Print

စိတ်ဖိစီးခြင်းနှင့်အရေပြား

  20-Mar-2018
Preview Image

လူ့ဘဝဆိုတာ ပျော်ရွှင်စရာ၊ စိတ်ညစ်စရာတွေနဲ့ရောထွေးနေတာပါ။ ဘယ်သူမှဘဝတစ်လျှောက်လုံး ပျော်ရွှင်စရာအတိနဲ့ ပြည့်စုံနေတာ မဟုတ်ပါဘူး။ ဆင်းရဲ၊ ချမ်းသာမရွေး စိတ်ပူပန်တာ၊ စိတ်လှုပ်ရှားတာ၊ စိတ်ပင်ပန်းတာ၊ လိုချင်ကြောင့်ကြတာတွေ ရှိကြတာပါ။ ခေတ္တခဏ တစ်ခါတလေကြုံရတာနဲ့ ရေရှည်ကြုံကြရတာပဲ ကွာချင်ကွာပါမယ်။ ဒီစိတ်တင်းကျပ်မှုတွေကို ခြုံငုံပြီး စိတ်ဖိစီးမှု (Stress) လို့ အမည်ပေးထားကြတာပါ။ ခုခေတ်မှာ အသုံးများတဲ့ ဝေါဟာရအသစ်တစ်ခုပေါ့။ ဒီလိုစိတ်ဖိစီးမှုတွေနဲ့ ကျန်းမာရေးဟာ များစွာဆက်နွှယ်ပတ်သက်မှု အထွေထွေကျန်းမာရေး တွေထဲမှာ အရေပြားပြဿနာတွေလည်း အများကြီး ပါဝင်ပါတယ်။ 


အယားပြဿနာ

 စိတ်ရှုပ်လေ၊ စိတ်ညစ်လေ၊ စိတ်လှုပ်ရှားလေ ယားတတ်လေပါပဲ။ ဥပမာပေးရရင် ကိုယ့်အသင်းဘက်ကို ဂိုးသွင်းခံလိုက်ရရင် ကွင်းစပ်က နည်းပြလုပ်သူတချို့ရဲ့ ဆံပင်ဖွတာ၊ ခေါင်းကုတ်တာမျိုးကို တီဗီက ဘောပွဲကြည့်သူတိုင်း သတိထားမိမှာပါ။ တချို့ဆို မသိမသာမျက်လုံး၊ မျက်ခုံးကို ပွတ်မိတာမျိုးပါ။ တကယ်တော့ အဓိကပြဿနာက အယားဓာတ်ခံရှိသူတွေမှာ အင်ပျဉ် အယားဖုတွေ ထွက်လာတတ်တာပါပဲ။ ခဏတစ်ဖြုတ် ထွက်တာနဲ့ မကြာခဏ ထွက်တာပဲ ကွာတာပါ။ စိတ်လှုပ်ရှားတော့ ယား၊ ယားတော့ စိတ်ရှုပ်နဲ့ သံသရာလည်နေတတ်ပါတယ်။ Stress Urticaria တဲ့ ခပ်ရှင်းရှင်းပြောရရင် စိတ်ဖိစီးမှုကြောင့် ပေါ်လာတဲ့ အင်ပျဉ်တွေပေါ့။


 နဂိုက နှင်းခူအခံရှိခဲ့ရင်လည်း စိတ်ဖိစီးမှုများတဲ့အခါ ပိုပြီး ယားလာတတ်ပါတယ်။ နှင်းခူဆိုတာ မူလကတည်းက ယားတတ်တဲ့ ပြဿနာပါ။ ဒါပေမဲ့ စိတ်လှုပ်ရှားတဲ့အခါ စိတ်တင်းကျပ်တဲ့အခါမှာ ပိုပြီး ယားလာလေ့ရှိပါတယ်။ ဒီတော့ ပိုယားတော့၊ ပိုကုတ်မိ၊ ပိုကုတ်မိတော့ ပိုပြီး ပျံ့ပါလေရော။ အထူးသဖြင့် အေတိုးပစ်နှင်းခူ (Atopic Eczema) ဆိုတဲ့ ဟိုဟာနဲ့ ဓာတ်မတည့်၊ ဒီဟာနဲ့ အဆင်မပြေတဲ့ နှင်းခူမျိုးဆိုရင် ပိုယား၊ ပိုကုတ်၊ ပိုပျံ့၊ ပိုယားနဲ့ လည်နေပြီး ထိန်းချုပ်ရခက်ပါတယ်။


