ဗီတာမင် စီ
28-Feb-2017
ဗီတာမင် စီ သည် ရေ၌ပျော်ဝင်သော ဗီတာမင်တစ်မျိုးဖြစ်ပေသည်။ ဗီတာမင် စီကိုနောက်တစ်နည်းအားဖြင့် အက်စ်ကိုးဗစ် အက်စစ် (ascorbic acid) ဟုလည်း ခေါ်ဝေါ်ကြသည်။ ၎င်း ဗီတာမင်ကို သတ္တဝါ အတော်များများ၏ ကိုယ်တွင်း၌ ဂလူးကို့စ်မှ တစ်ဆင့်ထုတ်လုပ်နိုင်ကြသော်လည်း လူ၊ မျောက်၊ ပူး၊ ငှက်အချို့နှင့် ငါး အနည်းငယ်တို့၏ ခန္ဓာကိုယ်တွင်း၌ကား လုံးဝမထုတ်နိုင်ကြပေ။ ထို့ကြောင့် အစားအစာမ တစ်ဆင့် ဗီတာမင် စီ ကိုရဖို့ လိုအပ်နေပေသည်။ ဗီတာမင် စီ ချို့တဲ့လျှင် ဖြစ်ပေါ်လာသော ရောဂါကို `စကာဗီ´ (scurvy) ဟု ခေါ်ပေသည်။ စကာဗီကို ၁၆ ရာစုနှစ်ပိုင်းလောက် ကတည်းက နယ်မြေသစ်များ ရှာဖွေ ကြသော သင်္ဘောသားများတွင် စတင်တွေ့ရှိခဲ့ကြစသည်။
သင်္ဘောသားများသည် အစ ပထမတွင် အလုပ်အကိုင်လုပ်လိုစိတ် မရှိကြတော့ဘဲမောပန်းလွယ်လာ ကြသည်ကို တွေ့ကြရသည်။ နောင်သော် သွားဖုံးများရောင်ပြီး သွေးများယိုထွက်လာကြသည်။ အချို့မှာ အရိုးအဆစ်များ ရောင်၍ နာကျင်လာကြသည်။ အရေပြားအောက်တွင် သွေးယိုစိမ့်မှုများလည်း ဖြစ်လာပြီး အနာများ တော်တော်နှင့် မကျက်ဘဲ ရှိနေကြသည်ကို တွေ့ကြရပေသည်။ သို့ရာတွင် ဘာကြောင့် ဤသို့သော လက္ခဏာများ ဖြစ်ရသည်ကို ထိုစဉ်အခါက မည်သူမျှ မရိပ်မိခဲ့ကြပေ။
၁၈ ရာစုလောက် အရောက်တွင်မူ ထိုသို့ သွေးယိုစပြု လက္ခဏာများ ဖြစ်နေကြသော သင်္ဘောသား အချို့ပါသော သင်္ဘောတစ်စီး သည် လေမုန်တိုင်းဒဏ်ကြောင့် ကျွန်းတစ်ခုပေါ်သို့ ဝင်ခုံလှုံကြရသည်။ ထိုအခါ ထိုကျွန်းပေါ်ရှိ အရည်ရွှမ်းသည့် အသီးအနှံများကို ဆွတ်ခူးစားသောက်ကြရတော့သည်။ ဗီတာမင် စီ ချို့တဲ့လက္ခဏာများ ဖြစ်နေကြသော သင်္ဘောသား လူနာများသည် တဖြည်းဖြည်းနှင့် သက်သာ၍ ပျောက်ကင်းလာကြသည်ကိုတွေ့ခဲ့ကြရသည်။ ရက်ရှည်လများစွာ သင်္ဘောဖြင့် သွားနေကြရ၍ ဆားနယ်အသားများ၊ အသားခြောက်များကိုသာ စားသုံးနေကြရပြီးအသီးအနှံ စိမ်းစိမ်းစိုစိုများ မစားကြရ၍ ထိုသို့လက္ခဏာများ ပေါ်ပေါက်လာရခြင်းကို ဤနည်းဖြင့် အမှတ်မထင် တွေ့ရှိခဲ့ကြရသည်။
