ပတ်ဝန်းကျင်က အရေးကြီးတဲ့ ကလေးများရဲ့ ဉာဏ်ရည်ဖွဲ့ဖြိုးမှု
08-Mar-2019ကလေးတွေဟာ ဉာဏ်ရည်ဖွံ့ဖြိုးမှု ဘယ်အရွယ်ကနေ စတင်ပါသလဲ ဆရာ
ကလေးတွေဟာ ဉာဏ်ရည်ဖွံ့ဖြိုးမှုက ဘယ်အရွယ်ကနေ စသလဲဆိုရင် ကလေးရဲ့အသိဟာ အမေ့ရဲ့ဗိုက်ထဲမှာ ရှိကတည်းကနေ စတင်ပြီး အပြင်ကပြောတဲ့အသံတွေ၊ ထိတွေ့မှုတွေကို သူတို့က ခံစားတတ်ကြတယ်လေ။အပြင်က ထိတွေ့ လှုံ့ဆော်တာတွေဟာ ကလေးအတွက် သာသာယာယာရှိတယ်။ကောင်းမွန်တယ်ဆိုရင် ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု့ကို အထောက်အကူ ဖြစ်တယ်လို့ သုတေသနတွေက ဖော်ပြထားကြတယ်။
ကလေးတွေက တဖြည်းဖြည်းကြီးလာတာနဲ့အမျှ သူတို့လေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုတွေ မြင့်မားလာအောင် မိဘတွေအနေနဲ့ရော ဘာတွေလုပ်ဆောင်ပေးပါသလဲ ဆရာ။
မိဘတွေအနေနဲ့ လုပ်ဆောင်ပေးနိုင်တာကတော့ အများကြီးရှိပါတယ်။အစောကပဲ ဆရာ စာအုပ်လေးတစ်အုပ်ကို ဖတ်နေတာ တိုက်တိုက်ဆိုင်ဆိုင်ပဲလေ။Harvest University က Howard Gardner ဆိုတဲ့ပုဂ္ဂိုလ်ကဉာဏ်ရည်အနည်းဆုံး လူတွေမှာ ၇ မျိုးလောက်ရှိတယ်ဆိုတဲ့ အကြောင်းတွေ ဆရာ ဖတ်မိတယ်။ ဉာဏ်ရည်တွေမှာ လူတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးလေး။ သူတို့ ဉာဏ်ရည်တွေကို ဖွံ့ဖြိုးစေတဲ့ ဥပမာဆိုကြပါစို့ . . . ဘာသာစကားကို ပြောပြီးတော့ သူများပြောတာကို နားလည်တယ်။ ကိုယ်ပြောချင်တဲ့ ကိုယ့်ရဲ့ စိတ်ကူးတွေ၊ အတွေးအမြင်တွေကို သူများနားလည်အောင် ရှင်းရှင်းလင်းလင်းပြောတတ်တယ်ဆိုရင် အဲ့ဒီလူဟာ ဘာသာစကားနဲ့ ပတ်သက်လို့ တော်တယ်ပေါ့။
အဲ့ဒီလိုမျိုး ကလေးတစ်ယောက်က စကားပြောတယ်။ မေးတယ်ဆိုရင် လူကြီးတွေကလည်း ကောင်းကောင်းပြန်ဖြေပေးဖို့ လိုတယ်။ အဲ့ဒီလို မဟုတ်ဘဲနဲ့ “ဟာ ရှည်လိုက်တာ . . စကားများတယ်” လို့ ဆိုလိုက်ရင် ဘာဖြစ်သွားလဲ ဆိုတော့ သူသိချင်တဲ့ စိတ်ကလေးက တံခါးအပိတ်ခံလိုက်ရသလို ဖြစ်သွားတတ်တယ်။ အဲ့လိုဆိုရင် သူက သိခွင့်လည်းမရတော့ဘူး။ နောက်တစ်ခါ မမေးရဲ၊ မပြုရဲဆိုရင် သူအားသာတဲ့ ဘာသာစကားနဲ့ စူးစမ်းနေတာလည်း ရပ်သွားမယ်။ အဲ့ဒါကို လမ်းပိတ်လိုက်တဲ့အတွက်ကြောင့် ကလေးကမတတ်တော့ဘူး။
