Print

ဝလည်းဝစေချင် လှလည်းလှစေချင်

  23-Jan-2019
Preview Image

ဖြည့်စွက်စာ ကျွေးခြင်း၏အစ ကာလသည် မိခင်တိုင်းလိုလို ရုန်း၍ကန်၍ရင်ဆိုင်ရသော ကာလပင်ဖြစ်ပါသည်။ ကလေးငယ်နှင့် မိခင်တို့၏ စစ်ပွဲလေးတစ်ပွဲဟု တင်စားလျှင်လည်း မှားမည်မထင်ပေ။ မိခင်နို့၏ အရသာနှင့် ကွာချင်တိုင်း ကွာနေသည် မဟုတ်ပါလော။


 မကျွေးမဖြစ်သဖြင့် နည်းမျိုးစုံသုံး၍ ကျွေးကြပါတော့သည်။ စိတ်ရှည်လက်ရှည် ကျွေးခြင်းထက် အနိုင်ကျင့်၍ ကျွေးသည့်ဘက်သို့ ရောက်သွားစမြဲပင်။ ချစ်လွန်း၍၊ စားစေချင်လွန်း၍ ဤသို့ ပြုကြရပါသည်ဟူ၍လည်း အယူခံဝင်ကြပါသေးသည်။ အစဦးပိုင်းမှာတော့ ချော့မော့၍ ကျွေးကြ၊ စိတ်ရှည်ရှည် ကျွေးကြသည်လေ။ “ ကလေးက ငယ်ငယ်လေးပါ။ ငါတို့ပုံသွင်းတာဝန်မှာ အသေအချာ” ဟူ၍လည်း မိမိကိုယ်မိမိ အထင်ကြီးပြီး ကလေးကို အထင်သေးကြစမြဲပင်။ သို့ရာတွင် အများအားဖြင့် အထင်နှင့်အမြင် လွဲပါသည်လေ။ ကလေးကို လျှော့တွက်၍ မရပါပေ။ လွန်စွာ ဇွဲကောင်းသူများသာ ဖြစ်ချေသည်။ အစာကို ပါးစပ်တွင် အတင်းသွင်းလျှင် မျိုချလိုက်ပေမည်ဟူ၍ ပေါ့ပေါ့ဆဆတွေးမိလျှင် လုံးဝလွဲမှားပေးလိမ့်မည်။ မကြိုက်မနှစ်သက်မှုကို အစာထွေးထုတ်ခြင်းဖြင့် သက်သေပြလိုက်သည်လေ။ ထွေးထုတ်တော့ လူကြီးများကလည်း မိမိတို့၏ အာဏာကိုပြသည့်အနေဖြင့် နောက်ထပ် တစ်ဇွန်းထပ်ထည့်သည်ပေါ့။ အစာကို ပါးစပ်တွင်း သွင်းသူကသွင်း၊ ထွေးထုတ်သူက ထွေးထုတ်ဖြင့် သံသရာချားရဟတ်လည်ပတ်လျက်ပင်။ ဤသို့ပင် လူကြီးများ၏ စိတ်ရှည်မှု လျော့ပါးလာသည်မှာ အပြစ်မဆိုသာပေ။


နောက်ဆက်တွဲတိုက်ကွက်များ

 ကလေးလည်း ခဏခဏ ထွေးထုတ်ရသည်မှာ ပင်ပန်းလာချေပြီ။ တိုက်ကွက်ပုံစံပြောင်းလဲရန် အချိန်တန်ပြီဆိုသည်ကို သဘောပေါက်သွားပြီး ထိုးသွင်းအစာကို မထွေးထုတ်တော့ဘဲ နောက်ထပ် အစာမဝင်လာစေရန် ငုံထားသည် အနေအထားသို့ ပြောင်းလဲလိုက်ပြန်ပါတော့သည်။ ဇွဲရှိရှိနှင့် ကြာရှည်စွာ ငုံထားနိုင်ခြင်းမှာ ကလေး၏ အရည်အချင်းတစ်ခုပင် ဖြစ်ပါတော့သည်။ ငုံထားသည်မှာ နှုတ်ခမ်းထောင့်များမှ အရည်များပင်စီးကျသည်အထိ ငုံထားဆဲပင်။ ကဲ…ဘာများ တက်နိုင်သေးလဲ လူကြီးအပေါင်းတို့ရေ။


 ရံဖန်ရံခါ ကာတွန်းဇာတ်ကားပြ၍လည်းကောင်း၊ ကလေးနှစ်သက်သည့် ကစားစရာများပေး၍လည်းကောင်း မြူဆွယ်၍ ကျွေးကြပြန်သည်။ ရံဖန်ရံခါ အောင်မြင်လေ့ရှိပါသော်လည်း ကြာကြာမခံပြန်။ စင်စစ် ကလေးအား အစားအစာမှ အာရုံလွဲသကဲ့သို့ ဖြစ်နေသဖြင့်၊ သင့်တော်သော နည်းလမ်းတော့မဟုတ်ပါပေ။ မလွှဲသာလျှင်တော့ ဤနည်းကိုပင် သုံးရပါတော့သည်။


