Print

မူကြိုမတိုင်မီ အသက်အရွယ်ပိုင်းမှာ ဘယ်လိုသင်ယူခိုင်းမလဲ

  08-Jul-2019
Preview Image

ဆုလာဘ်တစ်ပါး

          မိဘများအလိုက်သင့် သုံးစွဲနိုင်မည့် သဘာဝအင်အားတစ်ရပ်ရှိနေသည်။ မိဘများက မိမိအပေါ်ရှုမဝ၊ ချစ်မဝ ဖြစ်စေချင်သော ကလေးငယ်တိုင်း၏ ဆန္ဒဖြစ်သည်။ ကလေးငယ်များသည် အခြားဘာကိုမျှ များများစားစားမလိုချင်။ မိဘနှစ်ပါးက သူတို့အပေါ် အလေးဂရုစိုက်မှု (Parental attention) ကိုသာ အဓိက လိုချင်နေကြသည်။ အလေးဂရုစိုက်မှုသည် ကလေးငယ်များ စတော်ဘယ်ရီတို့၊ ရေခဲမုန့်တို့ထက် ပိုမိုနှစ်ခြိုက်သဘောကျ တတ်သည့် ဆုလာဘ် (Reward) တစ်ပါးဖြစ်သည်။ ထိုအချက်ကို မိဘနှစ်ပါးက လိမ္မာပါးနပ်စွာ အသုံးချတတ်ပါက ကလေးငယ်အတွက် အကျိုးကျေးဇူးကြီးမားစွာ ဖြစ်ပေါ်စေလိမ့်မည်။

 

ဆန့်ကျင်နေသော လိုအင်များ

          လူသားများသည် အခြားမျိုးစိတ်များထက် ဆုလာဘ်များကြောင့် စိတ်ဓာတ်လှုံ့ဆွမှု ပိုမိုဖြစ်ပေါ်လာတတ်သည်။ သို့ရာတွင် သူတို့၏ လိုအင်များသည် ဆန့်ကျင်ယှဉ်ပြိုင်မှုများ ရှိနေတတ်သည်။ အစားအစာ စားသောက်လိုမှု ဆန္ဒလိုအင်အပေါ် ဘဝအနေအထား အဆင့်အတန်းနှင့် အရေးပါလိုမှု ဆန္ဒလိုအင်က လွှမ်းမိုးနေတတ်သည်။ ထို့ကြောင့် မိမိ၏ ရင်သွေးငယ်များ၏ စိတ်ဓာတ်လှုံ့ဆွ ဖြစ်ပေါ်စေရန် လုပ်ဆောင်ပေးမှုတွင် ဟန်ချက်ညီစေဖို့ အရေးကြီးသည်။

 

ကလေးငယ်များအတွက် ရေရှည်ကြည့်ပါ။

          တစ်ခုခုလုပ်ပေးရန် တံစိုးလက်ဆောင်ပေးမှုမျိုး (Bribes) သည် ကလေးငယ်တစ်ဦးအတွက် ရေရှည်တွင် အကျိုးမဖြစ်ပေါ်စေနိုင်ပေ။ စစ်မှန်သော ပျော်ရွှင်မှုနှင့် လုပ်ကိုင်ပေးခဲ့သော ကိစ္စတစ်ခုခုအပေါ် တန်ဖိုးထား အလေးဂရုပြုခြင်းသည်သာ ရေရှည်တွင် ကလေးအတွက် အကောင်းဆုံး ဆုလာဘ်ပင်ဖြစ်သည်။ တန်ဖိုးထားခံရမှု (Appreciation) သည် ကလေးရော လူကြီးအတွက်ပါ လွန်စွာစွမ်းအားကြီးမားလှသည်။ မိမိ၏ရင်သွေးငယ် ဘာကိုလုပ်ပြလုပ်ပြ ‘ရပ်နိုင်ပေ့၊ ရပ်နိုင်ပေ့’ ဟူ၍ အော်ဟစ် ချီးမွမ်းမှုမျိုးသည် ကလေးအတွက် မလွဲမသွေ လုပ်ဆောင်ပေးရမည့် အတွက်ပင်ဖြစ်သည်။

 

