စိတ်ကျဝေဒနာရှင်နှင့်အတူ ဘဝခရီးဖြတ်သန်းခြင်း
10-Dec-2019၁။ စိတ်ကျခြင်း
(Depression) သည် လူတိုင်းနီးပါးအချိန်မရွေး တေွ့ကြုံရနိုင်သော ကျန်းမာရေးဆိုင်ရာ
အခြေအနေတစ်ခုဖြစ်ပါသည်။ အချို့တွင် စိတ်ကျခြင်းမှာ Mood ဟုခေါ်သော
လတ်တလောစိတ်အနေအထားအဖြစ်ကာလတို ခံစားရသည်သာမကဘဲ Disease ဟူသော
ရောဂါအနေဖြင့် ပြင်းထန်လာနိုင်ပါသည်။ ထိုသို့သော စိတ်ကျဝေဒနာခံစားရသူတစ်ဦးနှင့် နီးကပ်စွာ
အတူနေနေရပါက မိသားစုဝင်များ၊ အိမ်ထောင်ဖက်စသော အနီးစပ်ဆုံးသူများကိုပါ ပြင်းထန်သော
သက်ရောက်မှုရှိစေပါသည်။
၂။ စိတ်ကျဝေဒနာခံစားနေရသူသည်
ကုသမှုမခံယူပါက ပိုမို၍ ဆိုးလာနိုင်သလို စိတ်ကျရောဂါကုသဆေးများ သောက်နေသော်လည်း တိုးတက်မှုနှေးကွေးနေခြင်းလည်း
ရှိနိုင်ပါသည်။ ထို့ကြောင့် ယင်းဝေဒနာရှင်များမှာ နာတာရှည်ဖြစ်နေနိုင်ပါသည်။ အထူးသဖြင့်
ယင်းဝေဒနာရှင်မှာ မိမိ၏ သားသမီး၊ အိမ်ထောင်ဖက် စသော တစ်ဦးဦးဖြစ်နေပါက သက်ဆိုင်သောမိသားစုဝင်များပါ
ယင်းဝေဒနာကို ပူးတွဲခံစားရနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့အားလုံးသည် လူသားများဖြစ်သည့်အလျောက်
မိမိတို့နှင့် အနီးစပ်ဆုံးလူတစ်ဦး ဝေဒနာတစ်စုံတစ်ရာ ခံစားနေရပါက အစားဝင်ခံစားပေးမိတတ်သောကြောင့်
ဖြစ်ပါသည်။
ထိုအခါ ဝေဒနာရှင်၏ အနီးစပ်ဆုံးမိသားစုဝင်များသည်
မိမိ၏အိမ်သားထိုသို့ဖြစ်နေရခြင်းအပေါ် မိမိကိုယ်တိုင်ပါ တာဝန်မကင်းသော ခံစားချက်ဖြစ်လာစေနိုင်ပါသည်။
ယင်းသို့ ဖြစ်လာခြင်းမှာ (အထူးသဖြင့်) အမျိုးသားများ၊
အိမ်သားများအပေါ်ပို၍ သက်ရောက်မှု ရှိတတ်သည်ကိုလည်း တွေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသားများ၏
ပင်ကိုသဘာဝအရ အိမ်ရှိပြဿနာများကို အမြဲတမ်းဖြေရှင်းချင်သူများဖြစ်ပြီး မိမိအိမ်ထောင်ဖက်၊
သားသမီး၏ စိတ်ကျဝေဒနာသည် အလျှင်အမြန်ဖြေရှင်း၍ မရသောအခါ ကိုယ်တိုင်ပါ အကူအညီမဲ့သော၊
စိတ်အလိုမကျသောပြဿနာများ ဖြစ်လာတတ်ပါသည်။ ထိုအခါတွင် လူနာအတွက် ကုသမှုလုပ်ငန်းစဉ်ကိုပါ
ရှူပ်ထွေးစေပါလိမ့်မည်။
၃။ စိတ်ကျဝေဒနာရှင်တွင်
အောက်ပါပြဿနာများရှိနေပါက ကျွမ်းကျင်သူနှင့် သေချာစွာ ကုသမှုခံယူပါ။
·
တစ်နေ့တာလှုပ်ရှားမှုများအားလုံးအပေါ်
ခံစားချက်ကင်းမဲ့နေခြင်း
·
ကိုယ်အလေးချိန်တက်၊
ကျစေရန် တွက်ချက်စားနေခြင်းကြောင့် မဟုတ်ဘဲ သိသာသော ကိုယ်အလေးချိန်ပြောင်းလဲခြင်း သို့မဟုတ်
