သွေးကင်ဆာ
30-Oct-2016
သွေးကင်ဆာဖြစ်ပွားမှုနှုန်း
****************************
မြန်မာနိုင်ငံမှာ သွေးကင်ဆာဖြစ်နှုန်းက အသင့်အတင့်ရှိပါတယ်။ အတိအကျပြောလို့မရတာက ကင်ဆာလူနာတွေကို ကောက်ယူထားတဲ့
စာရင်းက ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ နေပြည်တော်က လွဲလို့ ကျန်တဲ့နေရာတွေမှာ စုစည်းဖို့ ခက်လို့ပါ။ ဒါပေမယ့် ဖြစ်နှုန်းကတော့ မနည်းလှပါဘူး။
သွေးကင်ဆာအမျိုးအစား
**********************
သွေးကင်ဆာထဲမှာ ရုတ်တရက် အပြင်းအထန်ဖြစ်တဲ့ Acute နဲ့ Chronic ဆိုတဲ့ နာတာရှည်ဖြစ်စေတဲ့ သွေးကင်ဆာရှိတယ်။ အဲဒီမှာမှ နားလည်အောင်ပြောရရင် Lymphoid Cells တွေမှာ အဓိကဖြစ်တဲ့ သွေးကင်ဆာတစ်မျိုးကတော့ Lymphoblastic Leukemia နဲ့ Myeloid Cells တွေမှာဖြစ်တဲ့ သွေးကင်ဆာက Myeloid Leukemia ဆိုပြီး နှစ်မျိုးရှိပါတယ်။ သွေးကင်ဆာက အများအားဖြင့် ယေဘုယျအနေနဲ့ပြောရရင် ရုတ်တရက်နဲ့ နာတာရှည်ရှိတဲ့ထဲမှာ ရုတ်တရက်က ကလေးတွေမှာ စဖြစ်တာများပြီး နာတာရှည်ကတော့ အများအားဖြင့် အသက်ကြီးတဲ့သူတွေမှာ ဖြစ်ပါတယ်။ နှစ်ခုစလုံးကတော့ ဖြစ်နိုင်ခြေရှိပါတယ်။
သွေးကင်ဆာဖြစ်စေတဲ့အကြောင်း
****************************
မျိုးရိုးဗီဇ အပြောင်းအလဲတွေ အများကြီးပါတယ်။ အဲဒီမျိုးရိုးဗီဇကို ပြောင်းစေတဲ့ အကြောင်းအရင်းတွေက ဓာတုပစ္စည်းတွေ၊ ဓာတ်ရောင်ခြည်ပစ္စည်းတွေနှင့်နျူကလီးယား ပစ္စည်းတွေနဲ့ ထိတွေ့မှုတွေပါတယ်။
မျိုးရိုးဗီဇ
*******
မျိုးရိုးဗီဇကြောင့် ဖြစ်တာကျတော့ တစ်ခါတစ်လေကျရင် အဖေကနေ သားသမီးကို တိုက်ရိုက်မျိုးရိုးလိုက်တာရှိတယ်။ ပန်းပွင့်လေးတွေလိုပဲ။ တစ်ခါတစ်လေကျရင် ငုပ်ဗီဇဆိုတာမျိုးတွေ့ရတယ်။ ငုပ်ဗီဇဆိုတာ သားသမီးမှာ မပေါ်ဘူး၊ မြေးမှာမပေါ်ဘူး၊ မြစ်ကျမှ သွားပေါ်တတ်တာမျိုးတွေပါ။
သွေးကင်ဆာရဲ့လက္ခဏာ
*********************
သွေးကင်ဆာကို အမျိုးမျိုး သိနိုင်ပါတယ်။ သွေးကင်ဆာရဲ့ လက္ခဏာတွေ အများကြီးရှိပါတယ်။ သာမန်အားဖြင့် သိနိုင်တာတွေကတော့ နုံးလွယ်တယ်။ ကြည့်လိုက်ရင်လည်းဖြူဖပ်ဖြူရော်ကြီး ဖြစ်လာတယ်။ အစားအသောက်မစားချင်ဘူး၊ အန်တယ်၊ တဖြည်းဖြည်းဘယ်လောက်စားစား ဝိတ်လျော့လာတယ်။ ခဏခဏဖျားတယ်။ ဖျားတဲ့အခါကျတော့သွေးဖြူဥတွေက ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ ဘတ်တီးရီးယားပိုးတွေကို တိုက်ထုတ်ရမှာ။ သူကိုယ်တိုင်က ပုံမမှန်ဖြစ်နေတဲ့အတွက် မတိုက်ထုတ်နိုင်တော့ဘူး။ အဲဒီတော့ခဏခဏဖျားတယ်၊ ဝိတ်ကျတယ်၊ နေမကောင်းဘူး၊ အန်တယ်ဆိုတဲ့ လူနာတွေအနေနဲ့ နှစ်ပတ်၊ သုံးပတ်ကျော်လာပြီဆိုရင် ဆရာဝန်တွေနဲ့ ပြသင့်တယ်။ သွေးဖြူဥတွေ မကောင်းတော့တဲ့အတွက် ရိုးတွင်းခြင်ဆီပါထိလာပြီး နှာခေါင်းသွေးလျှံတယ်၊ တစ်ခုခုနဲ့ ထိမိပွန်းမိရင်လည်းသွေးမတိတ်တာမျိုးတွေ၊ နဂိုကတည်းက အစာအိမ်မှာ အနာတွေရှိရင် သွေးစိမ့်တာ၊ ဝမ်းအမည်းတွေ သွားတာမျိုး၊ သွေးအန်တာမျိုးတွေ၊ သွားဖုံးက သွေးယိုတာ(သာမန်အားဖြင့်သွားဖုံးက သွေးယိုစရာအကြောင်း မရှိပါဘူး။ ညင်ညင်သာသာ သွားတိုက်လည်း သွားဖုံးက သွေးယိုတာ) မျိုးတွေနဲ့ သိနိုင်ပါတယ်။
စမ်းသပ်စစ်ဆေးခြင်း
*******************
တတိယအမျိုးအစားကတော့ Medical Check-up လုပ်ရင်းမှ သိရတယ်။ တချို့ကျတော့လည်း သတိမထားမိဘူး။ Blood Film လုပ်ကြည့်မှပဲ သိကြတယ်။ သေချာသိချင်တယ်ဆိုရင် သွေးဖောက်ကြည့်ရတယ်။ လိုအပ်ရင် ရိုးတွင်းခြင်ဆီကိုပါယူပြီး Genetic Material တွေသိဖို့ ပြန်ကြည့်ရပါတယ်။ ဘယ်နေရာကို ပျံ့နှံ့နေသလဲဆိုတာ သိရအောင် Ultrasound၊ လိုအပ်ရင် CT၊ MRI တွေနဲ့ စစ်ရမယ်။
သွေးကင်ဆာကုသမှု
******************
သွေးကင်ဆာက ပြင်းထန်တဲ့ ကင်ဆာထဲမှာ ပါတယ်။ မြန်လည်းမြန်တယ်။ ဆဲလ်ပွားနှုန်း တအားမြန်တယ်။ တကယ်တော့ သွေးကင်ဆာဖြစ်ပြီဆိုရင် ဆရာတို့က ပိုပြီးသတိထားကုသရပါတယ်။ ဖြစ်ပွားမှုပြင်းထန်ပြီး မြန်ဆန်တာကြောင့်ပါ။ သွေးကင်ဆာက ခွဲစိတ်
ကုသလို့ရတာလည်း မဟုတ်တော့ ဆရာတို့က ကင်ဆာဆေး (Chemo Therapy) သွင်းပြီး ကုသပါတယ်။ ဓာတ်ရောင်ခြည်နှင့် ကုတာက ရှားပါးသွေးကင်ဆာတွေမှ ကုတာက များပါတယ်။ များသောအားဖြင့် ကင်ဆာဆေးတွေနဲ့ပဲ ကုသပါတယ်။ ဆေးကိုပါးစပ်က တိုက်တာမျိုးလည်း ရှိပါတယ်။ တချို့သွေးကင်ဆာတွေမှာတော့ ဆေးကိုသုံး-လေးမျိုးလောက် စပ်ပြီးပေးရပါတယ်။ ဆေးက အနည်းဆုံး သုံး-လေးမျိုးကနေ ရှစ်မျိုး၊ ၁၀မျိုးလောက်စပ်ပြီး ပေးရတာမျိုးလည်းရှိပါတယ်။ ရက်အလိုက်၊ အပတ်အလိုက် ပေးတာလည်း ရှိပါတယ်။ ပုံမှန်ကုသရတာတော့ အနည်းဆုံး သုံးလကနေ ခြောက်လအထိ ကုသရပါတယ်။ ဆရာတို့က ဒီတိုင်းစပြီး အရင်ကုသရတာတွေလည်း ရှိပါတယ်။ လိုအပ်ရင် ရိုးတွင်းခြင်ဆီအစားထိုး ကုသရတာတွေရှိတယ်။