 ဂျွတ်ပွေးနာလို့ မြန်မာမူပြုထားတဲ့ ဆိုးရီးယေးစစ် (Psoriasis) ရောဂါဟာလည်း စိတ်ဖိစီးရင်း ရောဂါကြွတာ၊ ပျံ့တာတွေ ဖြစ်တတ်ပါတယ်။ ဒီရောဂါက ပွေးနဲ့တူတဲ့ နီရဲရဲ ဖောင်းကြွနေတဲ့ အကွက်၊ အပြင်တွေပါ။ ကုတ်လိုက်ရင် ခပ်ကြမ်းကြမ်း အဖြူဖတ်တွေ ကွာကျတာက ဒီရောဂါရဲ့ ထူးခြားချက်ပါ။ စိတ်လှုပ်ရှားရင် ချက်ချင်းဆိုသလို ပျံ့သွားတတ်ပါတယ်။ စောစောက ရောဂါတွေ ဒီလိုပိုယားလာတော့ ကုတ်ကြတာပေါ့။ ဒီတော့ကုတ်လေပျံ့လေပါ။ တကယ်တော့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု (Emotional Stress) ရော၊ ပွတ်မိ၊ ကုတ်မိ၊ ဖဲ့မိ စတဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှု (Physical stress) ပါ ဒီရောဂါကို ပြန့်ပွားစေတတ်တာပါ။ 


ဝက်ခြံတွေက ပိုထွက်လာ

 စိတ်ရှုပ်တဲ့အခါ ရှိပြီး ဝက်ခြံတွေ ပိုဆိုးလာလေ့ရှိပါတယ်။ ဝက်ခြံပေါက်လို့ အလှပျက်တာကြောင့် မှန်ကြည့်တိုင်း၊ စိတ်ညစ်၊ စိတ်ညစ် စိတ်တိုတော့ ဝက်ခြံတွေက ပိုများနဲ့ တဝဲလည်လည် ဖြစ်တတ်ပါတယ်။ စာမေးပွဲ နီးလို့ ဒါမှမဟုတ် လုပ်ငန်းခွင်မှာ အလုပ်တွေများလို့ စိတ်ပူပန်သောကရောက်တဲ့အခါ ဝက်ခြံတွေ ပိုထွက်လာတာ ကြုံဖူးကြမှာပါ။ စိတ်ဖိစီးတော့ အိပ်ရေးပျက်၊ အိပ်ရေးပျက်တော့ ဝက်ခြံတွေထွက်တာနဲ့ အတော်စိတ်ပျက်စရာပါ။ တချို့ဆို အိပ်ရေးပျက်ခံပြီး ဖေ့စ်ဘွတ်ကြည့်ကြာတော့ စိတ်လှုပ်ရှားပြီး ဝက်ခြံတွေ ပိုဆိုးလာတာမျိုး မကြာခဏ  တွေ့ရပါတယ်။ ဝက်ခြံနဲ့ ဆင်တူတဲ့ ရိုစာစီယာ (Rosacea) ဆိုတဲ့ ရောဂါလည်း စိတ်ဖိစီးရင် ပိုကြွလာတတ်ပါတယ်။ ရိုစာစီယာဆိုတာ နှင်းဆီသွေး ပြေးနေတဲ့ ပါးနဲ့ နှာခေါင်းပေါ်က ဝက်ခြံလို အဖုလေးတွေပါ။ စိတ်လှုပ်ရှားတဲ့အခါ အရေပြား သွေးကြောငယ်လေးတွေ ပိုကျယ်လာတော့ နဂိုက ရဲရတဲ့အထဲ ပိုပြီးရဲလာတော့တာပါ။ စိတ်ဖိစီးတဲ့အခါ ထွက်လာတဲ့ဲ ဟော်မုန်းဓာတ် (Hormone) တွေ၊ သဘာဝဓာတုဓာတ်ပေါင်းတွေက အများကြီးပါ။ အဲဒီထဲမှာ စတီးရွိုက်ဟော်မုန်းလည်း အဓိက ပါဝင်ပါတယ်။ ဒီဟော်မုန်းကို (Stress Hormone) လို့တောင် ခေါ်ပါတယ်။ အဲဒီဟော်မုန်းကြောင့် အရေပြားထဲမှာရှိတဲ့ အဆီအိတ်တွေက အဆီတွေ ပိုထုတ်လုပ်ပေးတာမို့ ဝက်ခြံတွေ ပိုပေါက်ကြတာပါ။ 


Credit: ဒေါက်တာဦးကျော်ကျော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18