ကိုယ်ဝန်ဆောင်ခြင်းနှင့် ဝက်ရူးပြန်ရောဂါ
03-Oct-2020ဝက်ရူးပြန်ခံစားနေရသော အမျိုးသမီးတစ်ဦးသည် ရောဂါသက်သာပျောက်ကင်းစေရန် ဆေးဝါးများ မှီဝဲနေရသည့် ကာလအတောအတွင်း ကိုယ်ဝန်ဆောင်ရန်နှင့် အပြည့်အဝ ကျန်းမာသော ကလေးအား မျက်နှာမြင်ရန် ဖြစ်နိုင်ခြေအသေအချာရှိသော်လည်း အန္တရာယ်အချို့က ခြိမ်းခြောက်နေဆဲ ဖြစ်သည်။ ထိုကဲ့သို့ အခြေအနေမျိုးမှ လျော့ပါးသက်သာစေရေးအတွက် ဆောင်ရွက်ရမည့် အကောင်းဆုံးနည်းလမ်းများကို အောက်တွင် ဖော်ပြထားသည်။ တက်ခြင်းအန္တရာယ် ဝက်ရူးပြန်ရောဂါအား ကာကွယ်သောဆေးဝါးများ၏ သွေးအတွင်းပါဝင်မှုပမာဏသည် ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း တက်လိုက်ကျလိုက်ဖြစ်ပြီး မတည်မငြိမ်ဘဲ မြင့်တက်လိုက် ကျဆင်းလိုက်ဖြစ်နေလေ့ရှိသည်။ တက်သည့် ဝေဒနာခံစားနေရစဉ် ကြွက်သားများ စည်းချက်ညီညီ ကျုံ့လိုက်၊ ဆန့်လိုက်ဖြစ်ခြင်းကြောင့် မိခင်၏ သားအိမ်အတွင်းရှိ သန္ဓေသားအား ထိခိုက်စေပြီး သန္ဓေသားပျက်ကျစေနိုင်သည်။ သို့ဖြစ်၍ ဝက်ရူးပြန်ကာကွယ်ဆေးကို သုံးစွဲရာတွင် တက်ခြင်းဝေဒနာအနည်းဆုံး မခံစားရစေရေးအတွက် ဆရာဝန်၏ ညွှန်ကြားသည့်အတိုင်း တိကျစွာ လိုက်နာသုံးစွဲရမည်။ ဝက်ရူးပြန်ရောဂါ ကုသဆေး သုံးစွဲမှုနှင့် ဖြစ်ပွားနိုင်သော အန္တရာယ် ဝက်ရူးပြန်ရောဂါ ကာကွယ်ဆေးသည် မိခင်၏ ဝမ်းဗိုက်အတွင်းရှိ သန္ဓေသားကြီးထွားမှုအား အန္တရာယ်ဖြစ်စေနိုင်သည်။ ကလေးမွေးဖွားရာတွင် သာမန်ကျန်းမာသော မိခင်က မွေးဖွားလာသော ကလေးများ၏ နှစ်ရာခိုင်နှုန်းခန့်သာလျှင် ကိုယ်အင်္ဂါအစိတ်အပိုင်း ချို့ယွင်းလေ့ရှိပြီး ဝက်ရူးပြန်ရောဂါ ခံစားရသဖြင့် ရောဂါကုသဆေးတစ်မျိုးကိုသာ အသုံးပြုသော မိခင်များတွင် မွေးဖွားလာသော ကလေးများ၏ မွေးဖွားလာသော ကလေးများ၏ ခြောက်ရာခိုင်နှုန်းသည်လည်းကောင်း၊ ရောဂါကုဆေး သုံးမျိုးသုံးစွဲသော မိခင်များတွင် မွေးဖွားလာသော ကလေးများ၏ ၂၀ ရာခိုင်နှုန်းသည်လည်းကောင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ချို့ယွင်းသည်ကို လေ့လာတွေ့ရှိရသည်။ သို့ဖြစ်၍ ကိုယ်ဝန်မဆောင်မီ တက်ခြင်းဝေဒနာကို ထိန်းထားနိုင်ရန်အတွက် ဆေးအသုံးပြုအနည်းဆုံးဖြစ်ရန်မှာ အထူးအရေးကြီးလှပေသည်။ ဝက်ရူးပြန်ရောဂါ ခံစားရသော မိခင်မှ မွေးဖွားသော ကလေးများတွင် အများဆုံး တွေ့ရလေ့ရှိသော သိသာထင်ရှားသည့် ကိုယ်အင်္ဂါချို့ယွင်းမှုမှာ နှုတ်ခမ်းကွဲခြင်း Cleft Lip နှင့် အာခေါင်ကွဲခြင်း Palate တို့ ဖြစ်သည်။ ထိုကဲ့သို့ နှုတ်ခမ်း၊ အာခေါင်ကွဲသော ကလေးငယ်များသည် ကိုယ် အင်္ဂါအစိတ်အပိုင်း