Print

ကလေးများအတွက် နှိပ်စရာနေရာလေးများ

  31-Oct-2017
Preview Image

နို့စို့ကလေးတွေ၊ ကျောင်းမသွားခင် အရွယ်ကလေးတွေအတွက် အနှိပ်သည်ဆီးသွားပြီး အမြဲတမ်း နှိပ်ပေးဖို့ မလိုပါဘူး။ တချို့နို့စို့ကလေးတွေက ခြေ၊ လက်တွေဆန့်တန်းပြီး အသားညှစ်သလို အီးအားအော် တက်ကြပါတယ်။ အဲဒီအခါ မိဘတွေက ကလေးအကြောတက်တယ် ယူဆပြီး လက်နှိပ်သည်တွေဆီ ခေါ်သွားကာကလေးလေးကို နှိပ်ခိုင်းလေ့ရှိကြတယ်။ ဘယ်ရီဘယ်ရီ ရောဂါလို မိခင် အစားရှောင်လွန်းလို့ ကလေးတွေမှာ ခံစားရတဲ့ အသက်အန္တရာယ် အလွန်နီးသပ်တဲ့ရောဂါဆိုးမှာကလေး တက်နေ တောင့်နေတာကို အချိန်မီ ဆေးရုံ၊ ဆေးခန်းလာပြရမယ့်အစား အနှိပ်သည်ဆီသွားကာ နှိပ်ရင်း အဖိုးတန်အချိန်ကို ဖြုန်းတီးလေ့ရှိကြပါတယ်။ အဲဒီလို အချိန်မဖြုန်းသင့်ပါဘူး။ အဲလိုနှိပ်ပေးစရာလည်း မလိုပါဘူး။ အစားရှောင်လွန်းတဲ့ မိခင်ရဲ့ နို့စို့ကလေး ရင်ကျပ်မောပန်းကာ နို့မစို့နိုင်၊ တဟင်ဟင်နဲ့ ညည်းငြူနေရင် အချိန်မီကုသမှု ခံယူဖို့ ဆေးရုံ၊ ဆေးခန်းသာ အမြန်ဆုံးသွားသင့်ပါတယ်။ 


 ဒါပေမဲ့ ကလေးတွေ ကျန်းမာပျော်ရွှင်မှုခံယူဖို့ သက်သောင့်သက်သာဖြစ်ဖို့ အသာအယာ နှိပ်ပေးသင့်တဲ့ ဧရိယာလေးတွေတော့ ရှိပါတယ်။ အင်အားနဲ့ နှိပ်စရာမလိုဘဲ အသာအယာ ဖိပေးရုံသာ လိုအပ်ပါတယ်။ တချို့မိဘတွေရဲ့ ယုံကြည်မှုက မိမိကလေးရဲ့ ခြေဖဝါးလေးတွေကို သူ့နေရာနဲ့သူ အသာအယာ ဖိနှိပ်ပေးရင်ကလေးအတွက် ကျန်းမာရေး ကောင်းစေတယ်။ အကျင့်စရိတ်နဲ့ အပြုအမူ ပိုကောင်းလာစေတယ်လို့ ယူဆကြပါတယ်။


 Mayo ဆေးရုံရဲ့ အဆိုအရ ခြေဖဝါး၊ လက်ဖဝါးနဲ့ နားရွက်တွေမှာရှိတဲ့ ဧရိယာတွေက ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေနဲ့ ဆက်နွှယ်နေတာဆိုတော့ အဲဒီဧရီယာတွေကို နှိပ်နယ်ပေးရင် ကျန်းမာရေး ပိုကောင်းလာစေတယ်လို့ ဆိုပါတယ်။ တချို့ သီအိုရီတွေက အဲဒါကို မထောက်ခံကြပေမဲ့ သုတေသန အများစုကတော့ အထက်ပါနေရာတွေကို နှိပ်နယ်ပေးရင် ကျန်းမာရေး အထောက်အကူပေးတာ အမှန်တကယ် တွေ့ရှိရတယ်။ 

 ကလေးလေးတွေ မလန်းမဆန်းဖြစ်နေရင် နေမကောင်းရင် ဂျီကျ

၊ ငိုယိုနေရင် မအိပ်ဘဲ အော်ဟစ်ရုန်းကန်နေရင်၊ အထက်ပါအတိုင်း နှိပ်နယ်ပေးရင် ကလေးလေး နေကောင်းသက်သာစေပါတယ်။ ဒါ့အပြင် ကလေးလည်း အငိုတိတ်သွား၊ အိပ်ပျော်သွားမယ်။ ကျန်းမာရေးလည်း ပိုကောင်းလာတာ တွေ့ရတာနဲ့ကို မိဘတွေအတွက် ဝမ်းသာစရာပါပဲ။


