Print

Giardia ကပ်ပါးကောင်

  14-Nov-2020
Preview Image

Giardia ကပ်ပါးကောင်

          Giardia သည် Flagella ပါသော ပရိုတိုဇွ ကပ်ပါးကောင်ဖြစ်သည်။ ဤကပ်ပါးကောင်သည် အူသိမ်နံရံတွင် တွယ်ကပ်ပြီး ပွားများလာသောလည်း သွေးလှည့်ပတ်မှုစနစ်ထဲသို့ ဝင်ရောက်သွားခြင်းမရှိ။ အစာအိမ်နှင့် အူလမ်းကြောင်းရှိ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခြင်းလည်းမရှိပေ။ အူသိမ်လမ်းကြောင်းထဲမှာသာ ရှိနေပြီး အာဟာရများကို စုပ်ယူသည်။

          လူကို ကူးစက်သည့် အဓိကလမ်းကြောင်းမှာ ရောဂါပိုးပါဝင်သော ရေဆိုးရေညစ်တို့ကို စားသုံးမိရာမှ ကူးစက်သည်။ ဤသို့ကူးစက်ခြင်းကို ဖွဲ့ဖြိုးဆဲနိုင်ငံ အများစုတွင် တွေ့ရှိရသည်။ ရေအိုင်၊ ရေကန်တို့၏ဘေးတွင် သဘာဝအလျောက်စားကျက်များရှိလျှင် ရေကန်ထဲသို့ ကပ်ပါးကောင်ပိုးများ ရောက်လာတတ်သည်။

          Giardia ကပ်ပါးပိုးသည် ကြောင်များ၊ ခွေးများ၊ ငှက်များမှာ တွေ့ရများသောရောဂါပိုးဖြစ်သည့်အပြင် ကျွဲ၊ နွား၊ သိုး၊ ဆိတ် နှင့် သမင်တို့မှာလည်း ရောဂါပိုးကို တွေ့ရတတ်သည်။ တိရစ္ဆာန်မှ ရောဂါပိုးကူးစက်ပုံမှာ တိရစ္ဆာန်၏ အညစ်အကြေးများမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။

          ရောဂါပိုးပါဝင်သော တိရစ္ဆာန်၏ အညစ်အကြေးများ၊ စီးဝင်နေသည့် ရေများ၊ အစားအစာများကို စားသုံးမိရာမှ လူကို ကူးစက်တတ်သည်။ ကပ်ပါးကောင်သည် အေးမြသော ရေထဲတွင် သီတင်းပတ်အနည်းငယ်မှ လပေါင်းများစွာအထိ အသက်ရှင်နေနိုင်သည်။ ရေတွင်းများ၊ ရေကန်များ အထူးသဖြင့် စီးဆင်းမှုမရှိသောရေများ၊ သဘာဝရေအိုင်များ၊ မုန်တိုင်းကြောင့်ဖြစ်ပေါ်လာသော ရေလှောင်ကန်များတွင် Giadia ရောဂါပိုးများ ပါရှိနေနိုင်သည်။

          ရောဂါလက္ခဏာများမှာ ဝမ်းပျက်ဝမ်းလျှောခြင်း၊ မအီမသာဖြစ်ခြင်း၊ လေပွလေကယ်ခြင်း၊ အနံ့အသက် ဆိုးဝါးခြင်း၊ အော့အန်ခြင်း၊ အစာအိမ်နာကျင်ခြင်း၊ ပျို့ခြင်း၊ အစာမစားလိုခြင်းတို့ ဖြစ်သည်။ သွေးနှင့် ချွဲတို့ပါဝင်သော ဝမ်းများသွားတတ်သည်။

          ကြောင်များတွင် ရောဂါဖြစ်လျှင် အလွယ်တကူကုသနိုင်သော်လည်း နွားငယ်များမှာ Giardia ကပ်ပါးကောင်စွဲကပ်လျှင်  အသက်အန္တရာယ်ရှိသည်။ ရောဂါပိုးသယ်ဆောင်ထားသော နွားငယ်များသည် ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြဘဲ ရှိနေတတ်သည်။

          ခွေးများမှာ ရောဂါဖြစ်လျှင် ရောဂါကျရောက်မှုပြင်းထန်သည်။ အသက်တစ်နှစ်အောက် ခွေးငယ်လေးများတွင် ၃၀ ရာခိုင်နှုန်းခန့် ကူးစက်ခံရတတ်သည်။

Credit : ဒေါက်တာ ခင်စန်းမော်

 



Related Articles


Advertisment 18