ကလေးကိုရိုက်ပြီးဆုံးမတာ မှန်သလား . . . ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကလေ...
16-Jul-2019ရိုက်တတ်ရင် မှန်တယ် . . . မရိုက်တတ်ရင် မမှန်ဘူး။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလဲ ကလေးကို ရိုက်ပြီးဆုံးမတဲ့ ဓလေ့ရှိသင့်သလောက်ရှိပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကလေးကို ရိုက်ပြီးဆုံးမတာ ရုပ်ရှင်တွေထဲမှာ တွေ့ရတယ်။ ဒါပေမယ့် ဆုံးမတဲ့ ပုံစံမျိုးမဟုတ်ဘဲ လွန်လွန်ကျူးကျူး ရိုက်တာမျိုးကို ဘေးလူကတွေ့လို့ သက်ဆိုင်ရာကိုတိုင်ရင် ကလေးရိုက်တဲ့ အုပ်ထိန်းသူ အရေးယူခံရတယ်။ ဘာကြောင့် ဒီမေးခွန်းကို မေးရသလဲ -
ကျွန်တော်တို့ငယ်စဉ်က
မိဘတွေရဲ့ ရိုက်နှက်ဆုံးမတာကို ခံခဲ့ရတာပဲ။ ကျွန်တော်တို့ မိဘဖြစ်တော့လဲ သားသမီးတွေကို
ပြန်ပြီး ရိုက်နှက်ဆုံးမကြတာပဲ။ ဒါပေမယ့် အခု ကျွန်တော်တို့ သားသမီးတွေက သူတို့ရဲ့
သားသမီးတွေကို ရိုက်နှက်ဆုံးမတာ မြင်ရတော့ စိတ်ထဲက တစ်မျိုးခံစားရတယ်။ ဘဝင်မကျသလို၊
မကျေနပ်သလိုဖြစ်ပြီး မမှန်ဘူးလို့ ထင်မိတယ်။
ကိုယ်တိုင်ရိုက်တုန်းက
ပွဲကသူ - အခု သူတစ်ပါးရိုက်တာ ကြည့်ရတော့ ပွဲကြည့်သူဖြစ်သွားတယ်။ ပြုလုပ်သူနဲ့ စောင့်ကြည့်သူမှာ
စောင့်ကြည့်သူကသာ အမှားအမှန်ကို ပိုပြီး သိနိုင်တယ်။ ပြုလုပ်သူက ကိုယ်တိုင် လုပ်နေတာမို့
အဲဒီအထဲ စိတ်နှစ်နေပြီး မသိနိုင်ဘူး။ အခုသူတို့ ကလေးရိုက်တာကို မရိုက်တတ်ဘူးလို့ စိတ်က
ခံစားမိတဲ့အတွက် ကလေးကိုရိုက်ပြီးဆုံးမတာ မမှန်ဘူးဆိုတဲ့ ခံစားချက်ရ လာတာဖြစ်တယ်။
မိဘအုပ်ထိန်းသူများဟာ ကလေးများကို ရိုက်နှက်ဆုံးမ
ရတဲ့ အကြောင်းတွေက အများကြီးရှိပါတယ်။ ပထမအချက်က နှမြောလို့ဖြစ်ပါတယ်။ တန်ဖိုးကြီးသည်ဖြစ်စေ၊
သေးသည်ဖြစ်စေ ကလေးရဲ့ ပယောဂနဲ့ ပျက်စီးဆုံးရှုံးသွားရင် တန်ဖိုးထားမှုအပေါ်မူတည်ပြီး နှမြောစိတ်ဖြစ်တယ်။
အဲဒါလောဘစိတ်ပဲ။ အဲဒီ လောဘစိတ်က ဒေါသစိတ်ကိ ဖြစ်စေတယ်။ လောဘတို့ ဒေါသတို့ဆိုတာ ဖြစ်စကသေးပေမယ့်
တဖြည်းဖြည်း အရှိန်ရပြီး ကြီးလာတာချည်းပဲ။ အဲဒီ အရှိန်အပေါ် မူတည်ပြီး ရိုက်ချက်နဲ့
ရိုက်အားဖြစ်လာတာပဲ။ နောက်မဖြစ်အောင် ဆုံးမတာလို့ ပြောပေမယ့် တကယ်လုပ်နေတာက ဒေါသဖြေနေတာပဲ။