ကလေးခြေဖဝါးနှိပ်ရမယ့်နေရာလေးများ

 နှိပ်တယ်ဆိုတာထက် အဲဒီနေရာလေးတွေ အသာအယာ ဖိဆွဲ၊ ပွတ်တိုက်ပေးရမှာဖြစ်ပါတယ်။ အင်အားမထည့်ဘဲ လှုံ့ဆော်မှုပေးရုံလောက် တကယ်ကို အသာလေး Rub လုပ်ပေးရမှာ ဖြစ်ပါတယ်။ အားနည်းနည်းထည့်နှိပ်မိရင်တော့ နုနယ်တဲ့ ကလေးရဲ့ အသားအရေတွေ အညိုအမည်းစွဲထင်ကျန်ရစ်မှာ သေချာပါတယ်။


 ဒီနည်းတွေ မသုံးခင် မိမိကလေးနဲ့ ဒီလို နည်းသုံးတာက သင့်လျော်ပါ့မလားလို့ ကြိုတင်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ သွေးထွက်လွယ်၊ သွေးခြည်ဥလွယ်တဲ့ သွေးရောဂါမရှိရင်တော့ ဒီလို နှိပ်နယ်ပေးတာက ကလေးတွေအတွက် သင့်လျော်နိုင်ပါတယ်။ 


ကလေးကို နှိပ်ပေးသင့်တဲ့အချိန်တွေ

 ကလေးက ဆာလောင်လို့၊ နို့စို့ချင်လို့၊ ငိုယိုအော်ဟစ်နေတဲ့အချိန် ဖျော်ထားတဲ့ နို့ (သို့) စားစရာက ပူနေလို့၊ ကျွေးဖို့ အဆင်မပြေသေးချိန် ကလေးဖြေဖဝါးလေးတွေကို ပွတ်သပ်နှိပ်နယ်ပေးရင် ကလေးအငိုတိတ်သွားသလို အစားအသောက်လည်း အေးသွားလို့ နို့တိုက်တဲ့အခါ အစာကျွေးတဲ့အခါ ကောင်းကောင်းစားသောက်လာစေပါတယ်။ အစာကြေးများတဲ့ အခုလို နှိပ်ပေးရင် အစာကျွေးရတာ ပိုအဆင်ပြေလာနိုင်တယ်။


(၁) ခြေချောင်းတွေရဲ့ အောက်ဘက်ထိပ်ဘက် မျက်နှာပြင်ကို နှိပ်ပေးပါ

အစာမကျွေးခင် အသာအယာ ဖိနှိပ်သပ်ပေးသင့်တဲ့ ဧရိယာကတော့ ခြေချောင်းလေးတွေရဲ့ ခြေဖဝါးဘက်က ထိပ်ပိုင်းနေရာလေးတွေ ဖြစ်ပါတယ်။ သူတို့အတွက် နို့နဲ့ အစားအစာ အဆင်သင့် မဖြစ်သေးမချင်း ခြေချောင်းထိပ်လေးတွေကို အသာဖိလိုက်၊ ပွတ်သပ်လိုက် လုပ်ပေးနေရင် ဂျီကျ သောင်းကျန်းနေတဲ့ ကလေးလေးလည်း ငြိမ်သက်အေးဆေးလာပါ လိမ့်မယ်။ အစားသိပ်မစားချင်တဲ့ ကလေးလည်း စားချင်သောက်ချင်လာပါလိမ့်မယ်။ 


(၂) ခြေမ နှစ်ဖက်လုံးရဲ့ ခြေဖဝါးဘက် မျက်နှာပြင် ဖောင်းဖောင်းလေးကို နှိပ်ပေးပါ။

 ခြေမထိပ်က ပီကျုထရီဂလင်းနဲ့လည်း ဆက်သွယ်နေတာကြောင့် အထက်ပါ မျက်နှာပြင် ဖောင်းဖောင်းလေးကို အချိန်မှန် နှိပ်နယ်ပေးရင် အဲဒီဂလင်းရဲ့ လုပ်ငန်းတာဝန်တွေကို ပိုကောင်းလာစေတယ်။ အဲဒီလိုကလေးခြေဖဝါး နှိပ်နယ်ပေးတာက ကြီးထွားဟော်မုန်းအတွက်ကို လိုအပ်သလို ထွက်ရှိလာစေတဲ့အတွက် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးနှုန်းကို ကောင်းစေပါတယ်။ ဒါ့အပြင် ပီကျူထရီဂလင်းကနေပြီး အောက်ဆီတိုဆင်ဟော်မုန်းကို ထွက်လာစေတဲ့ အတွက်ကြောင့် ကလေးရဲ့ စိတ်သဘောထားကို ပျော့ပျောင်း ချစ်စရာကောင်းလာစေပြီး ပျော်ရွှင်ချမ်းမြေ့နေစေပါတယ်။ နို့တိုက်မိခင်ကိုယ်တိုင် ကလည်း မိမိခြေမထိပ်ခြေချောင်းထိပ်လေးတွေကို အနှံ့နှိပ်နယ်ပေးရင် မိခင်နို့ထွက် ပိုကောင်းလာစေပါတယ်လို့ ဆိုပါတယ်။


