ကိုယ်ဝန်ဆောင်မိခင်များသိကောင်းစရာ
19-Apr-2017
ကိုယ်ဝန်ဆောင်မိခင် ဗီတာမင်ချို့တဲ့မှုကြောင့် သန္ဓေသားကို ထိခိုက်နိုင်သည်။ ဥပမာ -ကိုယ်ဝန်ရှိစအချိန်တွင် ဖောလစ်အက်ဆစ် (Folic acid) ချို့တဲ့မှုကြောင့် သန္ဓေသား၏ခွံရိုး၊ ဦးနှောက်၊ ကျောမကြီးနှင့် အာရုံကြောမကြီးများတွင် မွေးရာပါကိုယ်အင်္ဂါ ချွတ်ယွင်းမှု (Neural tube defects) များ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သားသမီးယူမည့် အိမ်ထောင်ရှင်အမျိုးသမီးတိုင်း ဖောလစ်အက်ဆစ် ကြွယ်ဝသည့် အစားအစာများကို စားသုံးသင့်ပါသည်။ မွေးရာပါကိုယ်အင်္ဂါချို့ယွင်းမှုများသည် ကိုယ်ဝန်ပထမ (၃) လအတွင်း၌ စတင်ဖြစ်လေ့ရှိသဖြင့် ဖောလစ်အက်ဆစ်ကို ကိုယ်ဝန်ရှိစအချိန်မှာပင် စတင်၍ (ပို၍စိတ်ချရစေရန် ကိုယ်ဝန်မရှိမီ ကြိုတင်၍) သောက်သုံးသင့်ပါသည်။
“ တန်လျှင်ဆေး၊ လွန်လျှင်ဘေး” ဆိုသည့် စကားအတိုင်းပင် ကိုယ်ဝန်ဆောင်မိခင်လောင်းများ စားသုံးသည့် ဗီတာမင်ဆေးများသည် လိုအပ်သည်ထက် အဆများစွာ လွန်ကဲလာပါက သန္ဓေသားကို အန္တရာယ်ပေးနိုင်ပါသည်။ ဥပမာ - ကိုယ်ဝန်ဆောင်မိခင်အား ကိုယ်ဝန်ပထမ (၃) လအတွင်း ဗီတာမင်အေ ဆေးကို လွန်ကဲစွာပေးခဲ့ပါက သန္ဓေသားကို အန္တရာယ်ပေးနိုင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ကလေးများ ဗီတာမင်အေချို့တဲ့မှု ကာကွယ်ရေးအတွက် တိုက်ကျွေးနေသည့် တစ်လုံးလျှင် ဗီတာမင်အေ ယူနစ် (၁) သိန်းနှင့် ယူနစ် (၂) သိန်း အသီးသီးပါဝင်သော အင်အားပြည့် ဗီတာမင်အေ ဆေးလုံးများကို ကိုယ်ဝန်ဆောင်များအား မတိုက်ကျွေးမိစေရန် သတိပေးတားမြစ်ထားပါသည်။ ကိုယ်ဝန်ဆောင်မိခင်သည် နေ့စဉ် ဗီတာမင်အေ အားဆေးမှီဝဲပါက တစ်နေ့လျှင် ဗီတာမင်အေ ယူနစ်တစ်သောင်း (၃၀၀၀ မိုက်ခရိုဂရမ် RE) ထက် ပို၍မစားသင့်ပေ။
Credit : ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