မမှန်ကန်တဲ့ ဆုံးမမှုပဲ။
နောက်တစ်ခုက မကျေနပ်လို့ ရိုက်တာ။ ဖြစ်စေချင်သလို
ဖြစ်မလာတဲ့အပေါ် မူတည်ပြီး မကျေနပ်တဲ့အတွက် ရိုက်တာ။ ဥပမာ - ကျောင်းသားဆိုရင် စာမေးပွဲကျလို့။
အများအားဖြင့် တွေ့ရတတ်တာ ပြိုင်ဆိုင်မှုကြောင့်ပဲ။ လူကြီးချင်းပြိုင်သလို လူငယ်ချင်းကိုပါ
ပြိုင်စေတယ်။ ကိုယ့်ကလေးရဲ့ ဉာဏ်ရည် ဉာဏ်သွေးကို မလေ့လာတော့ပဲ တစ်ဖက်ကလေးကို ရှုံးရကောင်းလားဆိုပြီး
ရိုက်တာမျိုးလည်း ဖြစ်တယ်။ ဒါဟာ မှားယွင်းမှုပဲ။
နောက်တစ်ချက်က မာနကြောင့်ပဲ။ မာနဆိုတာ လူကြီးမှာလည်း
ရှိတယ်။ ကလေးမှာလည်း ရှိတယ်။ ကလေးမာနကို ဇွဲ၊ ဇွဲခတ်တယ်လို့ ခေါ်ပြီး။ လူကြီးမာနကို
ဇွဲချွတ်တယ်လို့ ခေါ်တယ်။ တွေ့ဖူးကြုံဖူးမှာပေါ့။ တချို့ကလေးများ ပြန်ဖြေရမယ့် စကားကို
ဘယ်လောက်ရိုက်ရိုက် မဖြေဘူး။ လူကြီးကလည်းလျှော့ပေးလိုက်ရင် အရှုံးပေးရာကျတယ်ဆိုပြီး
ကိုယ့်မာနကို မချချင်တာနဲ့ မဖြေမချင်းရိုက်တယ်။ ဒေါသရဲ့ သဘာဝအတိုင်း တိုးတိုးလာတာပေါ့်။
ဘေးလူတွေက မနေနိုင်လို့ ဆွဲလိုက်မှ ပွဲပြီးသွားတယ်။ ဒါလည်းမှားယွင်းမှုပဲ။
နောက်တစ်ခုက ရှက်လို့ ရိုက်တာ။ သာမန် အချိန်မျိုးမှာ
ခွင့်လွှတ်တတ်ပြီး သူစိမ်းရှေ့မှာ ရှက်လို့ ခွင့်မလွှတ်ဘဲ ရိုက်တာမျိုးရှိတယ်။ တစ်နေ့မှာ
သာမန်အသိတစ်ဦးဆီ ကိစ္စတစ်ခုနဲ့ သွားတယ်။ ရောက်လို့စကားထိုင်ပြောတော့ အသိရဲ့အမျိုးသမီးက
လက်ဖက်သုပ်ပန်းကန်လာချပေးတယ်။ အဲဒီအခါမှာ အနားမှာ ဆော့ကစားနေတဲ့ ၄-၅ နှစ်အရွယ် သူတို့သားလေးဟာ
ဝိုင်းကိုလာပြီး လူကြီးတွေမစားရသေးခင် လက်ဖက်သုပ်ကို လက်နဲ့ကြုံးပြီးစားတယ်။ ဒီတော့
သူ့အဖေက ရှက်ပြီး တယ်. . . ဒီကောင်လေးဆိုပြီး တင်ပါးကို ရိုက်တယ်။ ဒီတော့ ကလေးက ခါတိုင်း
ဒီလိုပဲ နှိုက်စားနေတာ ဘာမှမပြောဘဲ အခုမှ ရိုက်တယ်။ ဘာကြီးလဲ မသိဘူးလို့ ပြန်ပြောသတဲ့။
အဲဒါလဲ ဆုံးမတာ မဟုတ်ဘူး။
နောက်တစ်မျိုးက အခြားတစ်ယောက်ယောက်နဲ့ အခန့်မသင့်ဖြစ်တုန်း
ကလေးက သေးငယ်တဲ့ အပြစ်ပဲဖြစ်ဖြစ် ပြုလုပ်မိရင် ဒေါသတကြီးနဲ့ မတန်တဆ ရိုက်တော့တာပဲ။
အဲဒါကို မဲပြီးရိုက်တယ်လို့ခေါ်တယ်။ ကျွန်တော်ရွာမှာနေစဉ် ၁၈ နှစ်သားလောက်က အစ်ကိုဝမ်းကွဲတစ်ယောက်အိမ်ကို
