မွေးကင်းစ အသားဝါ လျှော့ကာ မတွက်လေနှင့်
28-Feb-2017
ကလေးငယ်များသည် မွေးဖွားစမှ အသက်နှစ်နှစ်အတွင်းတွင် ဦးနှောက်ဖွံ့ဖြိုးမှုနှုန်းသည် လွန်စွာမြန်ဆန်ပြီး လူကြီး ဦးနှောက်အရွယ်အစား၏ (၇၅%) ခန့် ပမာဏကို အသက်နှစ်နှစ်တွင် ရောက်ရှိလာပါသည်။ ဤကဲ့သို့ ကလေးဘဝ၏ ပထမနှစ်နှစ်တွင် ဦးနှောက်ဖွံ့ဖြိုးမှု လွန်စွာမြန်ဆန်နေချိန်တွင် ဦးနှောက်ကို အကြောင်းတစ်စုံတစ်ခုကြောင့် ထိခိုက်မိလျှင် ထိုဦးနှောက် အစိတ်အပိုင်းသည် ဆက်လက်ဖွံ့ဖြိုးတော့မည် မဟုတ်ပေ။ သို့မဟုတ် လုံးဝပျက်သွားမည် ဖြစ်ပေသည်။ အသက်ဆုံးရှုံးမှုလည်း ဖြစ်ပေါ်နိုင်ပါသည်။ အသက် မဆုံးရှုံးပါလျှင်လည်း ဦးနှောက် မဖွံ့ဖြိုးသူ၊ ဉာဏ်ရည်ဉာဏ်သွေးနိမ့်ကျသူ တစ်ဦးအနေဖြင့် ဘဝပျက်ရှာသူဖြစ်ပေမည်။
ထိုသို့ ဖွံ့ဖြိုးဆဲဦးနှောက်ကို ထိခိုက်စေသော အကြောင်းများစွာ ရှိသည့်အနက်
အဖြစ်အများဆုံး အကြောင်းမှာ-
• လမစေ့ အလေးချိန် မပြည့် မွေးသော ကလေးများတွင် ဦးနှောက်ဖွံ့ဖြိုးမှု တစ်နည်းနည်းဖြင့် ထိခိုက်ခြင်း၊
• မွေးဖွားစဉ် ရေမွှာရည် မွန်းခြင်း၊ မွေးလမ်းကြောင်းတွင် ကြာမြင့်စွာ ရှိနေခြင်း၊
• မွေးဖွားပြီး တစ်ပတ်အတွင်း လွန်စွာအသားဝါခြင်း၊
• ဦးနှောက်၊ ဦးနှောက်အမြှေးပါးရောင်ခြင်း စသည်တို့ဖြစ်ပါသည်။
မွေးကင်းစမှာ ပုံမှန် ဝါတတ်သည်
မွေးကင်းစ ကလေးငယ် အများစုသည် ရောဂါကြောင့် မဟုတ်ဘဲ ပုံမှန်အားဖြင့် အသားဝါလေ့ရှိကြပါသည်။ ဝါသောဓာတ်ကို ကိုယ်ခန္ဓာတွင်းမှ ထုတ်ပယ်ထားသော အင်ဇိုင်း (Enzyme) တစ်မျိုးသည် ကလေးမွေးဖွားပြီး ရက်အနည်းငယ်ကြာမှ ကိုယ်ခန္ဓာက ထုတ်လုပ်ပေးသဖြင့် ထိုအင်ဇိုင်း မထွက်လာမီ အသားအနည်းငယ် ဝါလေ့ရှိပါသည်။ (Physiological jaundice) ထိုသို့ ပုံမှန်အသားဝါခြင်းသည် မည်သည့်အခါမှ မွေးမွေးချင်း (သို့) မွေးဖွားသည့် ပထမနေ့တွင် ဝါလေ့မရှိပေ။ တစ်နည်းဆိုရသော် ထိုသို့ မွေးမွေးချင်း ဝါလျှင် ပုံမှန်အသားဝါခြင်း မဟုတ်၊ ရောဂါကြောင့် ဝါခြင်းသာလျှင် ဖြစ်ပေတော့မည်။
ပုံမှန် အသားဝါခြင်းသည်
• မွေးဖွားပြီး နှစ်ရက်၊ သုံးရက်သားမှသာလျှင် ဝါလေ့ရှိပါသည်။
• ကြောက်စရာကောင်းသော လက္ခဏာများဖြစ်သည့် တက်ခြင်း၊ ဇက်လန်ခြင်း၊ ခန္ဓာကိုယ် တောင့်တင်းခြင်း၊ နို့မစို့နိုင်ခြင်း၊ သတိလစ်ခြင်း စသည်တို့မဖြစ်ပေ။
• ကလေးငယ်သည် အသားအနည်းငယ်ဝါသည်မှအပ ပုံမှန်အတိုင်း လန်းလန်းဆန်းဆန်းရှိပြီး နို့လည်းကောင်းစွာ စို့နိုင်ပါသည်။
• အသားဝါခြင်းသည် ပြင်းထန်စွာဝါခြင်း အဆင့်အထိ မည်သို့သော်အခါမှ မရောက်ရှိပဲ အနည်းငယ်သာ ဝါတတ်ပါသည်။
• မွေးဖွားပြီး တစ်ပတ်အတွင်း အသားဝါခြင်း လျော့နည်း ပပျောက်သွားလေ့ရှိပါသည်။
