ကလေးငယ်များဖြစ်သည့် အင်ပျဉ် (Childhood urticarial)
10-Oct-2017အရေပြားမှာ ယားယံလာပြီး နီရဲလာကာ အဖြူရောင်အကွက်အပိမ့်များ ပြင်ထလာအောင် ထွက်လာတဲ့ အခြေအနေများ တွေ့ရတတ်ပါတယ်။ အသားကို တစ်စုံတစ်ခုနဲ့ ထိခိုက်လိုက်ပြီး အရှိုးရာထင်ကျန်ခဲ့သလို ပုံစံနဲ့လည်း ခပ်ဆင်ဆင်တူပါတယ်။ အပိမ့်အဖုပြင်ရဲ့ အရွယ်အစားကလည်း မှဲ့သာသာအရွယ်လေးကနေ စင်တီမီတာတော်တော်များများ အရွယ်ထိ ရှိနိုင်ပါတယ်။ ဒီရောဂါ ဖြစ်ရတဲ့အကြောင်းအရင်းကတော့ အရေပြားနဲ့မတည့်တဲ့ အရာများနဲ့ ထိတွေ့မိခြင်း သို့မဟုတ် မတည့်တဲ့အစာ စားမိခြင်း (ဥပမာ - ပင်လယ်စာများ၊ စတော်ဘယ်ရီသီးစသဖြင့်) သို့မဟုတ် မတည့်တဲ့ ဆေးဝါးသောက်မိခြင်း (ဥပမာ - ပင်နယ်စလင်၊ အက်စပရင် ဆေးများစသဖြင့်) တို့ကြောင့် ဖြစ်ပါတယ်။ ပျားတုပ်ခံရတဲ့ အခါမှာလည်း ဖြစ်တတ်ပါတယ်။ အစမှာအပိမ့်များ ထွက်လာပြီး နာရီဝက်လောက်ကြာကြာ ယားနေတတ်ပါတယ်။ ပြီးရင်တော့ ယားယံတာ သက်သာသွားပြီး အပိမ့်အကွက်အနာရွတ်ရာများ နေရာအနှံ့ကျန်နေခဲ့ပါသည်။
စိုးရိမ်ရပါသလား
စိုးရိမ်ဖို့သိပ်မလိုပါဘူး။ ဒါပေမဲ့ ပါးစပ်တစ်ဝိုက်မှာ အပိမ့်များထွက်ပြီး ရောင်ရမ်းလာရင်တော့ လျှာ၊ လည်ချောင်းစတဲ့ နေရာတွေကို ပျံ့သွားပြီး ရောင်ရမ်းမှုကြောင့် အသက်ရှူရခက်ခဲတဲ့ ပြဿနာရှိလာနိုင်တာမို့ ဆရာဝန်ထံ အမြန်ဆုံးသွားပြဖို့လိုပါတယ်။
ရောဂါလက္ခဏာများ
• အရေပြားနီလာပြီး အပေါ်မှာ အဖြူရောင်အပိမ့်များထွက်ခြင်း။
• အလွန်ယားယံခြင်း။
• နာရီဝက်ခန့်အကြာမှာ အပိမ့်အဖုများ နေရာတွင် အနာရွတ် အကွက်အရာများ ထင်ကျန်ရစ်ခြင်း။ ခန္ဓာကိုယ်အနှံ့ အနာရွတ်အရာတွေ့နိုင်ခြင်း။
• မျက်နှာရောင်ရမ်းခြင်း။
သင်ပထမဦးဆုံးဘာလုပ်သင့်သလဲ
၁။ ယားယံမှု သက်သာစေမည့် လိမ်းဆေးအရည်လိမ်းပေးပါ။
၂။ ရေနွေးနဲ့ ရေချိုးပေးခြင်းဖြင့် အယားသက်သာစေပါတယ်။
ဆရာဝန်ထံပြဖို့လိုသလား
ယားယံပိမ့်များ မျက်နှာမှာ ဖြစ်နေရင်၊ အထူးသဖြင့် ပါးစပ်တစ်ဝိုက်မှာ ဖြစ်နေရင် ရောင်ရမ်းလာပါက အရေးကြီးတာမို့ ဆရာဝန်နဲ့ချက်ချင်းပြသပါ။ အဖုအပိမ့်အရာများ ရင်ကြာရှည်ထိ မပျောက်ရင်သော် လည်းကောင်း၊ ကလေးမနေနိုင်အောင် ယားယံနေရင်သော်လည်းကောင်း၊ ဆရာဝန်ထံပြသဖို့ လိုပါတယ်။
ဆရာဝန်က ဘာတွေလုပ်ပေးမလဲ
• အယားသက်သာစေမယ့် Antihistamine လို ဆေးဝါးများကို သောက်စေပါလိမ့်မယ်။
• ရောင်ရမ်းမှုကြောင့် အသက်ရှူခက်တဲ့ ပြဿနာတွေ့ရရင်တော့ Adrenatin ထိုးဆေးထိုးပေးမှာ ဖြစ်ပါတယ်။
သင်ဘာလုပ်ပေးနိုင်မလဲ
အလားတူပြဿနာ မကြာခဏဖြစ်နေရင်တော့ ကလေးကို ကျွေးတဲ့အစာထဲမှာ ကျွေးနေကျမဟုတ်သည့် ထူးဆန်းတဲ့ အစာအမျိုးအစားပါနေသလား စဉ်းစားပါ။ ကလေးကြီးထွားရေးအတွက် အဲဒီအစားအစာဟာ အဓိကကျတဲ့ အမျိုးအစားမဟုတ်ဘူးဆိုရင် တစ်ပတ်နှစ်ပတ်လောက် အဲဒီအစာ မကျွေးဘဲ ရပ်ထားလိုက်ပါ။ ပြီးမှ နည်းနည်းပြန်ကျွေးကြည့်ပြီး ဘာဖြစ်သလဲစောင့်ကြည့်ပါ။
Credit: ဒေါက်တာမာမာဆွေ