ဗီတာမင် စီ သည် နေ့စဉ်စားသုံးနေကြ ဟင်းသီးဟင်းရွက်၊ အသီးအနှံများတွင် အတော်များများ ပါဝင်ပေသည်။ ခရမ်းချဉ်သီး၊ အာလူး၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းပွင့်၊ငရုတ်သီးစိမ်း၊ ချဉ်ပေါင်ရွက်၊ ဆီးဖြူသီး၊ ဖန်ခါးသီး စသည့် မြန်မာအစားအစာတို့၌ ဗီတာမင် စီ ပါသလို မာလကာသီး၊ သရက်သီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ သင်္ဘောသီးတို့၌လည်း ရာနှုန်းအတော်များများ ပါဝင်ပေသည်။ အထူးသဖြင့် အရည်ရွှမ်းသော ရှောက်သီး၊
သံပရာသီး၊ သံပယိုသီး၊ ရှောက်ချိုသီး၊ ကျွဲကောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ စတော်ဘယ်ရီတို့တွင် ပို၍များပြားပေသည်။
ဗီတာမင် စီ သည် အရိုး၊ အရိုးနု၊ သွား၊ သွားဖုံး၊ အသား၊ အရေပြားနှင့် သွေးကြောများခိုင်မာရေးတွင် အရေးပါသော ပစ္စည်းတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းဗီတာမင် စီ ချို့တဲ့လျှင် ကလေးများ ကြီးထွားရေး ရပ်တန့်သွားနိုင်ပါလိမ့်မည်။ အသက်တစ်နှစ် မပြည့်ခင်အရွယ် ဆိုလျှင် ဗီတာမင် စီ တစ်နေ့လျှင် ၂၅ မီလီဂရမ် ရသင့်ပါသည်။ အသက် တစ်နှစ်ကျော်သွားပါက ၅၀ မီလီဂရမ် ရလျှင် ပိုသင့်ပါသည်။ ဗီတာမင် စီ ချို့တဲ့လက္ခဏာများ ရှိနေလျှင်မူ တစ်နေ့လျှင် ၃၀၀ မီလီဂရမ်လောက် ရသင့်ပါသည်။ ထိုအခါရှိနေသော ဗီတာမင်စီ ချို့တဲ့လက္ခဏာများ တဖြည်းဖြည်းနှင့်သက်သာပျောက်ကင်းလာပါလိမ့်မည်။ ဗီတာမင် စီ ကို အနာအကျက်မြန်စေဖို့၊ အအေးမိနှာစေး သက်သာစေဖို့နှင့် သွေးသားသန့်စင်ဖို့လောက်သာ အသုံးဝင်သည်ဟု သိခဲ့ကြသည်။
ယခုနောက်ပိုင်းတွင်မူ တိုးတက်လာသော ဆေးပညာသုတေသနများအရ ဗီတာမင် စီ သည် နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ရောဂါဖြစ်ခြင်း၊ မျက်စိတိမ်စွဲရောဂါ ဖြစ်ခြင်းနှင့်အချို့သော ကင်ဆာရောဂါတို့ကို မဖြစ်လေအောင် ကာကွယ်နိုင်သည်ဟု သိရှိလာကြရသည်။ အထူးသဖြင့် အစာအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာတို့ကို အဖြစ်နည်းစေသည်ဟု သိကြသည်။ ထို့ကြောင့် လွယ်လွယ်ကူကူ ရနိုင်သော ဗီတာမင်စီ ပါသည့် အသီးအနှံ၊ ဟင်းသီးဟင်းရွက်များကို နေ့စဉ်စားသောက်ခြင်းဖြင့် ချို့တဲ့မှုကို ကာကွယ်ရာ ရောက်စေ သည့်အပြင် နောင်ဖြစ်လာနိုင်သည့် အထက်ဖော်ပြပါ ရောဂါဆိုးကြီးများကိုလည်း ကာကွယ်ရာရောက်ကြောင်း သိစေအပ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မျိုးဟန် (ကလေးအထူးကုဆရာဝန်ကြီး)
သားသားမီးမီးတို့ ဖြစ်တတ်သောရောဂါများ -၂ စာအုပ်မှကောက်နုတ်ထားပါသည်။