လက်ခြေပါးစပ် သတိကပ်
07-Dec-2019 ကလေးသည် ပြင်းပြင်းထန်ထန်
ဖျားနေပါသည်။ နှုတ်ခမ်းများရဲနေပြီး နှုတ်ခမ်းပတ်လည်တွင် အနီရောင်အဖုသုံးခုလေးခုခန့်
တွေ့ရှိရပါသည်။ ပါးစပ်ဟရန်ပြောသောအခါ နာနာကျင်ကျင်ပုံစံဖြင့် ဟနိုင်သမျှ ဟပြရှာပါသည်။
လျှာမှာလည်း အနာလေးတွေပါလား။ အရည်ပင်သောက်ရန် ခက်ရှာမည်ဖြစ်သည်။
“လက်ဖဝါးနှင့် ခြေဖဝါးတို့မှာလည်း
အရည်ကြည်ဖုလေး နှစ်လုံးသုံးလုံးလောက်တွေ့တယ်။” ကလေးသည် ကိုယ်ပူလည်းကြီးပြီး
အစာအရည်လည်း မဝင်သဖြင့် နုံးခွေနေရှာသည်။
ဘာကြောင့်လဲ . . .
အများအားဖြင့် ဗိုင်းရပ်စ်ပိုးတော်တော်များများကြောင့်ဖြစ်သော
ရောဂါများတွင် အထက်ပါ လက္ခဏာများကို တွေ့ရတတ်ပါသည်။ အထူးသဖြင့် ရေကျောက်၊ ရေယုန်ရောဂါများကို
ဖြစ်စေသော ဗိုင်းရပ်စ်ပိုးများကြောင့် အဖြစ်များပါသည်။ သို့ရာတွင် ၁၉၉၇ ခုနှစ် နောက်ပိုင်းတွင်
အာရှနိုင်ငံများ၌ ကပ်ရောဂါအသွင် ကူးစက်ပြန့်ပွားမှု ဖြစ်ပေါ်လာသည့် “လက်ဖဝါး၊ ခြေဖဝါးနှင့် ပါးစပ်အနာရောဂါ” ကိုလည်း ထည့်သွင်းစဉ်းစားရမည်
ဖြစ်ပါသည်။
ထိုရောဂါသည်လည်း ဗိုင်းရပ်စ်ပိုးကြောင့်
ဖြစ်ပေါ်လာသော ကူးစက်ရောဂါတစ်မျိုးပင် ဖြစ်ပါသည်။ အဓိက တရားခံ ဗိုင်းရပ်စ်ပိုးနှစ်မျိုးရှိပါသည်။
၎င်းတို့မှာ Coxsackie A နှင့် Enterovirus 71 (EV – 71)
တို့ပင် ဖြစ်ကြပါသည်။
ထိုဗိုင်းရပ်စ်ပိုးတို့၏
ချစ်သူများ . . .
ထို ဗိုင်းရပ်စ်ပိုးတို့သည်
မည်သည့်အသက်အရွယ်၊ မည်သည့် မိန်းမယောကျ်ားကိုမဆို တိုက်ခိုက်တတ်သော်လည်း သူတို့ချစ်ခင်နှစ်သက်စွာ
ဒုက္ခပေးတတ်သူများမှာ ကလေးငယ်များနှင့် ခန္ဓာကိုယ်ခုခံအားနည်းသောသူများပင် ဖြစ်ပါသည်။
ခုခံအားနည်းသူများဟု ဆိုရာ၌
သက်ကြီးရွယ်အိုများ၊ ခုခံအားကျဆင်းသော HIV ရောဂါရှိသူများ၊ နာတာရှည်ရောဂါရှိသူများ၊
ကင်ဆာဝေဒနာရှင်များ စသည်တို့ ဖြစ်ကြပါသည်။
ရောဂါပိုး ခန္ဓာကိုယ်ထဲသို့
စတင်ဝင်ရောက်ချိန်မှ ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်ချိန်အထိ ကာလကို ရောဂါပျိုးချိန်ဟု
ခေါ်ဆိုပါသည်။ ထိုရောဂါပျိုးချိန် Incubation Period မှာ သုံးရက်မှ
ခုနစ်ရက် ကြာတတ်ပါသည်။
ဘယ်လိုလက္ခဏာများ
ရှိမှာပါလိမ့် . . .
