ကလေးစရိုက် မိခင်လိုက်
22-Aug-2020 မိခင်လောင်းဟာ
သန္ဓေသားကို ကိုယ်ဝန်ရတဲ့အခါ တချို့ထူးခြားတဲ့ လက္ခဏာထင်ထင်ရှားရှား ပြကြတယ်။ အချို့က
ထင်ထင်ရှားရှားမပြကြဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သန္ဓေသားကြောင့် မိခင်လောင်းမှာ ပြောင်းလဲတဲ့
လက္ခဏာတွေပြလာတယ်။ မိဘ၊ အုပ်ထိန်းသူများဟာ မိခင်လောင်းကို သန္ဓေမရခင်ကပဲ ပြုပြင်တယ်။
ရတနာသုံးပါးကို မမေ့ဖို့၊ အပြောအဆို နူးညံ့သိမ်မွေ့ဖို့ ထိန်းကျောင်းပေးကြတယ်။ အမြဲတမ်း
သတိပြုစောင့်ကြည့်နေကြတဲ့ လူကြီးမိဘများဟာ မိခင်လောင်းကို အမူအယာပြောင်းတာနဲ့ သန္ဓေရပြီဆိုတာ
စသိကြတယ်။
အချို့ ယဉ်ယဉ်ကျေးကျေး၊
သိမ်သိမ်မွေ့မွေ့ရှိကြတဲ့ မိန်းကလေးများဟာ စရိုက်ကြမ်းတဲ့ သန္ဓေသားကို ရပြီဆိုရင် အလိုလို
ကြမ်းတမ်းလာတယ်။ သာမန်အားဖြင့် ယောကျ်ားလေးတွေ ဖြစ်မယ်ဆိုရင် မိခင်မျက်နှာက ရင့်တယ်။
မိန်းကလေးဆိုရင် နုတယ်။ အခုခေတ်လို အာထရာဆောင်းမရှိတော့ မျက်နှာကိုကြည့်ပြီးတော့ ကျား၊
မ ခွဲခြားမှန်းဆရတာပဲ။ အချို့မျက်နှာရင့်ပြီး မိန်းကလေးမွေးသူရှိသလို၊ အချို့မျက်နှာနုပြီး
ယောကျ်ားလေးမွေးတာရှိပါတယ်။ မိန်းကလေးလည်း ကြမ်းကြမ်းတမ်းတမ်းနဲ့ ယောကျ်ားလေးလည်း နူးနူးညံ့ညံ့လေး
ရှိကြတာပဲ မဟုတ်လား။
ချင်ချင်းတပ်တယ်လို့
ခေါ်ကြတဲ့ ထူးထူးခြားခြား စားချင်သောက်ချင်၊ လုပ်ချင်ကိုင်ချင်တာတွေ ဖြစ်ပေါ်တတ်တယ်။
ငါးညှီနံ့လို အနံ့မျိုးကို လုံးဝမခံနိုင်တဲ့မိန်းကလေးဟာ သားစိမ်းငါးစိမ်းစားတတ်တဲ့
ပြောင်းလဲတာမျိုးလည်း ရှိတယ်။ စရိုက်ဆိုးတဲ့ သန္ဓေသားကြောင့်ဖြစ်တာပဲ။ ဆေးလိပ်ပြာစားတာတို့၊
မီးသွေးစားတာတို့ စတာတွေလည်းရှိတယ်။ အပြောအဆို ကြမ်းတမ်းတာတွေ၊ သတ္တဝါတွေကို ညှင်းဆဲသတ်ဖြတ်တာတွေလည်း
လုပ်တတ်တယ်။
ဒါဆိုရင် စရိုက်ကြမ်းတဲ့၊
ဆိုးသွမ်းတဲ့ သန္ဓေသားကို လွယ်ထားရပြီလို့ သိနိုင်တယ်။ ကလေးစရိုက်မိခင်ကိုလိုက်တာပဲ။
အဲဒီမှာ လူကြီးတွေက အထူးဂရုစိုက်ကြိုးပမ်းပြီး အဘက်ဘက်က ယဉ်ကျေးသိမ်မွေ့အောင် ပြုပြင်ရတော့တာပဲ။
ဘုရားရှိခိုးခိုင်း၊ ဥပုသ်စောင့်ခိုင်း၊ ဘုန်းကြီးကျောင်းခေါ်သွားပြီး တရားနာခိုင်း
စသည်ဖြင့် ပြောင်းလဲအောင် လုပ်ကြတယ်။ အချို့လည်း ရတယ်။ အဲဒါ သန္ဓေသားကို ပြုပြင်ပုံ