ငြီးငွေ့ပြန်တော့

 ကျွေး၍ စားပြန်တော့လည်း နေ့စဉ် ဤအရောင်အဆင်း ဤပန်းကန်၊ ဇွန်းတို့နှင့်သာ ထိတွေ့ကျင်လည်ရသောအခါ ကလေးသည် ငြီးငွေ့လာသည်မှာလည်း သူတို့၏ သဘာဝပင်ဖြစ်ပါသည်။ ငြီးငွေ့လွယ်သော သဘာဝကိုလည်း လူကြီးများက နားလည်ပေးရမည်။ စားလျှင်ပြီးရောဟူ၍ ဝတ္တရားတစ်ခု ဆောင်ရွက်နေဘိသကဲ့သို့ မဟုတ်ဘဲ စေတနာနှင့် စာနာမှုလေးလည်း ထားရမည်သာ ဖြစ်ပါသည်။ “ ငါတောင် နေ့တိုင်း ထမင်းစားရတာ မစားချင်တဲ့နေ့တွေ ရှိတတ်တာပဲ” ဟူ၍ စာနာကာ ရံဖန်ရံခါ ခေါက်ဆွဲ၊ ပေါင်မုန့် စသည်ဖြင့် ပြောင်းလဲ၍ ကျွေးသင့်ပါသည်။


 အချို့သော မိဘများသည် မုန့်အမျိုးမျိုး ကျွေးတက်သော အကျင့်ရှိတက်ပါသည်။ အာဟာရဓာတ်ရရှိစေသော ပေါင်မုန့်၊ ကြက်ဥ၊ မြန်မာမုန့်များ စသည်တို့ စားလျှင်တော့ အကျိုးရှိသည်ပေါ့။ ထို့သို့မဟုတ်ပဲ ခေတ်ပေါ်မုန့်ထုပ်များ၊ ချိုချဉ် သကြားလုံးများ၊ မလတ်ဆက်သော အသားကင်များ ဆိုလျှင်တော့ အကျိုးယုတ်သည်သာ အဖက်တင်ပေမည်။ ထမင်းစားချိန် မဟုတ်ဘဲ စားနေလျှင် ထမင်းစားချိန်တွင် ထမင်းမည်သို့ စားနိုင်ပါအံ့နည်း။


အသက်တစ်နှစ်ပြည့်ပြီးနောက်

 ဖြည့်စွက်စာ စတင်ကျွေးပြီးနောက် ဆန်ပြုတ်သည်လည်း ဖြည်းဖြည်းချင်း ပျစ်ပျစ် ကျွေးလာရပြီး၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက် စသည်တို့လည်း အကြိမ်ပို၍ ကျွေးလာရမည် ဖြစ်ပါသည်။ အသက်တစ်နှစ်ပြည့်မှ လူကြီးစားသော ထမင်းကို စတင်၍ ကျွေးသင့်ပါသည်။ ပျော့ပျော့လေးဖြင့် အစပြုပါက ပို၍အကျိုးရှိပါမည်။ လူကြီးထမင်းဝိုင်းတွင် ထိုင်စေပြီး သင့်လျော်သော ဟင်းလျာများဖြင့် မိတ်ဆက်ကျွေးမွေးရပါမည်။ ငါသည်လည်း မိသားစုဝင်တစ်ဦးပါလားဟူသော အသိစိတ်ရရှိစေရန် ပြုလုပ်ပေးရပါမည်။ ထိုသို့သောအကျင့်ကို ရရှိသွားလျှင် အစာကျွေးရခက်သော ကလေးဖြစ်လာတော့မည်မဟုတ်ပေ။ ဇွန်းကိုင်၍လည်းစားပါစေ။ အစာများ ပေပွနေလျှင် ဆေးကြောပေး၍ရသည်သာ။ မိမိကိုယ်မိမိ အားကိုးတက်စေရန် ထိုအချိန်မှ စ၍ လေ့ကျင့်သင့်ပါသည်။


 ရံဖန်ရံခါ အပြိုင်အဆိုင်စနစ်ဖြင့် ကျွေးရသည့်အခါလည်း ရှိပါသည်။ “ ဟို သားသားက အများကြီးစားတယ်တွေ့လား” ဟူ၍ မခံချင်စိတ်ရှိလာပြီး စားလာစေရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။


အားဆေး၊ စားဆေး

 အားဆေးကို အားကိုရန် မလိုဟု ဆိုလိုခြင်းတော့ မဟုတ်ပါပေ။ အားဆေးတိုက်လျှင် ကလေးအတွက်လိုအပ်သော ဗီတာမင်ဓာတ်၊ သံဓာတ် စသည်တို့ကို ပေးဆောင်နိုင်ပါသည်။ မျှတသော အာဟာရကိုစားသုံးသော ကလေးများသည်လည်း ထိုဓာတ်တို့ကို ရရှိစမြဲပင်။


 သို့ဖြစ်၍ ကလေး၏ ကိုယ်အလေးချိန် ကောင်းမွန်စွာတိုးလာစေဖို့ အာဟာရကို ဆောင်ကြစို့ ဟူ၍သာ အကြံပေးလိုပါသည်။ ကလေးအသက်ကြီးလာသည်နှင့်အမျှ လိုအပ်ချက်များလည်း ပိုလာသဖြင့် ပမာဏတိုး၍ ကျွေးရန်လည်း လိုအပ်ပါသည်။


 ခြိမ်းခြောက်၍ ကျွေးခြင်း ကြိုက်ကြိုက်မကြိုက်ကြိုက်ကျွေးခြင်း၊ ဝတ္တရားအရ ကျွေးခြင်း စသည်တို့ကို ရှောင်၍ မေတ္တာ အပြည့်အဝပါရှိသော အစားအစာတို့ကို ကလေးလိုလားစွာ စားလာသည်အထိ စိတ်ရှည်စွာ ကျွေးမွေးနိုင်ကြပါစေ။


Credit : စေတနာအနန္တဖြင့်

ဒေါက်တာ ယုဇနစောမြင့်

(ယုယ-ဆေး-၁)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18