ရှေးဦးစွာ ပြသသော လက္ခဏာများမှာ
ဖျားနာခြင်းပင် ဖြစ်ပါသည်။ မဖျားဘူးဟု မည်သို့မျှမရှိပါ။ အောက်ထစ် အနည်းငယ်ဖြစ်ဖြစ်၊
ကိုယ်နွေးတတ်ပါသည်။ အများအားဖြင့် ပြင်းပြင်းထန်ထန် ဖျားတတ်ကြပါသည်။
လည်ချောင်းနာတတ်ပြီး အစာကိုမျိုချရန်
ဝန်လေးတတ်ကြပါသည်။ အစားအသောက်ပျက်တတ်ပြီး အရည်မျှပင် သောက်လိုစိတ် ကင်းဝေးတတ်ကြပါသည်။
အစာအရည်မဝင်သဖြင့် ကလေးသည် နုံးခွေနေပါတော့သည်။
ဤသို့ဖြင့် တစ်ရက်နှစ်ရက်ခန့်ကြာသောအခါ
ပါးစပ်ပတ်ပတ်လည် ခံတွင်းလည်ချောင်းတို့၌ အနာလေးများစတင်၍ ပေါ်ပေါက်လာပါတော့သည်။ ထို့နောက်
ပါးစပ် ပတ်ပတ်လည် လျှာ၊ လက်ဖဝါး၊ ခြေဖဝါးတို့တွင် အနီစက်လေးများ စတင်ဖြစ်ပေါ်လာပါတော့သည်။
ထိုအနီစက်များ၊ အနာများသည် အရည်ကြည်ဖုလေးများအဖြစ် ပြောင်းလဲလာပါသည်။
ကလေးငယ်များတွင် ထိုအနီစက်၊
အနာနှင့် အရည်ကြည်ဖုတို့သည် တင်ပါးတွင်လည်း တွေ့ရတတ်ပါသည်။ ကလေးကြီးများက ခေါင်းကိုက်သည်ဟုလည်းဝေဒနာကို
ကြေညာတတ်ပါသည်။ ပျို့ခြင်း၊ အန်ခြင်း၊ ခံတွင်းပျက်ခြင်းတို့သည်လည်း ဆက်လက်၍ ဖြစ်ပေါ်ဆဲပင်။
သို့ဖြစ်၍ ကလေးသည် အင်အားကုန်ခန်း၍ ခွေနေပါတော့သည်။
ြပင်းထန်သော ရောဂါလက္ခဏာများ
၁။ ပြင်းထန်သော
ရောဂါအမျိုးအစားများမှာမူ ရုတ်တရက် အကောင်းပကတိအနေအထားမှ အပြင်းဖျားခြင်း၊ ပြင်းထန်သော
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သည့် လျှာ၊ နှုတ်ခမ်းပြာလာခြင်း၊ အသက်ရှူကျပ်ခြင်း၊
အသက်ရှူခက်ခဲခြင်း၊ မောလာခြင်း စသည်တို့ ဖြစ်ပေါ်လာတတ်ပါသည။
၂။ နောက်ထပ်
ပြင်းထန်သော ထိုရောဂါအမျိုးအစားမှာ ပြင်းထန်သော ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ လက္ခဏာများဖြစ်သည့်
တက်ခြင်း၊ မှန်းလွန်းခြင်း၊ သတိလစ်ခြင်း၊ ခြေလက်အကြောသေခြင်း အစရှိသည့် လက္ခဏာများ ပြတတ်ပါသည်။
အသွင်တူရောဂါများ
အဓိကအားဖြင့် ရေယုန်ပေါက်လျှင်လည်း
အများအားဖြင့် ပါးစပ်ပတ်လည်တွင် အနီဖုအရည်ကြည်ဖုများ ပေါက်လာတတ်ပါသည်။ ကိုယ်ပူပြင်းခြင်း
မရှိတတ်ပေ။ ခြေဖဝါး၊ လက်ဖဝါးတွင် အနီဖု ရံခါထွက်တတ်သော်လည်း ခန္ဓာကိုယ်၏ အခြားနေရာများတွင်လည်း
ထွက်တတ်သည်သာ ဖြစ်ပါသည်။
