Print

ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ

  24-Feb-2017
Preview Image

ဒီနေ့မနက် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက ထုတ်ထားတဲ့ စာလေးကို တွေ့ လိုက်တော့ စိတ်ပူသွားတယ်။ အဲဒါနဲ့ Neiserria ရောဂါပိုးကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါအကြောင်း ရေးပေးဖို့ ဖြစ်လာတယ်။ ဦးနှောက်အမြှေးရောင်ရောဂါဆိုတာ အမျိုးမျိုးရှိတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တာ၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာ၊ မှို (Fungus) ကြောင့်ဖြစ်တာ၊ ကပ်ပါးပိုး (Parasite) ကြောင့်ဖြစ်တာ၊ အခြား မကူးစက်နိုင်တဲ့အကြောင်းတွေ (ဥပမာ ကင်ဆာ)ကြောင့်ဖြစ်တာဆိုပြီး ခွဲနိုင်တယ်။ အဲဒီထဲကမှ Bacteria ကြောင့်ဖြစ်တာကပဲ ကာကွယ်ဆေးထိုးလို့ရတယ်။ အခုဖြစ်နေကြ တာကလည်း Bacteria ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါမို့လို့ ဒါကိုပဲသေချာပြောပြမယ်။ အခြားဟာတွေကိုပြောရင် စာသင်နေသလို ဖြစ်နေမှာမို့လို့ အကျယ်မပြောတော့ဘူး။

 

ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား အမျိုးမျိုးရှိတယ်။ အဲဒါကြောင့် ကာကွယ်ဆေးတွေကလည်း အမျိုးမျိုးကွဲသွားတယ်။ တစ်မျိုးထိုးထားရုံနဲ့ ကျန်တာတွေအားလုံးကို မကာကွယ်ဘူးနော်။ လိုအပ်ရင် ထပ်ထိုးရတယ်။ အသက်အပိုင်းအခြားအလိုက် ဖြစ်လေ့ရှိတဲ့ ပိုးအမျိုးအစားလည်း ကွဲပြားသွားတယ်။ ဘယ်လိုကူးနိုင်သလဲဆိုရင် အသက်ရှူလမ်းကြောင်းကတဆင့် ကူးတယ်။ ဆိုလိုတာက နှာချေ၊ ချောင်းဆိုးရာက ထွက်လာတဲ့ နှာရည်၊ တံတွေး၊ လေ စတာတွေထဲမှာ ပိုးတွေပါသွားပြီး အဲဒီပိုးတွေကို ရှူ မိတဲ့သူမှာ ရောဂါကူးတယ်။ အချင်းချင်း နမ်းရှုံ့ရာကလည်း ကူးတယ်။ ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်နေတဲ့သူနဲ့ အချိန်ကြာကြာနေမိတယ်လို့ သံသယရှိရင် ကုသမှုခံရမယ်။ ရောဂါပိုးကို နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းမှာ သယ်ထားပြီး ရောဂါလက္ခဏာ မပြတဲ့သူတွေလည်း ရှိတယ်။ သူတို့ကိုကျတော့ ရောဂါပိုး သယ်ဆောင်ထားသူတွေလို့ခေါ်တယ်။ သူတို့ကိုယ်တိုင် ရောဂါမဖြစ်ပေမယ့် သူတို့ကနေတဆင့် အခြားလူကို ရောဂါဖြစ်စေနိုင်တယ်။

 

နေမကောင်း စဖြစ်တဲ့သူတွေဟာ -

၁) ရုတ်တရက်ဖျားမယ်
၂) မူးမယ်၊ အန်မယ်၊ ခေါင်းကိုက်မယ်
၃) ဇက်ခိုင်လာမယ် (Neck stiffness)**** အရေးအကြီးဆုံး လက္ခဏာပါ (ခေါင်းကကိုင်ပြီး ဇက်ကလေးကို ကွေးကြည့်လိုက်ရင် ခြေထောက်က အပေါ်မြောက်တက်လာမယ်)
၄) အလင်းရောင်ကို မျက်စိမခံနိုင်ဖြစ်မယ်
၅) စိတ်မူမမှန်ဖြစ်လာမယ်၊ ကလေးဆိုရင် မှိန်းလာမယ်
၆) အရေပြားပေါ်မှာ အနီစက် (rash) တွေထွက်မယ်

 

ကလေးရော လူကြီးမှာပါ ဖြစ်တယ်နော်။ Neiserria ရောဂါကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါက အပြင်းထန်ဆုံးနဲ့ အမြန်ဆုံးပါ။ သူ့မှာထွက်တဲ့ အနီစက်က ထူးထူးခြားခြား လက္ခဏာရှိတယ်။ ဓါတ်ပုံမှာ ပြထားသလို အနီစက်မြင်ရပြီဆိုရင် ဒါဟာ Neiserria meningitis ပဲဆိုပြီး ၁၀၀%ပြောနိုင်အောင် သေချာတယ်။ ဖန်ခွက်နဲ့ စမ်းသပ်နည်းပါပြထားတယ်။ ပုံမှန် rash ဆိုရင် ဖန်ခွက်နဲ့ ဖိလိုက်ရင် မှိန်သွားတယ်။ ကူးစက်မြန် အမြှေးရောင်မှာဖြစ်တဲ့ rash က ဖန်ခွက်နဲ့ ဖိလိုက်ပေမယ့် ဒီအတိုင်းပုံစံမပြောင်း၊ အရောင်မပြောင်းဘဲ ကျန်နေတာတွေ့ရမယ်။ အနီစက်တွေထွက်လာပြီဆိုတာ သွေးဆိပ်တက်နေပြီဆိုတဲ့ လက္ခဏာပါ။ ချက်ချင်း အသက်ဆုံးနိုင်ပါတယ်။ ဒါကြောင့် ရောဂါဖြစ် စပြုနေပြီလို့ သံသယရှိရင် အနီစက်ထွက်တဲ့အထိ လုံးဝမစောင့်ပါနဲ့။ အမြန်ဆုံး ဆေးရုံ သွားပါ။ ကလေးရော လူကြီးမှာပါဖြစ်ပါတယ်။ လူကြီးမှာဖြစ်လည်း အသက်အန္တရာယ် ရှိပါတယ်။

 

ကာကွယ်ဆေးထိုးဖို့က သက်ဆိုင်ရာ ဆရာဝန်/ကလေးဆရာဝန်နဲ့ သေချာမေးပြီးမှ ထိုးပါ။ ပုံမှန်ဆိုရင် ကလေး အသက် ၁၁-၁၂ နှစ် ရောက်မှ ကာကွယ်ဆေးထိုးရပါတယ်။ ကလေးငယ်လေးတွေအတွက် ဘယ်လိုထိုးရမယ်ဆိုတာ ပိုမိုတတ်ကျွမ်းနားလည်တဲ့ ကလေးအထူးကုဆရာဝန်များနဲ့ မေးပါ။ ကလေးတစ်ယောက်နဲ့ တစ်ယောက်အခြေ အနေ၊ လိုအပ်ချက် မတူတဲ့အတွက် ကိုယ့်ကလေးအကြောင်းကို သေချာသိတဲ့ ဆရာဝန် နဲ့တိုင်ပင်ပြီးမှ လုပ်တာ အန္တရာယ် အကင်းဆုံးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18