ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု
07-Mar-2020 ကလေးငယ်တွေဆိုတာ
တိုင်းပြည်အတွက် တစ်ချိန်မှာ အကျိုးပြုကြမယ့် သူရဲကောင်းအလောင်းအလျာတွေမဟုတ်ပါလား။ဒီအတွက်
ကလေးနဲ့ အနီးကပ်ဆုံးရှိတဲ့ Caregiver တွေ၊ ဆရာ၊ ဆရာမတွေက တာဝန်အရှိဆုံးဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ
ရေးထားတဲ့အကြောင်းအရာကတော့ ကလေးတစ်ယောက်အတွက် ငယ်စဉ်ကတည်းက ပျိုးထောင်နိုင်တဲ့
Emotional Concepts တွေ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက စိတ်ပိုင်းဆိုင်ရာ အခြေခံကောင်းမွန်တဲ့
ကလေးဟာ သူကြီးပြင်းလာတဲ့အခါ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သတ္တိရှိရှိနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်မှာပါ။
မွေးစမှ ၁၈ လ
ငယ်စဉ်ကလေးဘဝမှာ
ဂရုစိုက်မယ့်သူ၊ ပြုစုယုယမယ့်သူ၊ သူအခက်အခဲကြုံတိုင်း စောင့်ရှောက်မယ့်သူ အစဉ်တစိုက်ရှိတယ်ဆိုရင်
ကလေးဟာ စိတ်လုံခြုံမှု ခံစားရမှာပါ။ Emotional Security ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု
ခံစားရမှ ယုံကြည်မှုက ဝင်လာနိုင်မှာဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက လိုအပ်တဲ့ ပြုစုယုယထွေးပွေ့မှုတွေ
မရရှိခဲ့တဲ့ ကလေးဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရရှိဘဲ လောကကြီးကိုလည်း ယုံကြည်စရာမကောင်းဘူးဆိုတဲ့
အမြင်နဲ့ ကြည့်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ယုံကြည်မှုကင်းလာပါတယ်။
၁၈ လမှ ၃ နှစ်
ပထမအဆင့်မှာ ယုံကြည်မှုရခဲ့တဲ့
ကလေးက အမှီအတွယ်ကင်းကင်းနဲ့ စူးစမ်းလေ့လာလိုစိတ် ပိုရရှိစေပါတယ်။ လုပ်ရဲကိုင်ရဲလာမယ်၊
ပြုံးရဲ၊ ရယ်ရဲ၊ ငိုရဲ၊ အော်ရဲလာပါတယ်။ ဒါကို “လုပ်ပိုင်ခွင့်(autonomy)” လို့ ခေါ်ပါတယ်။
လုပ်ပိုင်ခွင့် ရတဲ့ကလေးတွေက ဘာသာစကားဆိုင်ရာတတ်မြောက်မှုမှာလည်း ပိုပြီး မြန်ဆန်စေပါတယ်။
ကလေးငိုတာကို Caregiver က လိုအပ်တဲ့ ဂရုစိုက်မှုမပေးဘဲ ရိုက်လိုက်တာ၊ အော်လိုက်တာဟာ
ကလေးရဲ့ လုပ်ပိုင်ခွင့် ကို ပျက်သွားစေပြီး “shame and doubt” ဆိုတဲ့ ယုံမှားသံသယစိတ်ဝင်လာစေပါတယ်။
၃ နှစ်မှ ၅ နှစ်
ကလေးက ကိုယ့်ဘာသာကိုယ်လုပ်ချင်လာတဲ့စိတ်
“initiative” ဖြစ်လာတယ်ဆိုတာ အရှေ့က အဆင့်တွေဖြစ်တဲ့
ယုံကြည်မှုနဲ့ လုပ်ပိုင်ခွင့်ကြောင့်ပါ။ ဥပမာ - ကလေးက အင်္ကျီသူ့ဘာသာသူ ဝတ်ချင်တယ်။ ဒါကို
လူကြီးက ပေးဝတ်သင့်ပါတယ်။ သူကြယ်သီးတပ်တာမှားခဲ့ရင်လည်း အပြစ်မတင်ဘဲ ဘယ်လိုလုပ်ရင်မကောင်းဘူးလားစသဖြင့်
နည်းမှန်လမ်းမှန်ဖြစ်အောင်၊ သူ့ဘာသာသူ ယုံကြည်မှုရှိအောင် လုပ်ပေးပါ။ ဒီလိုမဟုတ်ဘဲ ကလေးက
သူ့ဘာသာသူအင်္ကျီဝတ်ရင် ကြာတယ်၊ ပေးမလုပ်ဘူးဆိုရင် ကလေးရဲ့ “initiative” ပျက်သွားပြီး
“guilt” ဆိုတဲ့ ကလေးက သူ့ကိုယ်သူအပြစ်တင်တဲ့ စိတ်ဖြစ်လာစေပါတယ်။ သူဟာ အနှောင့်အယှက်ပါလား။