တစ်စိတ်တစ်ပိုင်းပဲ။
ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမဆို
မိဘများက သားသမီးတွေကို လူတော်လူကောင်းတွေ ဖြစ်စေချင်ကြတာပဲ။ ဒါကြောင့် မိမိတို့လူမျိုး၊
မိမိတို့ဒေသရဲ့ အစဉ်အလာ ယဉ်ကျေးမှုဓလေ့ထုံးစံနဲ့အညီ သွန်သင်ခဲ့ကြတာပဲ။ စောစောက ကျွန်တော်ပြောခဲ့တဲ့
ကျွန်တော်တို့ဒေသရဲ့ အစဉ်အလာယဉ်ကျေးမှု ဓလေ့ထုံးစံအရ ပဋိသန္ဓေယူတဲ့ အချိန်ကစပြီး ပြုပြင်ခဲ့တယ်။
ကျွန်တော်သိသလောက်၊ မှတ်မိသလောက်တင်ပြခဲ့တာပါ။
ဒါပေမယ့် ကမ္ဘာလောကကြီးမှာ
လူတော်လူကောင်းထက် လူဆိုးလူညံ့တွေက ပိုများနေတာ တွေ့ရတယ်။ ဒါကြောင့်ကျွန်တော့အမြင်မှာတော့
အချက်နှစ်ချက်ရှိတယ်။ ပထမအချက်က ကိုယ်တိုင်လည်းနည်းမှန်လမ်းမှန်နဲ့ စနစ်တကျသွန်သင်ဆုံးမမှု
မခံခဲ့ရတဲ့အတွက် သားသမီးများကိုလည်း လူတော်လူကောင်းဖြစ်အောင် သွန်သင်ဆုံးမမှု မပြုနိုင်ဘူး။
ဒုတိယအချက်ကတော့ ကိုယ်တိုင်သွန်သင်ဆုံးမမှု ခံခဲ့ရပေမယ့် အကြောင်းကြောင်းကြောင့် အလေးအနက်မထားဘဲ
ပေါ့ပေါ့တန်တန်သဘောထားပြီး လှစ်လျူရှုခဲ့တဲ့အတွက် ဖြစ်တယ်။
ဒီနေရာမှာ ဆင်းရဲ၊
ချမ်းသာနဲ့မဆိုင်ဘူး။ လူတော်လူကောင်းဖြစ်ဖို့ သွန်သင်ဆုံးမလိုသူ၊ စည်းစနစ်ရှိသူဟာ ဆင်းရဲသားမှာလည်း
ရှိတယ်။ ချမ်းသာတဲ့သူမှာလည်း ရှိတယ်။ ဒီလိုမရှိသူဟာလည်း ဆင်းရဲသားမှာရော၊ ချမ်းသာသူမှာပါရှိတယ်။
ကျွန်တော်ဒဂုံမြို့သစ်မှာ
နေ့စဉ်လေဖြန်းခံရပြီးနောက် လမ်းလျှောက်နိုင်အောင် ကြိုးစားရာက တောင်းဝှေးနဲ့နည်းနည်းလျှောက်နိုင်တော့
လမ်းမကို ထွက်လျှောက်တယ်။ သူဌေးအိမ်ရှေ့တစ်ခုရောက်တော့ ကလေးတစ်ယောက်ဟာ(ကျွန်တော်သိနေသူပဲ)
ကျွန်တော့ကိုတွေ့တော့ ပြေးထွက်လာပြီး ကျွန်တော့တောင်ဝှေးကို အတင်းဆွဲပြီး လှုပ်ရမ်းတယ်။
မျက်နှာက ပြောင်စပ်စပ်နဲ့။ ကျွန်တော်က ငေါက်လိုက်မှ အိမ်ထဲပြန်ဝင်သွားတယ်။ ဆက်လျှောက်သွားတော့
သူ့အရွယ်ပဲ လမ်းဘေးမှာဆော့နေတဲ့ နောက်ကလေးတစ်ယောက်ကို တွေ့တယ်။ အဝတ်အစားကိုကြည့်ပြီး
နွမ်းပါးတဲ့ကလေးလို့သိရတယ်။ သူက ကျွန်တော့ကိုတွေ့တော့ ပြေးလာပြီး တောင်ဝှေးကိုင်မထားတဲ့
ဘယ်ဘက်လက်ကို လာတွဲတယ်။ ကူညီတဲ့ သဘောပေါ့။ အဲဒါသူတို့မိဘတွေရဲ့ အရည်အချင်းတွေကို ဖော်ပြနေတာပဲ။
Credit : ချောင်းဆုံအုန်းသွင်