ချို့ယွင်းမွေးဖွားလာသော ကလေးငယ်စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိသည်ကို တွေ့ရသည်။ ဗာ(လ်) ပိုရိတ် Valporate ဆေးကို သုံးစွဲသော မိခင်များမှ မွေးဖွားလာသော ကလေးငယ်များတွင် သူငယ်နာဖု (ကျောရိုးနာဗ်ကြောမနှင့် အဖုံးလွှာတို့ မွေးရာပါချို့ယွင်းချက် Spina Bifida တစ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းအထိ ပါလေ့ရှိပြီး သာမန် ကျန်းမာသောမိခင်မှ မွေးဖွားလာသော ကလေးများတွင် တွေ့ရလေ့ရှိသည့် ဖြစ်ပွားနှုန်း၏ ၁၀ ဆခန့် မြင့်မားသည်ကို တွေ့ရသည်။ ကာဘာမာဇီပိုင်း Carbamz Epine ဆေးကို သုံးစွဲသော မိခင်များတွင်မူ သူငယ်နာဖု ပါရှိသော ကလေးမွေးဖွားမှုဒသမ ငါးမှ တစ်ရာခိုင်နှုန်းအထိ ပါရှိသည်ကို လေ့လာတွေ့ရှိရသည်။ ဆေးဝါးသုံးစွဲမှု ဟန်ချက်ညီစေရန် တန်ပြန်ထိန်းညှိခြင်း ဝက်ရူးပြန်ရောဂါ ခံစားနေရခြင်းကြောင့် ဆေးမှီဝဲသောက်သုံးနေရသော အမျိုးသမီးများသည် သားသမီးယူရန် အစီအစဉ်ရှိပါက ကိုယ်ဝန်မရမီကတည်းကပင် ဖောလစ်အက်ဆစ် Folic Acid ဆေးကို သောက်သုံးရန် လိုအပ်ပြီး ကိုယ်ဝန်သုံးလသားရှိသည်အထိ ဆေးကို ဆက်လက်သောက်သုံးသင့်သည်။ ဖောလစ်အက်ဆစ်ကို သောက်သုံးခြင်းဖြင့် ကိုယ်ဝန်ပျက်ကျမှုကို တားဆီးကာကွယ်နိုင်ပြီး သန္ဓေသား၏ ပုံစံပျက်ယွင်းမည့်အန္တရာယ် (အထူးသဖြင့် သူငယ်နာဖု ဖြစ်ပွားခြင်း) မှလည်း လျော့ပါးစေနိုင်မည်။ ကိုယ်ဝန်ဆောင်ကာလ၏ နောက်ဆုံးလတွင် ဗီတာမင်ကေကို ဖြည့်စွက်စားသုံးမှီဝဲရန် ကျွမ်းကျင်သူများက အကြံပြုလေ့ရှိသည်။ သို့မှသာ မွေးဖွားလာသော ကလေးငယ်တွင် ဗီတာမင်ကေဓာတ်ကို ရရှိနိုင်မည်ဖြစ်သည်။ ဝက်ရူးပြန်ရောဂါကုသသော ဆေးအချို့သည် ခန္ဓာကိုယ်အတွင်းရှိ ဗီတာမင်ကေဓာတ် ပါဝင်မှုကို လျော့နည်းကျဆင်းစေသည်။ ဗီတာမင်ကေဓာတ် ပါဝင်မှုနည်းပါးခြင်းကြောင့် ကလေးမွေးဖွားရာတွင် ဦးနှောက်အတွင်း သွေးယိုစီးမှုကို ဆိုးရွားပြင်းထန်စွာ ဖြစ်စေနိုင်သည်။ မိခင်နို့ တိုက်ကျွေးခြင်း ဝက်ရူးပြန်ရောဂါ ကုသဆေးမှီဝဲသော မိခင်များသည် မိမိ၏ရင်သွေးငယ်ကို အများအားဖြင့် လုံခြုံစိတ်ချစွာ မိခင်၏နို့ချိုကို တိုက်ကျွေးနိုင်သည်။ သို့သော်ဝက်ရူးပြန်ကုသဆေးအနည်းငယ်မှာ မိခင်၏နို့ချိုမှတစ်ဆင့် ကလေးငယ်ထံရောက်ရှိသွားနိုင်သည်။ ချွင်းချက်အနေဖြင့် အီသိုစူသီမိုဒ် Ethosuximine သို့ ဖီနိုဘာဘီတုန်း Phenobrabitone ပါဝင်မှု မြင့်မားသော ဆေးများကို သုံးစွဲမည်ဆိုပါက ကျွမ်းကျင်သူများနှင့် တိုင်ပင်ရန် လိုအပ်သည်။ Credit : အောင်ဇင်