မိမိရင်သွေးကို ဘယ်လိုချီးမွမ်းရမလဲ

          သုတေသီများက မိမိ၏ ရင်သွေးငယ်တစ်ခုခုလုပ်ကိုင် အောင်မြင်သွားလျှင် ချီးမွမ်းတတ်ဖို့ အထူးအရေးကြီးသည်။ လိမ်လိမ်မာမာ ပါးပါးနပ်နပ်ဖြင့် ဆုပေးတတ်ဖို့လိုသည်ဟု ဆိုခဲ့သည်။ သို့ဆိုလျှင် မိမိ၏ ကလေးငယ်ကို မည်သို့ ချီးမွန်းရမည်နည်း။ အောက်ပါဖြစ်ရပ်ကလေးသုံးခုကို သေချာစွာဖတ်ကြည့်ပါ။ ဖတ်ပြီးသည့်နောက် မိမိ၏ လုပ်ကိုင်ပြောဆို လိုက်မိမှုကို ဂရုတစိုက် ပြန်လည်သုံးသပ်စစ်ဆေးကြည့်ပါ။  

 

မိမိ၏ ကလေးငယ်သည် တစ်ယောက်တည်းကစားနေသည်။ ပလတ်စတစ်အတုံး ရောင်စုံကလေးများဖြင့် အိမ်ဆောက်တမ်း ကစားလျက်ရှိသည်။ သူအိမ်ဆောက်၍ ပြီးသွားပြီ။ မိမိသည် ကလေးငယ်ရှိရာသို့ လျှောက်သွားမည်။ သူတည်ဆောက်ပြီးစီးသွားသည့် အိမ်ကလေးကို ငုံ့ကြည့်ပြီး . . .

          “ဟုတ်လိုက်လေကွာ ၊ တကယ်တော်တဲ့ ကောင်ပဲဟေ့”

ကလေးငယ်သည် တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။ ပလတ်စတစ်တုံး ရောင်စုံကလေးများနှင့် အိမ်ဆောက်တမ်း ကစားနေသည်။ ကလေးငယ် အိမ်ကလေးဆောက်၍ မပြီးစီးမီ အနားကပ်သွားမည်။

          “စိတ်ဝင်စားစရာပဲဟေ့၊ နံရံကလေးက အဝါကလေးနဲ့ အစိမ်းကလေးပါလား။ သိပ်လှတယ်ဟေ့။ အဖေကြီးတော့ သဘောကျတယ်”

ကလေးငယ်သည် ရောင်စုံပလတ်စတစ်တုံးကလေးများဖြင့် အိမ်ဆောက်တမ်းကစားနေသည်။ မိမိကြည့်နေစဉ်မှာပင် ကလေးငယ်၏ အိမ်ဆောက်လုပ်ငန်းပြီးသွားသည်။ လျှောက်သွားပြီး ရပ်ကြည့်နေသည်။ နှုတ်မှ ဘာတစ်ခွန်းမျှ မပြောဘဲ နေလိုက်သည်။ ထိုအခါ ဘာဖြစ်သွားမည် ထင်ပါသနည်း။ ဖခင်ထံမှ မည်သို့သော ဝေဖန်ချီးမွန်းသံမျှ မကြားရ၍ စိတ်ပျက်သွားသည်။ ဒေါသ ထွက်သွားသည်။ သူ ပင်ပန်းတကြီး ဆောက်ထားရသော ရောင်စုံအိမ်ကလေးကို လက်ဖြင့်ရိုက်ချ ဖျက်ဆီးပစ်လိုက်မည်။ ထိုအခါ မှ မိမိက . . .

          “ဘာဖြစ်လို့ ဒီလိုလုပ်လိုက်တာလဲ။ မရှက်ဘူးလား။ မင်းဘယ်လောက် တော်သလဲ။ ငါက ကြည့်ချင်နေတာကွ”

          သို့ ဖြစ်လာခဲ့သော် မိမိသည် မည်သို့သော ဖခင်အခန်းတွင် ပါဝင်သရုပ်ဆောင်တတ်ပါသနည်း။ သရုပ်ဆောင်ခဲ့မိပါသနည်း။ ပြန်လည်စဉ်းစား ကြည့်စေချင်ပါ၏။

 

Credit: ဇော်ဟန်ဇော်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18