ပြောစရာရှိလို့သွားတယ်။ ခြံဝမှာ ထွက်လာတဲ့ အစ်ကိုနဲ့တွေ့လို့ လှမ်းနှုတ်ဆက်တော့ ကျွန်တော့ကိုလှည့်မကြည့်ဘဲ
ဒေါသတကြီး ထွက်သွားတယ်။ ကျွန်တော်က အခြေအနေမကောင်းဘူးလို့ သိလိုက်ပြီး အိမ်ကိုဆက်သွားခဲ့တယ်။
ကျွန်တော် အိမ်ရှေ့လှေကားကို ရောက်တော့ သူတို့ရဲ့
လေးနှစ်အရွယ် တစ်ဦးတည်းသော သမီးလေးဟာ တံခါးဝမှာ ငိုနေတာကို တွေ့ရတယ်။ ကျွန်တော် ကလေးနားကို
မရောက်ခင်မှာပဲ သူ့အမေထွက်လာပြီး နင့်အမေသေလို့ ငိုနေတာလား။ ဒါလောက်ငိုချင်ရင် ထပ်ငိုဦးဟဲ့
- - ဆိုပြီး လက်နဲ့ရိုက်တယ်။ နှစ်ချက်ရိုက်အပြီးမှာ
ကျွန်တော်ကလေးကို ချီလိုက်နိုင်တယ်။ လမ်းထိပ်ထွက်ပြီး ဈေးဆိုင်က သကြားလုံးဝယ်ပေးပြီး
ဘာလို့ ငိုသလဲလို့မေးတော့ ကလေးက အဖေက အမေကို အော်ပြီး တွန်းလှဲတယ်။ အမေကငိုတယ်။ အဲဒါ
အမေ့ကို သနားလို့ သမီးကငိုတာလို့ ပြန်ဖြေတယ်။ ကျွန်တော် စိတ်မကောင်းဖြစ်သွားတယ်။ သူ့အမေကို
ပြောပြတော့ သူ့အမေကလည်း စိတ်မကောင်းဖြစ်ပြီး သူ့သမီးကို ဖက်ပြီး ငိုတယ်။
ဒါတွေအားလုံးရဲ့ အရင်းခံက ဒေါသပဲ။ လူကြီးတွေရဲ့
မမှန်ကန်တဲ့ ဆုံးမမှုကြောင့် ကလေးတွေမှာ ဆိုးကျိုးသုံးမျိုး ရနိုင်တယ်။ တစ်မျိုးက အကြောက်လွန်ပြီး
ပျော့ညံ့သူ၊ နောက်တစ်မျိုးက ထုံထိုင်းသူ၊ နောက်တစ်မျိုးက ဆိုးသွမ်းသူ ဖြစ်သွားနိုင်တယ်။
အခု ကျွန်တော် ပြောခဲ့တာတွေက မိဘနဲ့ အုပ်ထိန်းသူများ
အကြောင်းပဲ။ ဆရာအကြောင်းမပါသေးဘူး။ ဆရာကလည်း တပည့်ကို ရိုက်ပြီးဆုံးမတာပဲ။
ရိုက်တဲ့အခါမှာ မျက်နှာဟာ ဂရုဏာ စိတ်ဝင်နေတာမျိုး
ဖြစ်တယ်။ ရိုက်တာကတော့ ပုံမှန်ပဲ။ ပြင်းလည်းမပြင်းဘူး၊ ပျော့လည်းမပျော့ဘူး။ လုံးဝဒေါသမပါတယ်
ဖြစ်ရမယ်။ အဲဒီလို ရိုက်တာ ကုသိုလ်ရတယ်။ စေတနာကောင်းလို့ပဲ။ အဲဒီလို ဆရာမျိုးတွေ အများကြီးရှိသလို
ဆန္ဒ၊ ဒေါသစတာတွေနဲ့ ရိုက်တဲ့ဆရာတွေလည်း ရှိတယ်။ မိဘဖြစ်စေ၊ အုပ်ထိန်းသူဖြစ်စေ၊ ဆရာဖြစ်စေ၊
ကလေးကို ဒေါသနဲ့ရိုက်ရင် ဒေါသစိတ်ဟာ အကုသိုလ်စိတ်ဖြစ်တဲ့အတွက် အကုသိုလ်ဖြစ်စေတယ်။
နောက်ပိုင်းမှာ ကလေးကိုရိုက်ပြီး ဆုံးမတဲ့နည်းဟာ
မမှန်ဘူးလို့ သဘောရလာကြတယ်။ ဒါကြောင့် တခြားနည်းလမ်းတွေ ကြံဆပြီး အသုံးပြုလာကြတယ်။
ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများက ခေတ်ပညာတတ်တွေဟာ ကလေးများကို