(၃) ခြေဖဝါးအတွင်းဘက် ခြေမအောက်နားက မျက်နှာပြင်ကို နှိပ်ပေးပါ

 မိဘတိုင်းက မိမိကလေးကို ကိုယ်ခံအားကောင်းစေပြီး အမြဲကျန်းမာစေချင်ကြပါတယ်။ အာဟာရပြည့်စေအောင် အစာ အမျိုးအမည်စုံအောင် ကျွေးသင့်သလို ကလေးရဲ့ခြေဖဝါးအတွင်းဘက် ခြေမအောက်နားက ဖောင်းနေတဲ့ ဧရိယာလေးကို အသာဖိပေး ပွတ်သပ်ပေးသင့်ပါတယ်။ အဲလို နေ့စဉ် အသာလေးဖိပေးရင် ကလေးရဲ့ကိုယ်ခံအားကို နှိုးဆွလှုံ့ဆော်ပေးသလို ဖြစ်စေတဲ့အတွက် ကျန်းမာရေးပိုကောင်းလာသလို ရောဂါပိုးဝင်ရောက်ခံရတာ နည်းပါးလာစေတယ်။ အဖျားအနာလည်း ကင်းဝေးလာစေတယ်။ 


(၄) ခြေဖဝါးအလယ်ကောင်ကို အသာနှိပ်ပေးပါ။

 ကလေးတွေလည်း လူစိမ်းသူစိမ်းနဲ့ ပတ်ဝန်းကျင် အစိမ်းသက်သက် နေရာရောက်ရင် စိတ်ဖိအား ကျရောက်ရှာကြပါတယ်။ မရွှင်မလန်းနဲ့ ဟိုဟိုဒီဒီ ကြည့်ပြီး မျက်နှာ ငိုမဲ့မဲ့ ဖြစ်လာလေ့ရှိကြပါတယ်။ အဲဒီအခါမျိုးမှာ ခြေဖဝါးအလယ်ကောင်နေရာကို ကန့်လန့်ဖြတ်ပြီး (Foot Arch) နေရာမှာ အနှံ့အသာလေး ဖိနှိပ်ပေးရင် ကလေးရဲ့ စိတ်ကသိကအောက်ဖြစ်မှုကို လျော့ကျစေပါတယ်။ အသက်ရှူ မြန်နေတာကို နှေးလာစေပြီး ဂျီကျနေတာ အီနေတာနဲ့ ငိုယိုနေတာတွေကိုလည်း ပပျောက်သွားစေပါတယ်။ 


(၅) ကလေးဗိုက်မကောင်းရင် ဒီနေရာကို နှိပ်ပေးပါ။

 ဝမ်းဗိုက်၊ လေထိုးလေအောင့်လို့ နာနေရင် ဝမ်းချုပ်နေရင် ခြေဖနောင့်ရဲ့ အထက်နား အပြင်ဘေးဘက်ကျတဲ့ ခြေဖဝါးပြင် ဖောင်းဖောင်းလေးကို လက်မနဲ့ အသာလေး ဖိဖိပေးပါ။ အဲဒီနေရာက အူသိမ်၊ အူမကြီးတို့နဲ့ ဆက်သွယ်တဲ့နေရာဖြစ်ပြီး အဲလို ဖိနှိပ်ပေးခြင်းအားဖြင့် ဝမ်းဗိုက်ထဲ လေခိုနေတာ၊ ဝမ်းတွေ အောင်းနေတာတွေကို ရှင်းလင်းပေးကာ လေထိုးလေအောင့်နဲ့ ဝမ်းချုပ်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။  ဖွဖွလေးသာ ဖိပေးပါ။ အားတော့ မစိုက်စေရာ သတိထားပါ။


Credit: ဒေါက်တာမြမြချယ် (ကလေးအထူးကုဆရာဝန်ကြီး)

Dr. Oliver



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18