အာသီးရောင်ခြင်း၊ ပါးချိတ်ရောင်ခြင်း ရောဂါများမှာ လည်ပင်းမှ အကျိတ်ရောင်ရမ်းလာခြင်းကြောင့်လည်းကောင်း၊ လေအေးများတိုက်ခတ်နေစဉ် နားရွက်ကို မဖုံးအုပ်ပေးဘဲ အပြင်သို့ထွက်ခြင်းကြောင့်လည်းကောင်း၊ နားကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ နားရွက်နဲ့ နားပြွန်အပြင်ပိုင်း ပိုးဝင်ရောက်ခြင်း၊ နားပြွန်အဝမှာ တစ်ခုခုဝင်၍ ပိတ်ဆို့နေခြင်း၊ နားပြွန်အပြင်ပိုင်းမှာ မွေးကျွတ်နာဖြစ်ခြင်း တို့ကြောင့် နားဟာ အဆက်မပြတ် ကိုက်နေတတ်ပါတယ်။
စိုးရိမ်ရပါသလား
နားကိုက်ခြင်းနဲ့အတူ အကြားအာရုံ ချွတ်ယွင်းလာတာကိုပါ ခံစားရရင် အရေးကြီးပါတယ်။ ဆေးကုသမှုမပေးခဲ့ပါက နားအလယ်ပိုင်း လုံးဝပျက်စီးသွားမှာ ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
- နားဘေးပတ်လည်မှာ နာကျင်နေခြင်း
- ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် (၁၀၀ ဒီဂရီ ဖာရင်ဟိုက်) ထက်ပူခြင်း
- နားပြည်ယိုခြင်း
- နားလေးခြင်း
- အာသီးရောင်ခြင်း
- နားရွက်ကို ကိုင်လျှင် နာကျင်ခြင်း
- အကျိတ်များရောင်ခြင်း
- ကလေးငယ်ဟာ နား နာနေတာမို့ နားကို ပွတ်နေတာ ဒါမှမဟုတ် နားရွက်ကို လက်နဲ့ဆွဲနေတာကို သတိပြုမိနိုင်ခြင်း
သင်ပထမဆုံးဘာလုပ်သင့်သလဲ
၁။ ကလေးဖျားနေပါက ကိုယ်အပူချိန်တိုင်းကြည့်ပါ။
၂။ နားထဲမှ အရည်ယိုထွက်ခြင်း၊ နားလေးနေခြင်း ရှိမရှိ စစ်ဆေးကြည့်ပါ၊ သူတစ်ဖက်လှည့်နေစဉ်၊ သူ့နာမည်ကို တိုးတိုးခေါ်ကြည့်တဲ့အခါ သူ့ခေါင်းလှည့်လာခြင်းရှိမရှိ သတိထားကြည့်ပါ။
၃။ ကလေးရဲ့ အာခေါင် အတွင်းပိုင်း အာသီးရောင်ရမ်းနေခြင်း နီရဲနေခြင်းရှိမရှိ စစ်ဆေးကြည့်ပါ။
၄။ နားအပြင်ပိုင်းတွင် ရောင်ရမ်းနေခြင်း ရှိမရှိ ကြည့်ရှုပါ။
ဂွမ်းစနဲ့သွင်းပြီး နားပြွန်အတွင်းကို သုတ်ခြင်း၊ နားကျပ်ခြင်း လုံးဝမလုပ်ဆောင်ရပါ။
ဆရာဝန်နဲ့ ပြသဖို့လိုပါသလား
ကလေးနားကိုက်တယ်ဆိုရင် ရောဂါပိုး တစ်မျိုးမျိုး ဝင်ရောက်နေခြင်း ဖြစ်နိုင်တာမို့ ဆရာဝန်ထံ ချက်ချင်းပြသဖို့လိုပါတယ်။ ကလေးဟာ ကိုယ်ပူဖျားနေပြီးနားနာနေမယ်၊ အထူးသဖြင့် နားထဲက အရည်တစ်မျိုးမျိုး ယိုကျနေမယ်ဆိုရင် ဆရာဝန်ထံချက်ချင်းပြသဖို့ လိုအပ်ပါတယ်။ ကလေးငယ်လွန်းသေးတာမို့ နားကိုက်ကြောင်းမပြောပြတတ်သေးဘဲ နားရွက်ကို ပွတ်ဆွဲပြီး ငိုနေတယ်ဆိုရင် ဆရာဝန်ထံပြသရန်ဖြစ်ပါတယ်။
ဆရာဝန်ကဘာတွေလုပ်ပေးမှာလဲ
ဆရာဝန်က သင့်ကလေး နားကိုက်ရောဂါ ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းကို ရှာဖွေပါလိမ့်မယ်။ ဘက်တီးရိးယားပိုးကြောင့်ရောဂါ ဖြစ်ပွားတာဆိုရင် ပိုးသတ်ပဋိဇီဝဆေးကို ညွှန်ကြားပါလိမ့်မယ်။
သင်ဘာလုပ်ပေးနိုင်မလဲ
- နားရွက်အနောက်ဖက်နေရာကို အဝတ်စလေးခံပြီး ရေနွေးပုလင်းကပ်ပေးခြင်းဖြင့် နားကိုက်ဝေဒနာသက်သာစေပါတယ်။ နားပြွန်အပြင်ပိုင်းမှာ မွေးကျွတ်နာပေါက်ပြီး နားကိုက်ခြင်းခံစားရပါက ပါရာစီတမောဆေး တိုက်ကျွေးနိုင်ပါတယ်။
- ရေချိုးစဉ်နားထဲသို့ ရေမဝင်အောင်ချိုးပေးပါ။
Credit: ဒေါက်တာမာမာဆွေ (ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော်)
By Dr. Pearl (7887 Healthcare Call Center)