Print

ပြည့်စုံမျှတ ရင်သွေးငယ်တို့ လိုအပ်သမျှ

  27-Feb-2018
Preview Image

 အစားအစာအာဟာရဆိုတာ ခန္ဓာကိုယ်ယန္တရားကြီး ကျန်းမာကြံံခိုင်စွာ လည်ပတ်နိုင်ဖို့အရေးကြီးဆုံးပါပဲ။ အသက်အရွယ်အပိုင်းအခြားအလိုက် လိုအပ်တဲ့ အာဟာရပမာဏ အမျိုးအစားတွေက ကွာခြားမှုရှိပါတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးစအရွယ် ကလေးငယ်တွေမှာ သူတို့လေးတွေ လိုအပ်တဲ့ အာဟာရကိုရရှိပါမှ ဖွံ့ဖြိုးထက်မြက်ကျန်းမာပျော်ရွှင်မှုရှိမှာပါ။ ဒါကြောင့် ကလေးရှိတဲ့ မိခင်၊ ဖခင်တွေအနေနဲ့ ရင်သွေးငယ်လေးကို အာဟာရမျှတပြည့်ဝအောင် ကျွေးမွေးပြုစုသင့်တာမို့ ဒီဆောင်းပါးလေးကို ရေးသားလိုက်ရပါတယ်။ 


အသက် ၂ နှစ်နဲ့ ၅ နှစ်အောက် ကလေးတွေအတွက်

 မွေးပြီး ၆ လမှာ ရင်သွေးငယ်အတွက် မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရမှာဖြစ်ပြီး ၆ လကျော်လာရင်တော့ ဖြည့်စွက်အစာကို စကျွေးလို့ရပါပြီ။ ဒီနေရာမှာ တချို့သော မိဘတွေက ကလေးငယ်ကို လေပွမှာ၊ ဝမ်းပျက်မှာစိုးတဲ့စိတ်နဲ့ ထမင်းကို ပိတ်စနဲ့တိုက်ပြီး ကျွေးတာကလွဲလို့ ဘာအစာမှ ထပ်လောင်းမကျွေးကြပါဘူး။ ဒါဟာ မှားယွင်းတဲ့ အယူအဆ ထုံးတမ်းအစဉ်အလာပါ။ ကြီးထွားဖွံ့ဖြိုးစ အရွယ်ဖြစ်တဲ့ အသက် ၂ နှစ်နဲ့ ၅ နှစ်အောက် ကလေးငယ်များအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ခံစားချက်ပိုင်းဆိုင်ရာ ကျန်းမာဖွံ့ဖြိုးစေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်အားလုံး အာဟာရပြည့်ဝအောင် သေချာစီမံကျွေးမွေးသင့်ပါတယ်။ 


ဘာတွေကျွေးဖို့လိုအပ်မလဲ အရိုးအဆစ်လေးတွေ ကြီးထွားသန်မာစေဖို့

 အားလုံးသိပြီးကြတဲ့အတိုင်း အရိုးအဆစ်လေးတွေ ကြီးထွားဖို့ အလိုအပ်ဆုံး အခြေခံပစ္စည်းက ထုံးဓာတ် (Calcium) ပါ။ Calcium ဟာ Baby လေးတွေရဲ့ အရိုးအဆစ်သာမက သွားလေးတွေဖြစ်တည်မှုအတွက်ပါ အရေးကြီးပါတယ်။ အရိုးအဆစ်တွေရဲ့ ပြောင်းလဲကြီးထွားမှု သိသာတဲ့ ကလေးငယ်တွေကို အသက် ၂ နှစ်ဝန်းကျင်ကစပြီး (မိခင်နို့ဖြတ်ပြီးနောက်မှာ) ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်အစားအစာမှာ အသီးအရွက်၊ ငါးနဲ့ အစေ့အဆန်တွေအပြင် ဖြည့်စွက်အာဟာရ၊ အားဆေးတွေကို ကျွေးမွေးသင့်ပါတယ်။ အရိုးအဆစ်သန်မာဖို့ Calcium နဲ့အတူ လက်တွဲလုပ်ဆောင်ပေးတဲ့ ဗီတာမင်ဒီဓာတ်ကလည်း ကလေးငယ်တွေအတွက် အရေးပါတဲ့ အာဟာရတစ်မျိုးပါ။