ပဲသီတာ၊ ရေကျောက်ပေါက်လျှင်လည်း
အနီဖုအရည်ကြည်ဖုများ ပေါက်တတ်ပါသည်။ ရံခါ ကိုယ်ပူကြီးတတ်ပြီး အဖုများသည် လက်ဖဝါး၊ ခြေဖဝါးတို့တွင်
ပေါက်လေ့မရှိဘဲ ပါးစပ်ပတ်လည်နှင့် မျက်နှာ၊ ရင်ဘတ်၊ ကျော၊ ဝမ်းဗိုက် အရေပြားပေါ်တွင်သာ
ပေါက်လေ့ပေါက်ထ ရှိပါသည်။
ဝဲပေါက်လျှင်လည်း အနီဖုအရည်ကြည်ဖုများ
ပေါက်လာပါသည်။ ကိုယ်ပူခြင်း၊ ပြင်းထန်သော လက္ခဏာများ လုံဝမရှိချေ။ ထို့ပြင် စိုစွတ်သော၊
ကိုယ်ခန္ဓာအစိတ်အပိုင်းများတွင် ပေါက်လေ့ပေါက်ထရှိပါသည်။ ဥပမာ - လက်ချောင်းများအကြား၊ ခြေချောင်းအကြားများတွင် ဖြစ်ပါသည်။ အဓိကအချက်သည် တစ်ကိုယ်ရေသန့်ရှင်းမှု
နည်းပါးသောကြောင့် ဖြစ်ရပါသည်။ အထူးသဖြင့် ကလေးများ၊ အတူနေထိုင်ကြသော ဘော်ဒါဆောင်များ၊
ကျောင်းများတွင် ပျံ့နှံ့နှုန်းမြန်ဆန်စွာဖြင့် ကူးစက်တတ်ပြီး ဆေးလိမ်း၍ပျောက်ကင်းလျှင်လည်း
တစ်ခဏသာပျောက်ကင်းပြီး တစ်ကိုယ်ရေသန့်ရှင်းမှုအား အစွမ်းနည်းပါးသောကြောင့် မကြာခဏပြန်၍
ဖြစ်တတ်ပါသည်။
အသက်ရှူလမ်းကြောင်းရောဂါ
ပြင်းထန်သော ခြေဖဝါး၊ လက်ဖဝါး၊
ပါးစပ်အနာရောဂါ သည် ပြင်းထန်သော အသက်ရှူလမ်းကြောင်းရောဂါလက္ခဏာများဖြင့်
လှည့်စားတတ်သဖြင့် ရံဖန်ရံခါ ဗက်တီးရီးယား အဆုတ်ရောင်ရောဂါနှင့်လည်း မှားယွင်းနိုင်ပါသည်။
ဗက်တီးရီးယား အဆုတ်ရောင်ရောဂါ ဖြစ်ရိုးမှန်လျှင် သင့်လျော်သော ပဋိဇီဝဆေးများ အချိန်မီမပေးနိုင်လျှင်
အသက်အန္တရာယ်ရှိတတ်သဖြင့် သတိပြုရမည် ဖြစ်ပါသည်။
ဝက်သက်ရောဂါကြောင့်ဖြစ်သော
အသက်ရှူလမ်းကြောင်း ရောဂါသည်လည်း လွန်စွာ ပြင်းထန်ပါသည်။ ဝက်သက်ရောဂါကို ဖြစ်စေသော
ဗိုင်းရပ်စ်ပိုးကြောင့် ပြင်းထန်သော အဆုတ်ရောင်ရောဂါ ဖြစ်နိုင်သလို ဘက်တီးရီးယားပိုး
ထပ်ဆင့်ဝင်ရောက်ပြီး ပြင်းထန်သော အဆုတ်ရောင်ရောဂါ ဖြစ်လာနိုင်ပါသည်။ သို့ရာတွင် ဝက်သက်ရောဂါတွင်
ထွက်ပေါ်လာသော အနီစက်များသည် အပြင်လိုက် တစ်ကိုယ်လုံး ထွက်ပြီး အရည်အဖုများ အသွင်ပြောင်းလဲလေ့မရှိပေ။
နောက်ဆက်တွဲ
ပြဿနာများ
လက်ဖဝါး၊ ခြေဖဝါး၊ ပါးစပ်အနာရောဂါ၏
အဆိုးဝါးဆုံး နောက်ဆက်တွဲ ပြဿနာများမှာ ဦးနှောက်ရောင်ခြင်းနှင့် ဦးနှောက်အမြှေးပါး
