Print

အကြောက်လွန်ခြင်း

  28-Feb-2017
Preview Image

အကြောက်လွန်ခြင်း
အန္တရာယ်ပေးမည့်သတ္တဝါ၊ အန္တရာယ်ရှိသည့်အရာဝတ္တုတို့အား ကြောက်ရွံ့ခြင်းသည် သာမန်တုံ့ပြန်မှုတစ်ခုဖြစ်၏။လူတိုင်းလူတိုင်းပင် ကြောက်ရွံ့့တတ်ကြသည်။သို့သော် အန္တရာယ်အနည်းငယ် (သို့မဟုတ်) လုံးဝအန္တရာယ်မရှိသည့် တိရစ္ဆာန်၊ အရာဝတ္တု
တစ်ခုခုစသည်တို့အား ကြောက်ရွံ့နေခြင်းသည် အကြောက်လွန်ဝေဒနာ ခံစားနေရခြင်း
ဖြစ်သည်။ အချို့မှာကြွက်၊အိမ်မြှောင်၊တီကောင်၊စသည်တို့ကို မြင်တွေ့ရလျှင်အသက်ရှူ
မှားလောက်အောင် ကြောက်တတ်ကြသည်။

ကြောက်ရွံ့သည့်သတ္တဝါ၊ ကြောက်ရွံ့သည့်အရာဝတ္တုအရ အကြောက်လွန်ရောဂါလည်း အမျိုးမျိုးရှိသည်။အချို့ကိုအောက်တွင်ဖော်ပြထားသည်။

၁။အမြင့်ကိုကြောက်ခြင်း
၂။အကာအကွယ်မဲ့သည်ကိုကြောက်ခြင်း
၃။နာကျင်မည်ကိုကြောက်ခြင်း
၄။မိုးချုန်းသည်ကိုကြောက်ခြင်း
၅။ပိတ်လှောင်နေသည်ကိုကြောက်ခြင်း
၆။သွေးကိုကြောက်ခြင်း
၇။ရောဂါပိုးမွှားများကိုကြောက်ခြင်း
၈။တစ်ယောက်တည်းနေရမည်ကိုကြောက်ခြင်း
၉။အမှောင်ကိုကြောက်ခြင်း
၁၀။လူစုလူဝေးကိုကြောက်ခြင်း
၁၁။ရောဂါဖြစ်မည်ကိုကြောက်ခြင်း
၁၂။မီးကိုကြောက်ခြင်း
၁၃။ကြွက်၊ အိမ်မြှောင်၊ တီကောင် စသည့်သတ္တယါများကိုကြောက်ခြင်း

ဤအကြောက်လွန်သည့် ဝေဒနာသည် လူငယ်များတွင်အဖြစ်များ၏။ ယောကျာ်းနှင့်
မိန်းမများနှိုင်းယှဉ်ပါက မိန်းမများတွင် အဖြစ်များသည်ကိုတွေ့ရသည်။

 

ရောဂါလက္ခဏာများ
ဤအကြောက်လွန်ဝေဒနာခံစားရသူတို့မှာ သာမာန်လူများကြောက်တတ်သည်ထက် အလွန်အမင်းကြောက်တတ်ကြသည်။ ထိုကဲ့သို့အကြောက်လွန်နေမှုကြောင့် အလုပ်အကိုင်ကိုပါ ထိခိုက်လာတတ်သည်။အကယ်၍ကြောက်သည့်တိရစ္ဆာန်၊ အရာဝတ္တု (သို့မဟုတ်) အခြေအနေတစ်ရပ်အား မရှောင်ရှားလျှင် စိုးရိမ်စိတ်ဖြစ်ပေါ်
လာတတ်သည်။ ခေါင်းကိုက်ခြင်း၊ နောက်ကြောတတ်ခြင်း၊ အစာမကြေဖြစ်ခြင်း၊
မူးနောက်နောက်ရှိခြင်း၊အားငယ်ခြင်း စသည့် ရောဂါလက္ခဏာရပ်များလည်း
ရှိတတ်သည်။

