မောဟိုက်ဝေဒနာ၏ စိတ်အကြောင်းအရင်းများ
25-Feb-2017ကလေးဘဝတွင် ကြုံတွေ့ခဲ့ရမှုတို့သည် မောဟိုက်ဝေဒနာ ဖြစ်ခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်ပါသည်။ မိဘများက လိုအပ်သည်ထက် ပို၍ဂရုစိုက်ခြင်း၊ ကလေးအတွက် စိုးရိမ်ကြောင့်ကြလွန်းခြင်း၊ အလွန်အမင်း အကာအကွယ်ပေးခြင်း၊ တစ်နည်းအားဖြင့် “အချစ်လွန်ခြင်း” တို့သည် ကလေးအတွက် မကောင်းပေ။
တစ်ခါတစ်ရံ မိဘများကိုယ်တိုင်က မောဟိုက်ဝေဒနာ ဖြစ်နေသူဆိုပါကလည်း ကလေးတွင် ထိုဝေဒနာ စွဲကပ်လာနိုင်သည်။ မိဘများ၏ အပြုအမှုကို ကလေးများသည် အတုခိုးတတ်ကြသည်။မိဘလုပ်သမျှ အကောင်းထင်မှတ်ပြီး အတုခိုးရင်း မောဟိုက်ဝေဒနာ စွဲကပ်လာနိုင်သည်။
မောဟိုက်ဝေဒနာကို အမှန်တကယ် ဖျားနာရာမှ ဆက်၍ ရတတ်သည်။ နာမကျန်းဖြစ်နေချိန်တွင် ထိုသူအဖို့ အားအငယ်ဆုံး အချိန်ဖြစ်ပေမည်။
နေမကောင်းသဖြင့် မိဘဆွေမျိုးများက ဝိုင်းဝန်းပြုစု ယုယကြသည်။ သူ့အတွက် လိုလေသေးမရှိ လုပ်ပေးကြသည်။ သူ့အားနည်းနည်းမျှ အပင်ပန်းမခံစေရပေ။ ထိုယုယမှုကို သူသည် မက်မောလာသည်။ အကယ်၍လူနာသည် နာမကျန်းမဖြစ်မီက စိတ်ပဋိပက္ခ ဖြစ်နေသူ တစ်ဦးဆိုပါက ပင်ပင်ပန်းပန်း မလုပ်ရမှုကို မသိမသာ တပ်မက်လာနိုင်သည်။ သို့နှင့် တဖြည်းဖြည်း မောဟိုက်ဝေဒနာ စွဲကပ်လာနိုင်သည်။ ဤဝေဒနာကို လက်ကိုင်ထားခြင်းဖြင့်သူ၏ နစ်နာဆုံးရှုံးမှုများအတွက် အကာအကွယ်ရစေသည်။ သို့တည်းမဟုတ် အခွင့်အရေးများ ပို၍ ရစေနိုင်ပေသည်။
ဝေဒနာရှင်တို့အတွက် ထိုရောဂါသည် လက်နက်သဖွယ် အသုံးကျသည်။ မိဘဆွေမျိုး၊ မိတ်သင်္ဂဟများအပေါ် မောဟိုက်ပြခြင်းဖြင့် အနိုင်ယူနိုင်သည်။ သူလုပ်လိုသမျှကို အခြားသူများကတားမြစ်၊ မောဟိုက်နွမ်းလျပြလိုက်လျှင် သူ့အား ဆန့်ကျင်ရန် မလွယ်ကူပေ။ သက်ညှာမှုသာ ပေးကြရတော့သည်။ စိတ်ဝေဒနာရှင်အဖို့ ဟန်ဆောင်ပြီး မောပြနေခြင်းကား မဟုတ်ပေ။ အမှန်ပင် ဝေဒနာကို ခံစားနေကြရရှာသည်။ တစ်ခါတစ်ရံ ပတ်ဝန်းကျင်က မိမိအား အာရုံစူးစိုက်ပြီး ဂရုစိုက်စေရန် မောဟိုက်ဝေဒနာကို အသုံးချတတ်သည်။ မောဟိုက်တတ်သည့်အတွက် မိဘဆွေမျိုး အသိုင်းအဝိုင်းက ကြင်နာယုယပြုစုကြသည်။ တစ်ခုခု လုပ်မည်ဆိုတိုင်း သူ့အား ဦးစားပေးကြရပေသည်။
ဤနည်းအတိုင်း မိမိလင်ယောကျာ်း၏ ပြုစုယုယမှု၊ ဂရုစိုက်အရေးပေးမှုရရန် ဇနီးဖြစ်သူကလည်းကောင်း၊ သားသမီးများ၏ ပြုစုယုယမှုပေးရရန် မိအို ဖအိုတို့ကလည်းကောင်း ဤဝေဒနာကို အသုံးချတတ်ကြသည်။ မိမိ၏ ချွတ်ယွင်းချက်၊ အားနည်းချက်များကို လူကြားကောင်းရန် အကြောင်းကောင်းပြဖို့အတွက်လည်း ဤဝေဒနာကို အသုံးချတတ်ကြသည်။ အခြားသူများနှင့် ယှဉ်ပြိုင်ရသော လုပ်ငန်းတို့တွင် မိမိ၏ မအောင်မြင်မှုကို ဖုံးကွယ်ရန် အသုံးချတတ်ကြသည်။ မိမိမောဟိုက်တတ်ခြင်းကြောင့် စာမေးပွဲတွင် ကျရှုံးရသည်။ အမှတ်နည်းရသည် စသည်ဖြင့် အကြောင်းကောင်း ပြတတ်ကြကြောင်း တွေ့နိုင်ပေသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ခင်မောင်သန်း (စိတ်ပညာ)
စိတ်ဖောက်ပြန်မှုနှင့် စံလွဲအပြုအမှုများ စာအုပ်မှကောက်နှုတ်ထားပါသည်။