မရိုက်ဘဲ အခြား နည်းလမ်းများကို အသုံးပြုခဲ့ကြတယ်။ အဲဒါက ဒဏ်ပေးတဲ့ နည်းပဲ ဒဏ်ပေးတာက
အမျိုးမျိုးရှိတယ်။ ထိုင်ထ လုပ်ခိုင်းတယ်။ အမှိုက်သိမ်းခြင်း၊ ကြမ်းတိုက်ခြင်း စတဲ့
အလုပ်တွေကို လုပ်ခိုင်းတယ်။
ထိုင်ထ လုပ်ခိုင်းပြီး ဒဏ်ပေးတဲ့ စနစ်ကို
စာသင်ကျောင်းတွေမှာလည်း သုံးကြတယ်။ အဲဒီမှာ ဒဏ်ပေးသူက သတိမပြုမိတဲ့အတွက် မထင်မှတ်တဲ့
ဆိုးကျိုးတွေ ဖြစ်လာတာ တွေ့ရတယ်။ တူညီသော ပြစ်မှုအတွက် ပိန်တဲ့ကလေးနဲ့ ဝတဲ့ကလေးကို အကြိမ်ပေါင်း
ညီတူညီမျှထိုင်ထ ဒဏ်ပေးတော့ ပိန်တဲ့ကလေးက ဘာမှမဖြစ်ဘဲ ဝတဲ့ကလေးကျတော့ မလှုပ်နိုင်မယှက်နိုင်
ဖြစ်ပြီး ဖျားနာတဲ့အထိ ခံစားရတာ တွေ့ရတယ်။ ဝတဲ့ကလေးဟာ ပိန်တဲ့ကလေးထက် နှစ်ဆမက ပိုလုပ်ရသလိုဖြစ်တယ်။
အဲဒါကို သတိပြုဖို့လိုတယ်။
အချို့ကျတော့ ဥပမာ ပန်းကန်ကွဲရင် သံပန်းကန်နဲ့
သုံးလ၊ ခြောက်လ ထမင်းစားရတဲ့ ဒဏ်မျိုးကို ပေးတယ်။ တချို့ကျတော့ ကလေးနှစ်သက်တဲ့ အမြတ်တနိုးထားတတ်တဲ့
ကစားစရာဖြစ်စေပေါ့။ အဲဒါမျိုးကို သုံးလတန်တယ်၊ ခြောက်လတန်တယ် ခွဲထားတယ်။ ဒါတွေကလည်း
အချို့အောင်မြင်ပြီး အချို့မအောင်မြင်ဘူး။ အဲဒီတော့ ကလေးရဲ့ အနေအထားကိုကြည့်ပြီး သူနဲ့
သင့်တော်မယ့် ဒဏ်မျိုးကို အမှန်အကန် ရွေးချယ်နိုင်ဖို့လိုတယ်။ တချို့ နှစ်သက်တဲ့ ပစ္စည်းအသိမ်းခံရလို့
စိတ်ဒဏ်ရာရပြီး စိတ်ရောဂါရသွားတဲ့ ကလေးမျိုးလည်း ရှိတယ်လို့ဆိုတယ်။
ပညာရှင်များ နောက်ဆုံး စမ်းသပ်အသုံးပြုတဲ့
နည်းကတော့ ကလေးကို နားလည်အောင် ရှင်းပြတဲ့ နည်းပဲလို့ဆိုတယ်။ အရွယ်ငယ်ပေမယ့် သူတို့ရဲ့
ဉာဏ်ရည် ဉာဏ်သွေးအရ ရှင်းပြတဲ့လူကြီးရဲ့ ကျွမ်းကျင်မှုအရ သဘောပေါက်လက်ခံနိုင်တယ်လို့
ဆိုတယ်။
အဲဒါတွေက ဘယ်ဟာဘယ်လောက်မှန်တယ်လို့ ကျွန်တော်မသိပေမယ့်
ရိုက်ပြီးဆုံးမတဲ့ နည်းကတော့ မမှန်ဘူးလို့သိလာတယ်။ ကိုယ်တိုင် အဲဒီလို လုပ်လာတာကို
ပြန်စဉ်းစားတော့ ဒေါသအစ၊ ဒေါသအလယ်၊ ဒေါသအဆုံးနဲ့ပဲ အဆုံးသတ်သွားတယ်ဆိုတာ သိလိုက်ရတယ်။
လိမ္မာဖို့ဆိုတဲ့ ရည်ရွယ်ချက်ဟာ ဘယ်နားနေမှန်းတောင် မသိဘူး။ အခုကိုယ်က ဘေးကကြည့်သူအဖြစ်
ကြည့်ရတော့ ဒီသဘောဟာ ပိုပြီး ခိုင်မာတယ်ဆိုတာ သိလာကြတယ်။
Credit :
ချောင်းဆုံအုန်းသွင်