ပုံမှန်ဝါခြင်းသည် မွေးကင်းစက လေးရာနှုန်း တော်တော်များများတွင် ဖြစ်လေ့ဖြစ်ထရှိပါသည်။
ရောဂါကြောင့် ဝါသောအခါ
မွေးဖွားပြီး တစ်ပတ် နှစ်ပတ်အတွင်း အင်ဇိုင်းနှင့် မပေါင်းစပ်နိုင်သေးသော အဝါဓာတ် (unconjugated bilirubin) များ လွန်စွာများပြားလာခြင်း “ရောဂါကြောင့် အသားဝါခြင်း” ပင်ဖြစ်ပါသည်။ (unconjugated hyperbilirubinemia)။ ထိုမပေါင်းစပ်နိုင်သော အဝါဓာတ်တို့မှာ အဆိပ်ဓာတ်များပင်ဖြစ်ပြီး သွေးကြောများမှ တစ်ဆင့် ဦးနှောက်၏ အောက်ခြေသို့ ရောက်ရှိသွားတတ်ကြပါသည်။ ထိုအခါတွင် ဦးနှောက် အစိတ်အပိုင်းအချို့ကို ဖျက်ဆီးလိုက်ပြီး ဇက်အောင့်ခြင်း၊ တက်ခြင်း စသည်တို့ကို ဖြစ်ပေါ်စေပါသည် (Kernicterus)။
ဦးနှောက် အစိတ်အပိုင်းအချို့ ပျက်စီးသွားပြီးလျှင် ပျက်စီးသောအပိုင်းသည် မည်သည့်အခါမှ ပြန်ကောင်းလာမည် မဟုတ်တော့ပေ။ ပျက်စီးမှု နှုန်းများလျှင် အသက်အန္တရာယ်ပင် ရှိနိုင်ပြီး အသက်ရှင်လျှင်လည်း ကိုယ်ခန္ဓာ တောင့်တင်းနေကာ လမ်းလျှောက်သည့်အရွယ်တွင် လမ်းမလျှောက်နိုင်ခြင်း၊ ခြေဖျားထောက်၍ ဒယီးဒယိုင် လျှောက်ခြင်း၊ လက်တုန်ခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး လျော့ခြင်း စသည်တို့ဖြစ်ပေါ်လာနိုင်ပါသည်။ (Cerebral palsy –CP)အထက်ပါ ရောဂါများကြောင့် အသားဝါခြင်းသည် ကိုယ်ခန္ဓာမှ ဝါသော ဓာတ်များ ထွက်သွားရန် ပေါင်းစပ်ပေးသော အင်ဇိုင်းမရှိခြင်း (သို့) မလုံလောက်ခြင်းကြောင့် ဖြစ်ရပါသည်။ သို့ဖြစ်၍ အင်ဇိုင်းနှင့် မပေါင်းစပ်နိုင်သေးသော အဝါဓာတ်သည် ကလေး၏ ဘဝတစ်ခုလုံးကို ဖျက်စီးနိုင်သော လက်နက်ကြီးဖြစ်ကြောင်း သိရှိထားရမည်သာဖြစ်ပါသည်။ ထိုသို့သော အသားဝါ အုပ်စုသည် ရံခါ အဝါဓာတ်မလျော့ပဲ “ကြာရှည်စွာ အသားဝါခြင်း” အဆင့်သို့ ရောက်ရှိသွားနိုင်ပါသည်။
ကလေးအသက် နှစ်ပတ်ကျော်သည် အထိ ဆက်၍ ဝါနေလျှင် ကြာရှည်စွာ အသားဝါခြင်း အဆင့်သို့ ရောက်ပြီဖြစ်သည်။ မည်သို့ဆိုစေ၊ မည်မျှကြာအောင် ဝါသည်ဖြစ်စေ၊ ကလေးအသက် ပထမပတ်အတွင်းတွင် ဦးနှောက်ပို၍ ပျက်စီးလေ မဟုတ်ပဲ ပျက်စီးပြီးသားသာလျှင် ဖြစ်ပါသည်။ ကလေး၏ အနာဂတ် လှပစေရန် ဝါခြင်းကို အမြဲသတိထားပြီး ဆေးရုံသို့ အမြန်လာရောက်ပြသရန် လိုအပ်ပါသည်။ ဝါသောဓာတ်၏ ပြင်းနှုန်းပေါ် မူတည်၍ “မီးပြာ” ပြခြင်း၊ သွေးလဲခြင်းတို့ဖြင့် ကယ်တင်နိုင်ပါသည်။ သို့ဖြစ်ပါ၍
“ဝါတာကို သတိမထားမိပါဘူး”
“ကျွန်မက နနွင်းလိမ်းထားလို့ပါ”
“အရင်ကလေးတွေလည်း ဝါတာပဲလေ” စသည်ဖြင့် ပေါ့ဆစွာ ခံယူခြင်း မပြုသင့်ကြောင်း မိဘများသာ အသိပေးအပ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာယုဇနစောမြင့် (ကလေးအထူးကုဆရာဝန်ကြီး)
Health for all magazine, April 2013, Pg. 7-9