ဒါကြောင့် မိဘတွေက ကောင်းကောင်းနားထောင်ပေးရမယ်။ ကောင်းကောင်း ဆက်သွယ်ပြောဆိုပေးရမယ်။ မြူးဇစ်ဆိုလည်း မြူးဇစ်နဲ့ ပတ်သက်တာ၊ အားကစားဆိုလည်း အားကစားပေါ့။ ကိုယ့်သားသမီးလေးတွေမှာ ဘာဝါသနာပါလဲဆိုတာ အနီးကပ်လေ့လာကြည့်ဖို့ လိုတယ်။ လေ့လာကြည့်တဲ့အခါ သူတို့ကို အခွင့်အလမ်းလည်း များများဖန်တီးပေးရတာပေါ့။ သူသိချင်တာကိုမေးလို့ ပြန်ဖြေပေးတယ်ဆိုရင် ကလေးက ဉာဏ်ရည် ပိုပြီး တိုးတက်လာတာပေါ့။
ဟုတ်ပါတယ် ဆရာ။ ဆရာပြောသလို တချို့ မိဘတွေက တစ်ခါတစ်လေ ကလေးကမေးတာကို “ကလေး ကလေးလိုနေစမ်း” လို့ ပြောတတ်ကြတာလည်း တွေ့ဖူးပါတယ် ဆရာ။
အမှန်က မိဘတွေက ကိုယ့်မှာ အလုပ်ရှုပ်တာနဲ့ အဲဒီလိုပြောဖြစ်ကြတာပါ။ ကလေး- ကလေးလိုနေဆိုတာက ကလေးဆိုတာမျိုးက စူးစမ်းတယ်လေ။ ကလေးက သိချင်တာတွေ အများကြီးရှိတယ်။ လူကြီးသိသလို ကလေးကမသိသေးဘူး။ အဲ့ဒီတော့ ပတ်ဝန်းကျင်မှာ အသစ်အဆန်း မှန်သမျှကို သူသိချင်တယ်။ ဥပမာ ပုရွက်ဆိတ်လေးတစ်ကောင် ဆန်စေ့လေးတွေကို ချီပြီးသွားတာကအစ သူ့အတွက် စိတ်ဝင်စားစရာကောင်းတယ်လေ။ အဲ့ဒါတွေကို ကလေးတွေက သဘာဝ အားဖြင့် စူးစမ်းချင်တယ်။ သိချင်တယ်။ ဘယ်ကိုချီသွားနေတာလဲ။ ဘာလုပ်ဖို့လဲ စသဖြင့် အမျိုးမျိုး စဉ်းစားမယ်။ အဲဒါက သဘာဝပဲ။ ကလေးကို အဲဒီလို သဘာဝအတိုင်း မေးခွင့်ပေးမယ်။ ပြောခွင့်ပေးမယ်။ စူးစမ်းခွင့်ပေးမယ်ဆိုရင် ကလေးတွေရဲ့ ဖွံ့ဖြိုးမှု့အခြေအနေတွေကို အများကြီးဖန်တီးပေးနိုင်ပါတယ်။
နောက်တစ်ခုက ကလေးတွေကို အချိန်ပေးဖို့လည်း လိုတယ်လေ။ မိဘ တွေက အချိန်သိပ်ဆင်းရဲကြတယ်။ တခြားလုပ်ငန်းတွေပဲ လုပ်နေကြတယ်။ ကလေးတွေဆိုရင် စားချိန်ကျွေးမယ်။ အိပ်ချိန် သိပ်မယ်။ ဒီလောက်ပဲ အဓိက ထားကြတယ်။ တကယ်တော့ တခြားအချိန်တွေမှာ ကလေးတွေကို အပြန်အလှန် ပြောဆိုတာ၊ သူတို့ စိတ်ဝင်စားအောင် မေးခွန်းလေးတွေ မေးတာတို့၊ ပြန်ဖြေပေးတာတို့လုပ်ပေးရင် ကလေးတွေ ဖွဲ့ဖြိုးတိုးတက်ရေးမှာ သိပ်အရေးကြီးပါတယ်။
ကျောင်းနေအရွယ် ကလေးတွေရဲ့ ဉာဏ်ရည်ဖွဲ့ဖြိုးမှု ကရော ဘယ်လိုရှိပါသလဲ ဆရာ။