ရောင်ခြင်းတို့ဖြစ်တတ်ခြင်း၊ ကယောင်ကတမ်းပြောခြင်း၊ သတိလစ်ခြင်းစသည့် လက္ခဏာများ ပေါ်ပေါက်လာကာ
သေဆုံးမှုနှုန်းမြင့်တက်လာစေနိုင်ပါသည်။
ရံဖန်ရံခါ အာရုံကြောများ ထိခိုက်ပြီး
ပိုလီယိုရောဂါကဲ့သို့ အကြောသေခြင်းများလည်း ဖြစ်တတ်ပါသည်။
ပြန့်ပွားနှုန်း
မြန်ဆန်
ရောဂါဖြစ်သူ၏ တံတွေး၊ သလိပ်၊
မစင်၊ ကျင်ငယ်နှင့် အခြားအညစ်အကြေးများမှတစ်ဆင့် ကူးစက်ပြန့်ပွားတတ်သဖြင့် ကူးစက်မှုနှုန်း
လွန်စွာ မြန်ဆန်လှပါသည်။ ကပ်ရောဂါအသွင် ဖြစ်လာရန်လည်း လွယ်ကူကြောင်း ဆိုခဲ့ပြီး ဖြစ်ပါသည်။
ကုသမှုအပိုင်းနှင့်
ကာကွယ်မှုအပိုင်း
ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သောရောဂါဖြစ်သည့်
အားလျော်စွာ “ကုရာနတ္ထိ ဆေးမရှိ” ဟူ၍သာ ဆိုရမည်ဖြစ်ပါသည်။
ပံ့ပိုးကုသမှုများကိုသာ ပြုလုပ်နိုင်ပြီး အဓိကအားဖြင့် ရောဂါပျောက်ကင်းမည့် ဆေးမရှိဟု
ဆိုလိုခြင်းဖြစ်ပါသည်။
ပံ့ပိုးကုသမှုများမှာ
-
-
ပြင်းထန်စွာဖျားလျှင်
ရေပတ်တိုက်ခြင်း၊ ပါရာစီတမော့ စအိုတွင်းထည့်သည့်အတောင့်ကို ထည့်ခြင်း၊ ကိုယ်သိပ်ပူလျှင်လည်း
တက်တတ်ကြောင်း သတိပြုရန် လိုအပ်ပါသည်။ အထူးသဖြင့် အသက်ခြောက်လမှ ငါးနှစ်အတွင်း ကလေးများ
ပထမစ၍ ဖျားသောရက်တွင် ကိုယ်ပူကြီးလျှင် တက်တတ်ပါသည်။
-
အစာပျော့ပျော့၊
နို့စသည်အရည်ပူပူနွေးနွေးကို အနည်းငယ်စီ မကြာခဏတိုက်ကျွေးခြင်း
-
အဝတ်ထူများ
ဝတ်ခြင်းကို ရှောင်ကြဉ်၍ အခန်းကို လေဝင်လေထွက်ကောင်းမွန်အောင် ထားပေးခြင်း။
-
ရောဂါဖြစ်ပွားသော
ကလေးကို သီးသန့်ထား၍ ကလေး၏ အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ခြင်း။
-
ရောဂါဖြစ်ပွားသော
ကလေးအား အရည်ကြည်ဖုများခြောက်ပြီး အနာကျက်သည်အထိ သီးသန့်ထားခြင်းဖြင့် အခြားကလေးများအား
မကူးစက်စေခြင်း။
-
လက်ဆေးခြင်း၊
အကျင့်ကောင်းကို ကျင့်ပေးခြင်း၊
(အထူးသဖြင့် အစားမစားမီ အိမ်သာမှအထွက် စသည့်အခါများ)
ဤသို့အားဖြင့် လက်ဖဝါး၊ ခြေဖဝါး၊ ပါးစပ်နာရောဂါများကို ကပ်ရောဂါအသွင်ဖြင့် မဖြစ်လာအောင် ကာကွယ်နိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။
Credit: ဒေါက်တာ ယုဇနစောမြင့် (ကလေးအထူးကု ဆရာဝန်ကြီး)