Post traumatic stress disorder အဖြစ်ဆိုးနှင့်ကြုံပြီး နောက်ဆက်တွဲ စိတ်...
30-Oct-2016
PTSD ၏ အဓိကလက္ခဏာများသည် အလွန်အမင်း ကြောက်ရွံခြင်းနှင့် တွယ်ရာမဲ့သလို ခံစားနေခြင်းပင် ဖြစ်ပါသည်။ ကလေးများအတွက်မူ ဤလက္ခဏာသည် ဂနာမငြိမ် ရပ်တည်ရာမရသည့် အမူအရာဖြင့် ပြတတ်ပါသည်။ဒုတိယ ထင်ရှားသည့် လက္ခဏာမှာ ခါးသီးနာကျင်သည့် အတွေ့အကြံုသည် အမြဲတမ်း ပြန်လည်တွေ့ ကြံုနေရသကဲ့သို့ ရှင်သန်နေခြင်းပင် ဖြစ်ပါသည်။ တွေ့ကြံုခဲ့ရသော အဖြစ်အပျက်သည် အာရုံအတွေးထဲသို့ ထပ်တလဲလဲ ၀င်လာနေတတ်ပါသည်။ ဤနေရာတွင် ကလေးများသည် သူတို့ထိတ်လန့်ကြောက်ရွံ့ခဲ့ဖူးသော အဖြစ်အပျက်ကို ထင်ဟပ်သည့် ကစားနည်းကို ထပ်တလဲလဲ ကစားနေတတ်ကြကြောင်း တွေ့ရပါသည်။ ဥပမာ-ကားတိုက်မှုအဖြစ်အပျက်ကို မကြာခဏ ကစားနေတတ်ကြသည်။ ထို့အပြင် လူကြီးရော ကလေးပါ တူညီသော လက္ခဏာများ ထိတ်လန့်ဖွယ် အဖြစ်အပျက်သည် ကြောက်စရာ အိပ်မက်အသွင်ဖြင့် ပြန်လည်ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။
PTSD ၏ တတိယလက္ခဏာမှာ ကြံုတွေ့ခဲ့ရသည့် အဖြစ်အပျက်နှင့် ဆက်နွယ်သမျှသော အခြေအနေအရပ်ရပ်ကို ရှောင်ကြဉ်နေတတ်ခြင်းနှင့် မိမိ၏ လူမှုဘဝဆက်ဆံနေထိုင် လှုပ်ရှားမှုများတွင် ထုံထိုင်းနှေးကွေးသွားခြင်းပင် ဖြစ်ပါသည်။ လူနာသည် အဖြစ်အပျက်အဟောင်းနှင့် ပတ်သက်သည့် ခံစားမှု၊ အတွေးနှင့် ပြောဆိုမှုများကို ရှောင်ကြဉ်ရန် အားထုတ်နေတတ်သည်။ အဖြစ်အပျက်ဟောင်းကို ပြန်နိုးထလာစေနိုင်သည့် နေရာများ၊ လူများနှင့် အခမ်းအနားများကို သိသိသာသာ ရှောင်နေတတ်သည်။ အများနှင့် ရောနှောဆက်ဆံရသည့် အခြေအနေမျိုးကို စိတ်ဝင်စားမှုနည်းလာတတ်သည်။ ဘဝရှေ့ရေး မျော်လင့်ချက်များ နည်းပါးလာသလို ဖြစ်နေတော့သည်။ ထို့ကြောင့် သူ၏ လူမှုစီးပွားအခြေအနေသည် ထိခိုက်ဆုတ်ယုတ်လာပေသည်။
ဤရောဂါ၏ စတုတ္ထလက္ခဏာသည် အမြဲလိုလို စိတ်အတွင်း တင်းအားများနေခြင်း ဖြစ်သည်။ လူနာသည် စိတ်ငြိမ်သက်မှုမရှိပါ။ သက်သောင့်သက်သာမရှိပါ။ အလွယ်တကူ အလွန်အကျွံ လန့်နေတတ်သည်။ အဆင့်သင့် သတိအနေအထားမျိုး ရှိနေတတ်သည်။ အိပ်ရေးပျက် အိပ်မပျော် ဖြစ်တတ်သည်။ စိတ်တို စိတ်ဆတ်ပြီး ဒေါသအိုးပေါက်ကွဲတတ်သည်။ တစ်ချိန်တည်းမှာပင် ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်နှင့် ကြွက်သားများ ကိုက်ခဲခြင်း၊ မောပန်းခြင်း၊ အသက်ရှူမဝခြင်း၊ အာရုံစူးစိုက်မရခြင်း၊ မေ့လျော့တတ်ခြင်း၊ စသည့် စိုးရိမ်စိတ်နှင့် စိတ်ကျဝေဒနာများ၏ သွင်ပြင်လက္ခဏာများကိုလည်း ခံစားနေရတတ်ပါသည်။ဖော်ပြပါ ဝေဒနာလက္ခဏာများသည် စိတ်ချောက်ချားစရာ အဖြစ်အပျက်များကို တွေ့ကြံုပြီးချင်း ပေါ်ပေါက်လာသကဲ့သို့ လချီ နှစ်ချီ ကြာမှ စတင်ပေါ်ပေါက်တတ်ပါသည်။ ရောဂါဖြစ်ပြီဆိုလျှင်လည်း လချီ နှစ်ချီ ကြာတတ်ပါသည်။
ကုသခြင်း
PTSD ရောဂါကို ကုသရာတွင် ဆေးဝါးကို အသုံးပြု၍ ကုသပေးရသကဲ့သို့ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ကုထုံးများကိုလည်း တွဲဖက်အသုံးပြုရပါသည်။ အသုံးပြုရသော ဆေးဝါးများမှာ စိုးရိမ်စိတ်နှင့် စိတ်ကျဝေဒနာများအတွက် အသုံးပြုသော ဆေးဝါးများဖြစ်သည်။ ဥပမာ-အင်ပီပရာမင်း (Imipramine)၊ အမ်မီထရစ်တလင်း (Amitriptyline) ဖလူရိုဇက်တင်း (Fluoxetine)၊ ကာဘာမာဇီပင်း (Carbamazepine) နှင့် ဗဲလ်ပရိုအိတ် (Valproate) စသည့်ဆေးများ ဖြစ်ကြသည်။ လအနည်းငယ်မှ တစ်နှစ်ခန့်အထိ ဆေးပေးရပါသည်။စိတ်ကုထုံးများသည် တစ်ဦးချင်းကုထုံး (Individual psychotherapy)၊ အုပ်စုကုထုံး (Group therapy) နှင့် မိသားစုကုထုံး (Family therapy ) တို့ပါ၀င်ပါသည်။ စိတ်ကုထုံး၏ ရည်ရွယ်ချက်မှာ လူနာအား အားပေးရန်၊ ကူညီရန်၊ အခြေအနေမှန်ကို လူနာလက်ခံလာရန်နှင့် စိတ်ကို လျှော့ချထားရန်တို့ ဖြစ်ပါသည်။ အချိန်ပေး၍ စိတ်ရှည်ရှည်ပြုလုပ်ပေးရသော ကုထုံးများဖြစ်ပါသည်။ မိသားစုနှင့် လူမှုအဖွဲ့အစည်းများ၏ အကူအညီကိုလည်း ရယူသင့်ပါသည်။
Ref:
ဒေါက်တာဟန်စိန်
နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့
Source:
အာရောဂျံ
ဒီဇင်ဘာ၊ ၂၀၀၁