နောက်လိုက်ပဲဆိုပြီး ကိုယ်တိုင်လုပ်ရဲတဲ့စိတ်ပျောက်သွားစေပါတယ်။ ကလေးအတွက်အန္တရာယ်မဖြစ်စေဘူး။
အလေ့အကျင့်ကောင်းဆိုရင် ပေးလုပ်ပါ။ မလုပ်သင့်တဲ့အရာလုပ်တယ်ဆိုရင် ဘာကြောင့်မလုပ်သင့်လဲဆိုတာကို
ကောင်းကောင်းမွန်မွန်ပြောဆိုလမ်းပြပေးပါ။
၅ နှစ်မှ ၁၂ နှစ်
ကလေးတွေမှာ သိမ်ငယ်စိတ်က
ငါးနှစ်မှ ဆယ့်နှစ်နှစ်အတွင်းမှာ ဝင်ရောက်လာနိုင်ပါတယ်။ သူတို့ဟာ ဒီအရွယ်မှာ ဘေးကလူက
မညွန်ပြဘဲ ကလေးကိုယ်တိုင်က သူ့ဘာသာသူလိုက်ယှဉ်ပြီး သူတို့မှာရှိတဲ့ အားနည်းချက်ကို
သူ့ဘာသူမြင်လာတာဖြစ်ပါတယ်။ မိဘနဲ့ စောင့်ရှောက်သူတွေဆီက လုံခြုံမှု၊ နွေးထွေးမှု၊ ပြုစုယုယမှုတွေ
အပြည့်အဝရရှိထားတဲ့ကလေးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိ၊ လုံ့လဝီရိယရှိရှိနဲ့ အရာရာကို
လေ့လာဆည်းပူးနိုင်မှာပါ။ ဒီအချက်ကို “industry” လို့ခေါ်ပြီး initiative မရခဲ့တဲ့ ကလေးကတော့
သူ့ကိုယ်သူ လုပ်နိုင်ပါ့မလား သံသယစိတ်ဝင်ပြီး သိမ်ငယ်စိတ်(inferiority) ဝင်လာပါမယ်။
အရှုံးကတော့ လူတိုင်းတစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့ရမှာပါပဲ။
ဒီအချိန်မှာ ပြန်လည်ထူမတ်နိုင်ရဲတဲ့စိတ်နဲ့
လက်မလျှော့ဘဲ ယှဉ်ပြိုင်ရဲတဲ့ စိတ်ဓာတ်ရှိဖို့လိုပါတယ်။
၁၂ နှစ်မှ ၁၈ နှစ်
ဆယ်ကျော်သက်ကနေ
လူလတ်ပိုင်းကို ကူးပြောင်းစဖြစ်တာကြောင့် အရေးကြီးတဲ့ အချိန်ပါ။ “Industry” အဆင့်မှာ
ကောင်းခဲ့တဲ့ ကလေးက သူဘာလုပ်မယ်ဆိုတာကို သေချာသိတဲ့စိတ် “Identity” ကို ဒီအရွယ်မှာ
ရလာပါတယ်။ “Inferiority” ဖြစ်ခဲ့ရင် role confusion ဆိုတဲ့ ဘာလုပ်လို့ လုပ်ရမလဲမသိနဲ့
စိတ်ဝေဝါးနိုင်ပါတယ်။ ဒီအရွယ်မှာ ဟော်မုန်းအပြောင်းအလဲ တွေဖြစ်တာရယ်၊ စိတ်ခံစားချက်တွေ
အပြောင်းအလဲ မြန်တာတွေလည်း ဖြစ်နေတဲ့အချိန်ပါ။ ဒီအချိန်မှာ မိသားစုက ယုံကြည်မှုပေးရင်
ကလေးက သူ့ကိုယ်သူ ယုံကြည်မှုတိုးစေပါတယ်။ သူယုံကြည်အားကိုးချစ်ခင်တဲ့သူ၊ အထူးသဖြင့်
မိဘရဲ့ တန်ဖိုးထားမှု၊ ယုံကြည်မှုက သူ့အတွက် ပိုပြီး ခွန်အားဖြစ်စေပါတယ်။ “Identity”
ရဖို့ support က မိဘဆီက ရယူတာဖြစ်ပါတယ်။ သားသမီးလမ်းပျောက်နေရင်
ဘယ်လို Support ပေးရမယ်။ balance လုပ်ပေးရမယ်ဆိုတာ မိဘတွေလုပ်ပေးနိုင်တဲ့ အချက်ဖြစ်ပါတယ်။
ဒါကတော့ လူတစ်ယောက်ရဲ့
personality အပေါ် မိဘ၊ caregiver ၊ ပတ်ဝန်းကျင်တွေက သက်ရောက်နိုင်တယ်ဆိုတာကို ပြထားတာဖြစ်ပါတယ်။
ငယ်စဉ်ကလေးဘဝမှာကတည်းက positive ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုရရှိမှ သူအသက်ကြီးလာတဲ့အခါ
ဘယ်လိုအခက်အခဲ၊ အတားအဆီးတွေပဲကြုံကြုံ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ လမ်းမှားကိုမရောက်ဘဲ
ဖြတ်သန်းနိုင်တဲ့ confidence to fail စိတ်ဓာတ်ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
Credit : တူးဒါလီကိုကို