Print

ကလေးမွေးဖွားပြီးနောက်ဖြစ်သော စိတ်ကျရောဂါ အပိုင်း(၁)

  20-Jul-2019
Preview Image

         အမျိုးသမီးအများစုသည် ကလေးမွေးဖွားပြီးနောက် စိတ်အခြေအနေပြောင်းလဲလာတတ်ပြီး အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာတတ်သည်။ ယင်းတို့မှာ . . .

-       နှစ်ထောင်းအားရဖြစ်ခြင်း

-       ငိုလွယ်ခြင်း

-       စိတ်ထွက်လွယ်ခြင်း

-       စိုးရိမ်ကြောင့်ကြခြင်း

-       မေ့လွယ်ခြင်း

-       ခေါင်းကိုက်ခြင်း

-       စိတ်ရှုပ်ထွေးခြင်း

-       အာရုံစိုက်မှု ခက်ခဲခြင်း

-       ကလေးအိပ်ပျော်နေသော်လည်း မိမိအိပ်မရခြင်း

-       အနည်းငယ် စိတ်ကျခြင်းနှင့်

-       ခံတွင်းပျက်ခြင်း တို့ဖြစ်သည်။

ယင်းလက္ခဏာများသည် ထုံးစံအတိုင်းမွေးဖွားပြီး သုံးလေးရက် အတွင်းပေါ်လာပြီး ၁၀ ရက်နောက်ပိုင်း မတွေ့ရတတ်ပေ။ မိခင်ဘဝကို ပထမဦးဆုံး ရရှိသောသူဖြစ်က ယင်းလက္ခဏာများခံစားရလျှင် “Baby Blues” ဟူ၍ ခေါ်ဆိုပေသည်။ အချို့အမျိုးသမီးများတွင် လက္ခဏာများဆိုးဝါးတတ်ပြီး ဖြစ်ပွားချိန်လည်းကြာမြင့်တတ်ရာ ယင်းကို မွေးဖွားပြီး စိတ်ကျရောဂါ (Postpartum Depression) ဟု ခေါ်ဆိုပေသည်။


          ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားဖြင်းနှင့် ဆက်နွယ်နေသော စိတ်ပြဿနာများကို သုံးသပ်ကြည့်ရာ ရောဂါဖော်ဆောင်မှု လျော့ပေါ့နေခြင်းနှင့် ဆေးကုသချက် မပြည့်စုံခြင်းတို့ကို တွေ့ရသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် စိတ်ကျရောဂါကို ဖော်ဆောင်ရာ၌ အနည်းငယ် ရှုပ်ထွေးနေကြသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်ဝန်ဆောင်ခြင်းနှင့်ဆိုင်ရာ ခန္ဓာကိုယ်ပြောင်းလဲချက် လက္ခဏာများဖြစ်သည့် ကိုယ်အလေးချိန်တိုးခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းသည် စိတ်ကျရောဂါလက္ခဏာတစ်ခုနှင့် ထပ်တူနေခြင်းကြောင့်ဖြစ်သည်။

 

         အမျိုးသားများထက် အမျိုးသမီးများက ဖြစ်ပွားမှုနှုန်း နှစ်ဆရှိကြောင်း တွေ့ရသည်။ ထို့ပြင် စိတ်ကျရောဂါဖြစ်ပွားမှု အသက်အပိုင်းအခြား အထွတ်အထိပ်သို့ ရောက်ရှိနေခြင်းမှာ ၁၈ နှစ်မှ ၄၄ နှစ်အတွင်း ဖြစ်တတ်ရာ အခြေခံကျသော ကလေးမွေးဖွားမှု အသက်ပိုင်းနှင့် တိုက်ဆိုင်နေကြောင်း တွေ့ရသည်။ အမျိုးသမီးများသည် စိတ်အခြေအနေ ကမောက်ကမဖြစ်ရန် ပို၍ အခွင့်အလမ်းများသည်။ အထူးသဖြင့် ဟော်မုန်းများသည် ပုံမှန်မဟုတ်သည့် အချိန်တွင်ဖြစ်သည်။


 မွေးဖွားပြီး စိတ်ကျရောဂါသည် ပျမ်းမျှခြင်း ကလေးမွေပြီး အမျိုးသမီးများ၏ ၁၀ ရာခိုင်နှုန်းတွင် တွေ့ရသည်။ စတင်ဖြစ်ပွားမှုမှာ ကလေးမွေးဖွားပြီး ၂၄ နာရီမှ လပေါင်းများစွာအကြာတွင် ဖြစ်တတ်သည်။ စိတ်ကျရောဂါလည်း ရုတ်တရက်စတင်ဖြစ်ပွားလာတတ်ပြီး လက္ခဏာများ ပြင်းထန်လျှင် အမျိုးသမီးများ နေထိုင်မကောင်းဖြစ်လာတတ်သည်။


          ရောဂါဖုံးကွယ်မြုံနေပြီး ပြင်းထန်သော ဖိစီးမှုဖြစ်လာလျှင် အကူအညီတောင်းခံသည့်တိုင် ကုသမှုမှာ နှောင့်နှေးကြံ့ကြာနေတတ်သည်။ မွေးဖွားပြီး စိတ်ကျရောဂါသည် မကုသဘဲထားပါက လပေါင်းများစွာအတွင်း ပျောက်ကွယ်သွားတတ်သော်လည်း မွေးဖွားပြီး ဒုတိယနှစ်အထိ ကြန့်ကြာနေတတ်သည်။