သွေးကင်ဆာကာကွယ်မှု
*********************
မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ သွေးကင်ဆာက ကာကွယ်ဖို့ ခဲယဉ်းပါတယ်။ အဏုမြူဓာတ်ပေါင်းဖိုတွေမှာ လုပ်တဲ့၊ ဓာတ်ရောင်ခြည်ဌာနတွေမှာ လုပ်တယ်၊ ဓာတုပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာမှာ လုပ်တဲ့သူတွေဟာ လုပ်ငန်းခွင်မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းကို လိုက်နာမယ်ဆိုရင် သွေးကင်ဆာရောဂါကို ကာကွယ်ပြီးသားဖြစ်ပါတယ်။ ကိုယ်အလုပ်လုပ်တဲ့နေရာမှာ အန္တရာယ်ရှိမယ်၊ IAEA စံနှုန်းထက် ဓာတ်ရောင်ခြည်ကျရောက်မှုများမယ်ဆိုရင် အဲဒီနေရာမှာ မလုပ်သင့်ပါဘူး။ ကာကွယ်ဖို့ဆိုတာက ပြောရတာတော့ ခက်ပါတယ်။လူအချင်းချင်းကို ကူးစက်တဲ့ပိုးတွေလို မဟုတ်တာကြောင့်ပါ။ အဲဒိတော့ နျူကလီးယားပေါက်ကွဲမှုတွေမဖြစ်အောင် တားဆီးတာ၊ ဓာတ်ပေါင်းဖော်တွေကို စနစ်တကျတည်ဆောက်ထားတာ စတာတွေလုပ်ဖို့ လိုပါတယ်။ မျိုးရိုးဗီဇမှာ အဖေနဲ့အမေမှာ ဖြစ်ဖူးရင်၊ အဘိုးအဖွားတွေမှာ ဖြစ်ဖူးရင် ကလေးဘဝကတည်းက သွေးကင်ဆာနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ ကုသတဲ့နည်းတွေကတော့ အတော်ကို ကောင်းလာပါပြီး။အခုနောက်ပိုင်းStem Cell တွေ၊ နာနိုဆေးပညာ၊ ဓာတ်ရောင်ခြည်ကုသမှုတွေ၊ ရိုးတွင်းခြင်ဆီ အစားထိုးတာ (Bone marrow transplant) အတော်လေးလည်း ပေါ်ပေါက်လာပါပြီ။ မျိုးရိုးဗီဇဆိုင်ရာ ကုထုံးတွေအများကြီး ပေါ်လာပါပြီ။ လူနာအတွက် အသက်ရှင်သန်မှုနှုန်းကတော့ အတော်လေးကို တက်လာပါတယ်။ ဘာပဲဖြစ်ဖြစ် ရောဂါရလာပြီဆိုရင် မိသားစုအတွင်းမှာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်ပြီးတော့ တကယ့်တတ်ကျွမ်းတဲ့ အထူးကုတွေနဲ့ ဆေးရုံတွေမှာ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးတော့ ကုသမှုခံယူပါလို့ ဆရာအနေနဲ့ အကြံပေးချင်ပါတယ်။
Healthcare.com.mm
Ref:
ပါမောက္ခဒေါက်တာစိန်လင်း
(ကင်ဆာနှင့် ခွဲစိတ်မှုပါရဂူ)
Arogyam magazine
June 2013, No.251,Pg.31-33