 

ရောဂါဖြစ်ရခြင်း၏စိတ်အကြောင်းရင်းများ
၁။စိုးရိမ်မှုပေါ်စေသည့် အခြေအနေအား အစားထိုးသည့်သဘောဖြင့် အကြောက်လွန်
ဝေဒနာဖြစ်ပေါ်လာတတ်သည်။ ဥပမာအားဖြင့် အလုပ်ပြုတ်မှာ ကြောက်သောသူသည်
ဘတ်စ်ကားကို ကြောက်သည့်ရောဂါဖြစ်ပေါ်လာနိုင်သည်။ ဘတ်စ်ကားကိုကြောက်၍
မစီးသဖြင့်အလုပ်လဲမသွားဘဲနေနိုင်သည်။ ရုံးမရောက်တော့သဖြင့် အလုပ်ပြုတ်ပြီး အရှက်ကွဲမည့် အန္တရာယ်လည်း တွေ့တော့မည်ဖြစ်ပေသည်။ ဤတွင် အရှက်ကွဲမည်ကို စိုးရိမ်မိသဖြင့် ထိုစိုးရိမ်မှုအား ဘတ်စ်ကားကြောက်သည့် အကြောက်လွန်ဝေဒနာဖြင့် အစားထိုးလိုက်ခြင်းဖြစ်သည်။ထိုသို့ အစားထိုးမှုကြောင့် အတ္တအား ထိခိုက်မည့်
ဘေးအန္တရာယ်မှရှောင်ရှားနိုင်ခဲ့သည်။

လူငယ်တစ်ဦးမှာ အခန်းတစ်ခန်းငှားပြီး ပစ္စည်းများရောင်းသည့်လုပ်ငန်းကို လုပ်ကိုင်
သည်။ စီးပွားရေးအဆင်မပြေဖြစ်လာသောအခါ သူ့အခန်းသည် ကျဉ်းမြောင်းလာသည်
ဟု စိတ်တွင်ထင်လာသည်။ နံရံများသည် သူ့အပေါ်သို့ပြိုလဲလာမည်ကို ကြောက်လာ
သည်။ ထို့အပြင် အခန်းမှာကျဉ်းကျပ်လှသဖြင့် မကြာခဏ ဆိုင်အပြင်ထွက်၍
လေကောင်းလေသန့် ရှူရကြောင်း ပြောသည်။ အချိန်ကာလ ကြာလာသော်် ထိုအကြောက်လွန်ရောဂါသည် တဖြည်းဖြည်း ပြင်းထန်လာသဖြင့် နောက်ဆုံး
ဆိုင်ပါပိတ်လိုက်ရတော့သည်။

ဤတွင်အကြောက်လွန်ရောဂါသည် သူ့အတ္တအတွက် အကာအကွယ်တစ်ခုဖြစ်လာ
သည်။ အရောင်းအဝယ်လုပ်ငန်း မအောင်မြင်ခြင်း၊ အရှုံးပေါ်ခြင်းသည် သူ၏လုပ်ငန်း မကျွမ်းကျင်ခြင်းကြောင့်ဟု ဖော်ပြစရာမလိုတော့။ သူဆိုင်ပိတ်ရသည်မှာ အခြား
အကြောင်းကြောင့်ဖြစ်သည်ဟု ယုံကြည်လာသည်။ သူကိုယ်တိုင်လည်း စိုးရိမ်မှုနှင့်
ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းတို့အား မြင်နိုင်စွမ်းလဲမရှိပေ။