အမှန်တော့ ကလေးရဲ့ပတ်ဝန်းကျင်ဟာ ဘယ်ပတ်ဝန်းကျင်မဆို ကလေးရဲ့ စူးစမ်းလေ့လာစိတ်၊ ကလေးတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ဝါသနာမတူဘူးလေ။ စိတ်ဝင်စားပုံချင်း မတူဘူး။ အဲ့ဒါတွေကို မိဘတွေကလည်း ကိုယ့်သားသမီးကို လေ့လာဖို့လိုသလို ကျောင်းရောက်ရင်လည်း ဆရာ၊ဆရာမတွေက ကိုယ့်အတန်းထဲမှာ ရောက်လာတဲ့ ကလေးတွေဟာ ဘာတွေကို စိတ်ဝင်စားသလဲဆိုတာကို အမြဲတမ်းလေ့လာနေဖို့ လိုတယ်။ ဆိုကြပါစို့ . . .ဒီတစ်ယောက်က လက်မှု့ဝါသနာပါတယ်။ ဒီတစ်ယောက်က ပန်းချီ ဝါသနာပါတယ်။ ဒီတစ်ယောက်ကတော့ အတီးအမှုတ် ဝါသနာပါတယ်. . .စသဖြင့် ကလေးတွေမှာ အမျိုးမျိုးရှိနိုင်တယ်။ အဲဒီလိုပဲ ကလေးတွေရဲ့ လိုအပ်ချက်နဲ့ ညီအောင် ကျောင်းထဲမှာ၊ သင်ယူမှုပတ်ဝန်းကျင်မှာ ကောင်းကောင်းဖန်တီးပေးရမယ်။ အဲ့ဒီလိုဖန်တီးပေးရင် ဝါသနာတို့ စိတ်ဝင်စားမှုတို့ကို ကိုယ့်မှာရှိတဲ့အတိုင် ကလေးတွေက လေ့လာသင်ယူခွင့်ရှိတယ်ဆိုရင် ကိုယ့်မှာရှိတဲ့ စွမ်းအားတွေကို ဖွံ့ဖြိုးခွင့်ရတာပေါ့။
အဲ့ဒီလို မဟုတ်ဘဲနဲ့ စာဆို စာတစ်ခုတည်းပဲ လုပ်နေမယ်ဆိုရင် စာနဲ့ပတ်သက်လို့ တော်တဲ့ကလေးတွေ အတွက်ကတော့ အဲဒီပတ်ဝန်းကျင်က ကောင်းတယ်။ အဲဒီလိုမဟုတ်ဘဲ တခြားနေရာမှာ ထူးချွန်တဲ့ ကလေးတွေကျတော့ သူတို့ရဲ့ အားသာချက်ကို အသုံးချခွင့်မပေးသလို ဖြစ်သွားတယ်လေ။ အဲလိုဆို ကလေးတွေက သူတို့ရဲ့ စွမ်းရည်ကို ပြခွင့်မရဘူး။ လူတစ်ယောက်က စွမ်းရည်ပြခွင့်ရတယ်ဆိုရင် ငါလုပ်နိုင်တယ်ဆိုတဲ့အသိလေးနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်တဲ့စိတ် ဖြစ်လာတယ်။ ဖြစ်လာရင် ထပ်လုပ်ချင်စိတ် ဖြစ်လာမယ်။ အဲလို ပြခွင့်မရတဲ့ အခါကျတော့ တဖြည်းဖြည်း ဘယ်လိုဖြစ်လာလဲဆိုရင် ငါ့ကို ဒီပတ်ဝန်းကျင်မှာ ဘယ်သူမှလည်း အသိအမှတ်မပြုကြဘူး။ ငါလည်း ဘာမှ မလုပ်နိုင်ဘူးဆိုပြီး ကိုယ့်ဆီမှာရှိတဲ့ စွမ်းရည်ကိုတောင် ရှိတယ်လို့ မထင်ဘဲနဲ့ ငါဟာ သုံးမရဘူးလို့ ပတ်ဝန်းကျင်ကနေ ဖယ်ထုတ်တာမျိုးဖြစ် သွားတတ်တယ်လေ။ အဲ့ဒါတွေက ပတ်ဝန်းကျင်ကနေ သူတို့ရဲ့ ဝါသနာနဲ့ကိုက်အောင် မဖန်တီးပေးတဲ့အတွက်ကြောင့် အဲ့ဒီလိုစိတ်မျိုးတွေ ဖြစ်သွားတာ။ အဲဒီတော့ ကျောင်းဆိုရင်လည်း ကျောင်းအလိုက် အဲဒါတွေ ဖန်တီးပေးဖို့ လိုတယ်။
Credit :
ဒေါက်တာ သိန်းလွင်