အသိဉာဏ်ရင့်သန် မှတ်ဉာဏ်အားကောင်းဖို့

 ကလေးငယ်တို့ရဲ့ ဦးနှောက်မှတ်ဉာဏ်ကော်းဖို့ အဓိကအကျဆုံး အာဟာရက DHA (Docosahexaenoic acid) ပါ။ DHA ဟာ Omega-3 Fatty acid မှာ ၉၀%ကျော် ပါဝင်ပြီး ကလေးငယ်တွေရဲ့ ဦးနှောက်ဆဲလ် ဖွံ့ဖြိုးမှုကို အားပေးပြီး ဉာဏ်ရည်ထက်မြက်ဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် ဦးနှောက်ဆဲလ်တွေကို ချိတ်ဆက်သတင်းပို့ပေးတဲ့ Brain Chemicals တွေကို အများကြီးထုတ်လုပ်ပေးလို့ စဉ်းစားတွေးခေါ်နိုင်တဲ့ စိတ်ထားပြည့်ဝသော အပြုအမှုကောင်းလေးတွေ ပိုင်ဆိုင်တဲ့ ကလေးလိမ္မာလေးတွေ ဖြစ်စေတယ်လေ။ ဒါကြောင့် ဉာဏ်ရည်ဖွံ့ဖြိုး ထက်မြက်ပြီး စိတ်သဘောထားပြည့်ဝတဲ့ သားငယ်၊ သမီးငယ်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ မိဘတွေအနေနဲ့ Omega-3 Fatty acid ကြွယ်ဝတဲ့ ပင်လယ်ငါး၊ (ဆဲလ်မွန်၊ တူနာ) တွေ၊ အစေ့အဆန်တွေ (သစ်ချသီး၊ အယ်လ်မွန်စေ့) နဲ့ DHA ဖြည့်စွက်အားဆေးကို ကျွေးပေးဖို့ အကြုံပြုပါရစေ။ 


ကိုယ်ခံအားလေးကောင်းစေဖို့

 မိခင်နို့ဟာ ကလေးငယ်တို့အတွက် အကောင်းဆုံးအာဟာရမို့ မိခင်နို့မှာပါတဲ့ အင်မျူနိုဂလိုဗျူလင် Ig A, Ig G and Ig M တို့ဟာ သဘာဝပဋိပစ္စည်းတွေဖြစ်လို့ ကလေးငယ် ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးနိုင်ပါတယ်။ ဒါပေမဲ့ နို့ဖြတ်ပြီးနောက်ပိုင်းမှာဆိုရင်တော့ ကလေးငယ်ရဲ့ ကိုယ်ခံအားစနစ် ကောင်းစေဖို့ ဗီတာမင်စီ၊ ဖလေဗိုနွိုက်၊ ဖိုင်တိုနျူထရီရန့်၊ ကလိုစထရမ်လို အာဟာရဓာတ်တွေ ဖြည့်တင်းပေးဖို့ လိုပါတယ်။ ဒီအာဟာရ ဓာတ်တွေကို လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်တာကြောင့် ကလေးငယ်ရဲ့ နေ့စဉ် အစားအစာမှာ ထည့်သွင်း ကျွေးမွေးပေးပါ။ တကယ်လို့ သင့်ကလေးက အစာရွေးတယ်ဆိုရင်တော့ ဒီအာဟာရဓာတ်တွေပါတဲ့ ဖြည့်စွက်အာဟာရအားဆေးတွေကို တစ်နေ့တစ်ကြိမ် တိုက်ကျွေးနိုင်တယ်နော်။ 


အစာအိမ်အူလမ်းကြောင်းကျန်းမာဖို့ 

 နည်းနည်းလေး အစားမှားတာနဲ့ ဝမ်းပျက်ဝမ်းလျှောတတ်လေတော့ ရင်သွေးငယ်တို့ရဲ့ အစာအိမ် အူလမ်းကြောင်းစနစ် ကျန်းမာကောင်းမွန်နေဖို့ကလည်း အဓိကကျတယ်နော်။ အစာအိမ်အူလမ်းကြောင်း ကျန်းမာနေမှ ရောဂါဝေဒနာ ကင်းစင်တဲ့အပြင် စားသောက်လိုက်တဲ့ အစာအာဟာရဓာတ်တွေကောင်းစွာစုပ်ယူနိုင်မှာပါ။ ဒီအတွက် ကလေးငယ်တို့ လိုအပ်တဲ့ အာဟာရဓာတ်က Probiotics ပါ။ အူလမ်းကြောင်း အကျိုးပြု ဗက်တီးရီးယားလေးတွေကို အထောက်အကူပြုပေးတဲ့ Probio-tics ကို ကလေးငယ်ရဲ့ အစာအာဟာရထဲမှာ ထည့်သွင်းဖို့ မမေ့နဲ့နော်။ ဒါကြောင့် ကလေးငယ်တွေကို Probiotics ကြွယ်ဝတဲ့ ဒိန်ချဉ်၊ ဒိန်ခဲနဲ့ အစားအစာတွေ ကျွေးပေးနိုင်တဲ့အပြင် Probiotic ဖြည့်စွက်အားဆေး လေးတွေကို တိုက်ကျွေးပေးစေချင်ပါတယ်။ 


 နောက်တစ်ချက်ကတော့ မိဘတွေအနေနဲ့ ကလေးငယ်တွေကို အပြင်စာ၊ ဆိုင်စာ ဝယ်ကျွေးတာထက် မိမိအိမ်မှာ ကိုယ်တိုင်ချက်ပြုတ်လုပ်ထားတဲ့ အစားအစာနဲ့ မုန့်ပဲသရေစာတွေကို ကျွေးစေချင်ပါတယ်။ ဓာတုအန္တရာယ်လည်းကင်းသလို ကလေးငယ်တွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်ကာ ပြည့်စုံမျှတသော အာဟာရတွေပါဝင်အောင် ကိုယ်တိုင်ကိုယ်ကျ စီမံနိုင်လို့ပါပဲ။


Credit: Sheri (U.O.N.Ygn)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18