          မွေးဖွားပြီး စိတ်ကျရောဂါဖြစ်ပွားတတ်သော် အချိန်မရွှေး ပြန်ဖြစ်တတ်ပေသည်။ မွေးဖွားပြီး စိတ်ကျရောဂါဖြစ်သောမိခင်၏ ကလေးငယ်သည် လူမှုရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် သိမြင်ခြင်းဆိုင်ရာဖွံ့ဖြိုးမှုတွင် အားနည်းစေတတ်သည်။ အသက်သုံးလအရွယ် ကလေးပင်လျှင် သူတို့မိခင်များ၏ စိတ်လှုပ်ရှားမှု အရည်အသွေးကို စုံစမ်းသိရှိနေပြီး မိမိတို့၏ စိတ်လှုပ်ရှားမှု ကွဲပြားအောင် ပြုလုပ်၍ တုံ့ပြန်တတ်ပေသည်။ မိခင်စိတ်ကျခြင်းကြောင့် သိမြင်ကျွမ်းကျင်မှု၊ စကားပြောဆိုခြင်း ဖွံ့ဖြိုးမှုနှင့် အာရုံစိုက်မှုတို့တွင် ဆန့်ကျင်ဘက် အကျိုးဆက်ကို ရရှိနိုင်သည်။ မွေးဖွားပြီး စိတ်ကျရောဂါဖြစ်ခြင်းကို စောလျင်စွာ စုံစမ်းခြင်းနှင့် ကုသခြင်းမှာ အရေးကြီးကြောင်း လေ့လာတွေ့ရှိချက်များက ညွှန်ပြနေသည်။


မွေးဖွားပြီးဖြစ်သော စိတ်ကျရောဂါကို စုံစမ်းခြင်း

     စိတ်ကျရောဂါကို စုံစမ်းမှုပြုရာတွင် အရှုပ်အထွေးများနှင့် ကြုံရတတ်သည်။

-       အားလုံးနီးပါးသော အမျိုးသမီးများသည် ကလေးရရှိပြီးနောက်ပိုင်း သင့်တော်ကိုက်ညီသောအချိန်ကို မျှော်လင့်ထားကြသည်။ ထို့ကြောင့် ပထမဆုံးအကြိမ် မိခင်ဘဝကို ရရှိလာသောအခါ သူတို့အတွေ့အကြုံသည် ထုံးစံအတိုင်း မဟုတ်ကြောင်း မသိရှိနိုင်ကြတော့ပေ။

-       ကလေးမွေးဖွားပြီး မိခင်သည် မိခင်ကောင်းဖြစ်ရန် ကြိုးစားအားထုတ်သော စိတ်ဖိအားပေးမှုကြောင့် သူတို့ တစ်ခုခုမှားနေကြောင်း သိသော်လည်း ဝန်မခံလိုကြပေ။

ကလေးမွေးဖွားပြီး စိတ်ကျရောဂါဖြစ်လာသော အမျိုးသမီးများသည် မကြာခဏဆိုသလို သူတို့ရူးနေကြောင်း စဉ်းစားတွေးတောတတ်ကြသည်။ ဆရာဝန်ထံသွားရောက်၍ ဆွေးနွေးတိုင်ပင်မှုလည်း မပြုလိုကြပေ။ သူတို့အား ချုပ်နှောင်ထားမည် သို့မဟုတ် သူတို့ကလေးအား တစ်ယောက်ယောက်က ခေါ်ယူသွားမည်ကို စိုးရိမ်ကြောင့်ကြတတ်သည်။


          စိတ်ကျရောဂါ လက္ခဏာများမှာ -

-       ကလေးမွေးဖွားပြီး လေးပတ်အတွင်း စတင်ဖြစ်ပွားခြင်း

-       အသက်ရှင်နေသော်လည်း ပျော်ရွှင်ကျေနပ်မှုမရှိခြင်း သို့မဟုတ် စိတ်ဝင်စားမှုမရှိခြင်း

-       ခံတွင်းပျက်ခြင်း

-       စိတ်ကျနေခြင်း

-       အိပ်စက်ပျော်ရန် သို့မဟုတ် အိပ်ပျော်လျက်နေရန် အခက်အခဲရှိနေခြင်း

-       သမရိုးကျအတိုင်းအတာထက် ပို၍အိပ်နေခြင်း

-       ခွန်အားမရှိခြင်းနှင့် အလုပ်လုပ်ရန် အင်အားမရှိခြင်း

-       အကြောင်းရှာမရသော ကိုယ်အလေးချိန်လျော့နည်းခြင်း သို့မဟုတ် ကိုယ်အလေးချိန်တိုးခြင်း

-       ငိုယိုမှုများခြင်း သို့မဟုတ် မျက်ရည်ရွှဲကျနေခြင်း

-       အသုံးမကျသူဖြစ်ခြင်း သို့မဟုတ် အပြစ်ကို ကျူးလွန်မိသူဟူ၍ ခံစားနေရခြင်း

-       အာရုံစူးစိုက်မှု လျော့နည်းနေခြင်း သို့မဟုတ် မဆုံးဖြတ်နိုင်ခြင်း

-       မိမိကလေးအား ထိခိုက်နာကျင်စေရန် ပြုလုပ်မိမည်ကို စိုးရိမ်ပူပန်ခြင်း

-       သေဆုံးခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် သတ်သေရန် မကြာခဏ တွေးတောနေခြင်းတို့ ဖြစ်သည်။

Credit : ဒေါက်တာ လဲ့လဲ့ဝင်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18