အစာစားချင်စိတ် ပြောင်းလဲခြင်း
·
အိပ်မပျော်ခြင်း
သို့မဟုတ် အလွန်အမင်းအိပ်နေခြင်း
·
တစ်ချိန်လုံး
နုံးနေခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း
·
မိမိကိုယ်မိမိ
အရာအားလုံးအတွက် အပြစ်ရှိနေခြင်း၊ အသုံးမဝင်/ အသုံးမကျဟုထင်နေခြင်း
·
သေဆုံးခြင်းကိုသာ
ပြဿနာအားလုံးအတွက်အဖြေဟု ထပ်တလဲလဲ တွေးနေခြင်း၊ မိမိကိုယ်မိမိသတ်သေရန်အားထုတ်ခြင်း၊
သတ်သေရန်နည်းလမ်းများ ရှာဖွေနေခြင်း
အထက်ပါအချက်များအပြင် ဒေါသထွက်လွယ်ခြင်း၊ စိတ်အလိုမကျခြင်း၊ ပတ်ဝန်းကျင်နှင့်
အဆက်အသွယ်ဖြတ်လိုခြင်း၊ လိင်စိတ်နည်းပါးလာခြင်း စသောလက္ခဏာများရှိနိုင်သလို ယင်းလက္ခဏာများမှာ
တစ်ဦးနှင့်တစ်ဦးလည်း ကွဲပြားနိုင်ပါသည်။ မိမိ၏ အိမ်ထောင်ဖက် သို့မဟုတ် မိသားစုဝင်တစ်ဦးဦးသည်
စိတ်ကျဝေဒနာ ခံစားနေရပါက များစွာ အထောက်အပံ့ပေးနိုင်ရန် လိုအပ်ပါသည်။ ချစ်ခြင်းမေတ္တာ၊
စောင့်ရှောက်မှု၊ ဆေးဝါးကုသပေးခြင်း၊ နားလည်မှုပေးခြင်း စသော စိတ်ရောကိုယ်ပါ အထောက်အပံ့များပေးရန်
လိုအပ်ပါသည်။ ဝေဒနာသည်ကို အပြင်းအထန်တွန်းအားပေးပါက ပို၍ရှုပ်ထွေးစေပြီး လူနာက ကုသမှုကိုပါ
ရှောင်ဖယ်လာပါလိမ့်မည်။
၄။ စိတ်ကျဝေဒနာသည်
အဆုံးစွန်သော အခြေအနေတစ်ရပ် မဟုတ်ပါ။ စိတ်ရှည်စွာ စနစ်တကျကုသပါက ပြန်လည်ကောင်းမွန်သည့်
ရောဂါဖြစ်ပါသည်။ လေ့လာတွေ့ရှိချက်များအရ လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ စနစ်တကျဆေးဝါးကုသခြင်း၊
နေ့စဉ်နေရောင်ခြည်နှင့် ထိတွေ့ပေးခြင်း စသည်တို့သည် စိတ်ကျဝေဒနာအတွက် အထောက်အကူပြုကြောင်း
တွေ့ရှိရပါသည်။ အောက်ပါအကြံပြုချက်များကို လိုက်နာခြင်းဖြင့် စိတ်ကျရောဂါသည်၏ မိသားစုဘဝကို
အနိုင်ယူမသွားစေရန် အားထုတ်နိုင်ပါသည်။
၅။ စိတ်ကျဝေဒနာသည်
အပျက်သဘောဆောင်သော အတွေးများကိုသာ ဖြစ်စေပြီး စိတ်တိုလွယ်ပါသည်။ ထိုအခါ ဝေဒနာရှင်၏
ဒေါသသည် သင့်အပေါ်ကိုသော်လည်းကောင်း အခြားအရာ၊ အခြားသူများကိုလည်း သူ၏ဒေါသကို ပုံချနိုင်ပါသည်။
ထိုအခါမျိုးတွင် သင်က လိုက်၍ ဒေါသထွက်ရန် ပြန်လည်တုံ့ပြန်ရန် မကြိုးစားပါနှင့်။ ဝေဒနာကြောင့်
ဖြစ်လာသောစိတ်အခြေအနေကို သင်က ဝေဒနာရှင်နှင့်အတူ လိုက်ပါမခံစားမိစေရန် အရေးကြီးပါသည်။
ထိုအခါမျိုးတွင် သင့်အနေဖြင့် ဝေဒနာရှင်မလုပ်သင့်သည်ကို မလုပ်ရန် ဘေးမှ ဂရုစိုက်စောင့်ရှောက်ပေးရန်
အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် စိတ်ကျနေသူသည် ဒေါသဖြစ်နေစဉ်တွင် အခြားသူတစ်ဦးဦးကိုလည်းကောင်း၊
မိမိကိုယ်ကိုလည်းကောင်း ထိခိုက်မိစေတတ်ပါသည်။
၆။ ကုသမှုခံယူရန်၊
ပုံမှန်ဆေးသောက်ရန်နှင့် အခြားသော လုပ်ဆောင်သင့်သည်များကို ရောဂါအခြေအနေပေါ်မူတည်ပြီး
လုပ်ဆောင်ရန် တိုက်တွန်းပေးရပါမည်။
(ဥပမာ။ ။ ဆေးသောက်ချိန် ပုံမှန်ရန်၊ ရောဂါပြင်းထန်ချိန်တွင် စားသောက်ရန်၊ အိပ်ချိန်များ
မှန်ကန်စေရန်စသော နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်လုပ်ဆောင်ရန် တိုက်တွန်းပေးရပါမည်။)
နောက်ထပ်အရေးကြီးသောအချက်မှာ နားထောင်ပေးခြင်းဖြစ်ပါသည်။ နားထောင်ပေးခြင်းဖြင့်
ဝေဒနာရှင်မှ စိတ်ချင်းနီးစပ်သည်ဟု ထင်မြင်လာပြီး မိမိကိုယ်မိမိ အကူအညီမဲ့သော ခံစားချက်ကို
နည်းပါးစေပါမည်။ အဘယ်ကြောင့်ဆိုသော် နားထောင်ပေးသူမရှိပါက ကူကယ်ရာမဲ့သော ခံစားချက်၊
အထီးကျန်သော ခံစားချက်ကို ပိုမိုဆိုးရွားစေပြီး စိတ်ကျဝေဒနာကို ပိုမိုပြင်းထန်စေပါသည်။
၇။ ချစ်ခင်ယုယမှုပေးရန်လည်း
အလွန်အရေးကြီးပါသည်။ သို့သော် အထက်ပါအချက်အလက်များကို လိုက်နာခြင်းအားဖြင့် ဝေဒနာရှင်အနေဖြင့်
ချစ်ခြင်းမေတ္တာကို ခံစားမိပြီး ကူကယ်ရာမဲ့သော (Hopeless) ခံစားချက်ကို သက်သာစေပါသည်။ အိမ်ထောင်သည်များအနေဖြင့်
ချစ်ခင်ကြင်နာမှုကို အမြဲဖော်ပြရန် အရေးကြီးပါသည်။(ဥပမာ အိမ်ထောင်သည်များအနေဖြင့်လည်း
သမီးရည်းစားဖြစ်စဉ်အချိန်ကကဲ့သို့ အထိမ်းအမှတ်နေ့များတွင် လက်ဆောင်များပေးခြင်း၊ အပြင်သို့ခေါ်၍
ချိန်းတွေ့ပေးခြင်း စသဖြင့်၊ မိဘအနေဖြင့် လည်း မိမိသားသမီးများ ကြိုက်တတ်သည်များကို
ပြုလုပ်ပေးခြင်း၊ ပျော်ပွဲစားထွက်ခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်ပါသည်။)
အထက်ပါအချက်အလက်များကဲ့သို့
အရေးကြီးသည်မှာ စနစ်ကျသော ဆေးဝါးကုသမှုခံယူရန်နှင့် မိသားစုအသိုင်းအဝိုင်းအနေဖြင့် မိမိ၏
အိမ်သား၏ စိတ်ဝေဒနာနှင့်ပတ်သက်ပြီး လိုအပ်သော အကူအညီရယူခြင်းအတွက် မရှက်ကြောက်ရန် ဖြစ်ပါသည်။
ဤတွင် စိတ်ကျဝေဒနာရှင်များဟုသာ
အသားပေးပြောကြားခဲ့သော်လည်း မည်သည့် နာတာရှည်ရောဂါသည်မဆို စိတ်ကျသော ပြဿနာတွဲ၍ ဖြစ်စေနိုင်သဖြင့်
နာတာရှည်ဝေဒနာသည်များကို အထက်ပါနည်းလမ်းများဖြင့် ပြုစုစောင့်ရှောက်ရန် အရေးကြီးကြောင်းပါ
ထပ်မံ၍ ဖြည့်စွက်ချင်ပါသည်။
Credit : ဒေါက်တာ လင်း