Print

အမျိုးသမီးများတွင် ဖြစ်ပွားတတ်သော သားဥအိမ်ကင်ဆာ (၂)

  04-May-2017
Preview Image


သားဥအိမ်ကင်ဆာမှာ ထူးခြားတာက သားဥအိမ်မှာ ကင်ဆာစဖြစ်ပြီးမှ ဖြစ်တဲ့အတွက် စောစောစီးစီးသိဖို့က အတော်ခဲယဉ်းပါတယ်။ အများစုက အသက် ၅၀ ကျော်လာမှ သားဥအိမ်ကင်ဆာ ဖြစ်တာကို သိရပါတယ်။ တချို့ပညာတတ် အမျိုးသမီးတွေ၊ ကျန်းမာရေး လေ့လာလိုက်စားတဲ့ အမျိုးသမီးတွေ၊ ကျန်းမာရေး ဂရုစိုက်တဲ့သူတွေက တစ်နှစ်တစ်ခါ ၊ ခြောက်လတစ်ခါ Medical Check up လုပ်ကြည့်ကြပါတယ်။ အဲဒီလို လုပ်ကြည့်တော့မှ သားဥအိမ်မှာ အရည်အိတ်လေးတွေ၊ အခဲလေးတွေ ရှိတာကို သတိထားမိပြီး အဲဒီကနေ စတွေ့တာများပါတယ်။ ရောဂါသိရှိမှု နောက်ကျခဲ့လျှင် တစ်ခါတလေမှာ သားဥအိမ်ကအလုံးက တဖြည်းဖြည်းနဲ့ကြီးလာတာ၊ လိမ္မော်သီးလောက်အထိ ကြီးလာတာ၊ ရှောက်ချိုသီးလောက် အလုံးကြီးတွေ ဖြစ်လာတာ၊ တစ်ခါတလေမှာ ကျွဲကောသီးလောက် အလုံးကြီးမျိုးတွေတောင် တချို့လူနာတွေမှာ တွေ့ရတတ်ပါတယ်။ 


သားဥအိမ်တွင် အလုံးရှိပါက ခံစားရနိုင်သော ရောဂါလက္ခဏာများ

သားဥအိမ်မှာ အလုံးရှိနေရင် ဝမ်းသွားရခက်တာမျိုး၊ ဗိုက်ထဲမှာ မအီမသာ ဖြစ်တာမျိုး၊ ဆီးသွားရတာ ဆီးပြွန်ကို ဖိမိနေတဲ့အတွက် ဆီးကျဉ်တာမျိုးတွေ ခံစားရတော့မှ လူနာအများစုက ဆရာဝန်တို့ဆီ ရောက်လာကြပါတယ်။ အစားအသောက် ပျက်တာ၊ နုံးတာတို့က ရောဂါကြီးလာရင် ဖြစ်တတ်ပါတယ်။ ကျန်းမာရေး လိုက်စားတဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သူတွေကတော့ ကြိုပြီးသတိထားမိတတ် ကြပါတယ်။ 


တခြားနေရာများ ပျံ့နှံ့မှသိရ

တစ်ခုသတိထားဖို့လိုတာက သိပြီဆိုရင် ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေပြန့်မှ သိရတာများပါတယ်။ Peritoneum ခေါ်တဲ့ ဝမ်းဗိုက်အမြှေးပါးတွေ ပျံ့နှံ့ပြီး အကျိတ်တွေ ဖြစ်တာ၊ ရေဖျဉ်းစွဲတာတွေဖြစ်ပြီး နောက်ကျပြီးမှ သိရတာမျိုးတွေ များပါတယ်။ အဲဒါကြောင့် အသက် ၄၀ ကျော်တဲ့ အမျိုးသမီးတိုင်းက တစ်နှစ်ကို ကျန်းမာရေးနှစ်ကြိမ်တော့ စစ်သင့်ပါတယ်။ အာထရာဆောင်းလည်း လိုအပ်ရင် ရိုက်သင့်ပါတယ်။


သားဥအိမ်ကင်ဆာဖြစ်ပါက ခံစားရနိုင်သော ရောဂါလက္ခဏာများ

 သားဥအိမ်ကင်ဆာဆိုတာကို ဘယ်လိုသိနိုင်လဲဆိုရင် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်တဲ့ အပြောင်းအလဲတွေကို သတိထားမိဖို့ လိုပါတယ်။ ဗိုက်မအီမသာဖြစ်တာ၊ အလုံးလေးတွေစမ်းမိတာ၊ လေပွသလိုမျိုးတို့၊ တစ်ဖက်ဖက်မှာ ဗိုက်နည်းနည်း ဖောင်းလာတာမျိုးတို့ဖြစ်ရင် သတိထားကြည့်ပြီး ဆရာဝန်နဲ့ပြသသင့်ပါတယ်။


စမ်းသပ်စစ်ဆေးမှုများ

 အဲဒီလိုရှိမယ်ဆိုရင် ဆရာတို့က သွေးအရင် ဖောက်ကြည့်ပါတယ်။ ရင်သားကင်ဆာမှာတော့ CA 153 ဆိုတာရှိတယ်။ Ovary Cancer မှာတော့ CA 125 ဆိုတာရှိတယ်။ ပုံမှန်ထက် ပိုများနေရင် ကင်ဆာရှိနေလားဆိုပြီး သံသယရှိဖို့ကောင်းတာပေါ့။ လူနာကို စမ်းသပ်ရင် ဗိုက်မှာအလုံးလေးတွေ စမ်းမိနိုင်တယ်။ အလုံးက လိမ္မော်သီးအရွယ်လောက်ရှိတယ်ဆိုရင်လည်း သိနိုင်ပါတယ်။ နောက်တစ်ခုက သားဖွားမီးယပ်ဆရာဝန်ကရော၊ ကင်ဆာသမားတော်တွေကပါ လိုအပ်တယ်ဆိုရင် အာထရာဆောင်း ရိုက်ကြည့်ပြီး သားအိမ်အနေအထား၊ အလုံးအနေအထားကို ကြည့်နိုင်ပါတယ်။ တစ်ခါတလေကျ ဆရာဝန်တွေဆီ နောက်ကျမှလာတယ်ဆိုရင် အသည်းတွေ ဘာတွေ ပြန့်ပြီး ရေဖျဉ်းစွဲသလို ဗိုက်ကြီးက ပူနေတာမျိုးတွေလည်း တွေ့ရတတ်ပါတယ်။ Stage (အဆင့်) က မြင့်ရင်တော့ အဲဒီလို အခြေအနေတွေ တွေ့ရပါတယ်။


Credit:

ပါမောက္ခဦးစိန်လင်း

ခွဲစိတ်နှင့် ကင်ဆာပါရဂူ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18