၂။အန္တရာယ်မကင်းသည့် စိတ်တွင်းတိုက်တွန်းမှုအား ကာကွယ်ခြင်း

မိမိ၏ဇနီးအား ရေနှစ်သတ်လိုသည့် ဆန္ဒရှိသူလင်ယောကျာ်းတစ်ဦးတွင် ရေကန်၊ မြစ် စသည့်ရေများများကို ကြောက်သည့် အကြောက်လွန်ဝေဒနာ ဖြစ်ပေါ်လာသည်။
ဤသို့ကြောက်သဖြင့်သူ၏စိတ်တွင်းတိုက်တွန်းမှုအား အကောင်အထည်ပေါ်အောင်
ပြုလုပ်မည့် အန္တရာယ်ကို ကာကွယ်ထားရာရောက်ပေသည်။ ထိုနည်းတူ ယောကျာ်း
လည်ပင်းအား ဓားဖြင့်ထိုးသတ်လိုသည့် ဆန္ဒရှိသူမိန်းမတစ်ဦးသည် ချွန်ထက်သည့် လက်နက်ကိရိယာများအား ကြောက်သည့် အကြောက်လွန်ဝေဒနာ စွဲနေခြင်းမှာလည်း ဤသဘောအတိုင်းပင်ဖြစ်သည်။

၃။အကြောင်းဆက်ခြင်း

ခွေးကိုက်ခံရသော ကလေးငယ်တွင် ခွေးကိုကြောက်သည့်စိတ် ဖြစ်ပေါ်နေခြင်းမှာ
အကြောင်းဆက်ခြင်းကြောင့်ဖြစ်သည်။ မိုးချုန်းသည်ကို ကြောက်သည့်မိခင်ကြောင့်
လည်း ကလေးငယ်တွင် ထိုအကြောက်လွန်ဝေဒနာရှိလာနိုင်သည်။အကြောက်လွန်သည့်
ဝေဒနာကိုဖြစ်ပေါ်လာသည့် အခြေအနေအရ ကုသရသည်။ ရေနစ်ဖူးသဖြင့်ရေကို
ကြောက်သောသူအား အခြားသူများ၏ အကူအညီနှင့်ရေကူးခြင်းဖြင့်ထိုကြောက်စိတ်ကို 
လျော့ပါးပျောက်ကွယ်သွားစေနိုင်သည်။ ရှစ်နှစ်အရွယ်ကလေးတစ်ဦးသည် ကားတိုက်
ခံရပြီးနောက် လှှုပ်ရှားနေသော ယာဉ်အားလုံးကို ကြောက်သည့် အကြောက်လွန်ဝေဒနာ
ဖြစ်ပေါ်နေသည်။ ထိုဝေဒနာအား ပျောက်ကွယ်ရန် တဖြည်းဖြည်းကုသပေးရသည်။

ပထမအဆင့်တွင်ကား သူ့အကြောင်းကို အကောင်းပြောပါက သူနှစ်သက်သည့် မုန့်
များဖြင့် ဆုပေးသည်။ ဤကဲ့သို့ပြုလုပ်ပေးခြင်းဖြင့် တဖြည်းဖြည်းလုပ်ရှားနေသည့်
ယာဉ်များအကြောင်းကို သူသည်အေးအေးဆေးဆေး ပြောရဲလာသည်။ ဒုတိယအဆင့်
တွင် ကစားစရာကားငယ်များဖြင့်ယာဉ်တိုက်မှုလုပ်ပြပြီး မုန့်ကျွေးသည်။ တတိယအဆင့် အနေဖြင့်ရပ်ထားသောကားတွင် ထိုင်ခိုင်းပြီးမုန့်ကျွေးသည်။ ဤကဲ့သို့ တဖြည်းဖြည်း
ပြုလုပ်လာရာ ကြာသော်ကားပြန်စီးရဲသည်အထိ ကောင်းမွန်လာသည်။

ကြောက်နေသည့်အရာအား မကြောက်ရဘူးဟု အတင်းအဓမ္မပြောဆိုဆက်ဆံခိုင်းခြင်း
ဖြင့် အကြောက်လွန်သည့်ရောဂါ ပိုမိုးဆိုးရွားလာတတ်သည်။ တဖြည်းဖြည်း မကြောက်
အောင်ပြုလုပ်ယူခြင်းဖြင့်သာ ပြန်လည်ကောင်းမွန်လာနိုင်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
စိတ်ဖောက်ပြန်မှုစံလွဲအပြုအမူများ
ခင်မောင်သန်း(စိတ်ပညာ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18