Print

ခါးနာခြင်းဖြစ်ပေါ်မှုကို ကာကွယ်ဖို့နည်းလမ်း ၆ သွယ်

  25-Feb-2017
Preview Image


ခါးနာခြင်းဖြစ်ပေါ်မှုကို ကာကွယ်ဖို့နည်းလမ်း ၆ သွယ်
====================================

ကျောရိုးအဆစ်ကြား အရွတ်ဝိုင်း နေရာလွဲသွားခြင်းကြောင့် ကျောရိုးဆစ်တစ်ခုနှင့်
တစ်ခု ပွတ်တိုက်မိသောအခါ ခါးနာခြင်း (Back pain) ဖြစ်ပေါ်လာရပါတယ်။ ခါးနာခြင်း
ဟာ လူတစ်ဦးရဲ့လှုပ်ရှားသွားလာမှုကို ခံရခက်စေပြီး နာတာရှည်ရောဂါဖြစ်သွားလျှင် ကုသရခက်ခဲစေပါတယ်။ အဲဒါကြောင့် ခါးနာခြင်းဖြစ်ပေါ်မှုကို ကြိုတင်ကာကွယ်ဖို့
အောက်ပါနည်းလမ်း ၆ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခါးကွေးပြီး မထိုင်ပါနဲ့။

ကုလားထိုင်ခုံမှာထိုင်တဲ့ ပုံစံအနေအထားဟာ ခါးနာခြင်းကိုဖြစ်စေတဲ့ အဓိက
အကြောင်းအရာပဲဖြစ်ပါတယ်။ ခါးမတ်မတ်မထားဘဲ ခါးကွေး၍ကြာရှည်စွာ ထိုင်ပြီး အလုပ်လုပ်ခြင်းမျိုး၊ ကွန်ပျူတာအချိန်ကြာမြင့်စွာ အသုံးပြုခြင်းမျိုးကြောင့် ကျောရိုး
တစ်လျောက် အဆစ်အမြစ် ကြွက်သားများကို အလွန်အကျွံဖိအားသက်ရောက်စေပြီး ခါးနာခြင်းကို စတင်ဖြစ်ပေါ်စေပါတယ်။ ခါးနာခြင်းလက္ခာများ စတင်ဖြစ်ပေါ်လာပြီဆိုရင် မိမိအထောက်အကူပြုမယ့်ပုံစံ အနေအထားနဲ့ထိုင်ပြီး နာကျင်မှုကိုလျှော့ချပါ။ 

၂။ အလေးအပင်မခြင်းများမှ ရှောင်ကြည်ပါ။

အလေးအပင်ခဏခဏမခြင်းကြောင့် ခါးနာခြင်းကို ဖြစ်ပေါ်စေပါတယ်။ သင့်အလုပ်
ဟာ အလေးအပင်အမြဲ မ နေရမယ်ဆို သင့်အလုပ်ရှင်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး အလေးမခြင်း
ကိုရှောင်ရှားဖို့လိုအပ်နေပါပြီ။

၃။ လမ်းလျှောက်ခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ပါ။

လမ်းလျှောက်ခြင်းဟာ ခါးရိုးဆစ်အတွက် များစွာအထောက်အကူပြုပါတယ်။ ခါးရိုးကြွက်သားများကို သန်မာစေပြီး အဆစ်များလှုပ်ရှားမှုနှင့် အရွတ်အဝိုင်းပြားများကို ပိုမိုကောင်းမွန်စေပါတယ်။ မလှုပ်ရှားဘဲ တစ်နေကုန်တီဗီထိုင်ကြည့်သူများဟာ ခါးနာခြင်းကို အများဆုံးဖြစ်စေနိုင်ပါတယ်။ လမ်းမှန်မှန်လျှောက်ကာ လေ့ကျင့်ခန်းပြုလုပ်
ပေးခြင်းဖြင့် ခါးနာခြင်းမှကင်းဝေးစေပါတယ်။ 

၄။ ဆေးလိပ်သောက်ခြင်းမှ ရှောင်ရှားပါ။

ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပြီး ခန္ဓာကိုယ်တွင်
မကောင်းသော သက်ရောက်မှုများကို ဖြစ်ပေါ်စေပါတယ်။ ဆေးလိပ်သောက်ခြင်း
ဟာ ခါးနာမှု ဖြစ်နိုင်ချေကို များပြားစေတယ်လို့ အချို့လေ့လာချက်များက ဖော်ပြထား
ပါတယ်။ အကယ်၍ ခါးနာခြင်းဝေဒနာများဖြစ်ပေါ်နေခဲ့ရင် သင့်အနေနဲ့ဆေးလိပ်ဖြတ်ရန် ဆရာဝန်နှင့်တိုင်ပင်ပြသခြင်းဖြင့် ခါးနာကျင်ခြင်းကို ကုသဖို့အထောက်အကူပြုမှာဖြစ်
ပါတယ်။ 

၅။ နေထိုင်မှုပုံစံများကို ဂရုစိုက်ပါ။

အလွန်ပျော့သောမွေ့ရာပေါ်တွင် အိပ်ခြင်း၊ မာသောမွေ့ရာတွင်အိပ်ခြင်း၊ ဆိုဖာ
ထူသော ကုလားထိုင်တွင် ကြာရှည်စွာထိုင်ရခြင်း၊ ကုလားထိုင်အစွန်းတွင် ကြာရှည်စွာ
ထိုင်မိခြင်းတို့ကြောင့် ခါးနာခြင်းနှင့် ကျောဆစ်ရိုးလွဲခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

၆။ စိတ်ဖိစီးမှုများကို လျှော့ချပါ။ 

အကြောက်လွန်ခြင်း၊ ထိတ်လန့်ခြင်း၊ တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေခြင်းဟာ စိတ်ဖိစီးမှုကိုမြင့်မားစေပြီး ခါးနာမှုကိုဖြစ်ပေါ်စေပါတယ်။ ဇက်ကြော ပုခုံးကြောများ ကိုက်ခဲခြင်း၊ လည်ပင်းအဆစ်များနာခြင်းနှင့် ခါးနာခြင်းတို့ ဖြစ်ပွားမှုရာခိုင်နှုန်း အတော်
များများဟာ သောကဖိစီးမှုကြောင့်ဖြစ်တယ်လို့ ထူးဆန်းစွာ တွေ့ရှိရတတ်ပါတယ်။၊ တစ်ချို့လူများဟာ ပြဿနာအခက်အခဲတစ်ခုခုနှင့် ရင်ဆိုင်တွေ့ရတိုင်း ခါးနာတတ်ကြ
တာကြောင့် စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံးလျှော့ချနိုင်မယ့် နည်းလမ်းများကိုရှာဖွေပါ။

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေကိုလိုက်နာခြင်းခြင့် သင့်အနေနဲ့ခါးနာခြင်းဖြစ်ပေါ်
မှုများမှ ကာကွယ်နိုင်မှာဖြစ်ပြီး ခါးနာခြင်းဝေဒနာကိုခံစားနေသူအနေနဲ့လည်း ထိုအချက်
များကို လိုက်နာဖို့လိုအပ်ပါတယ်။ အကယ်၍ သင်ဟာ ၁ပတ် (သို့) ၂ပတ်ကြာမြင့်သည်
အထိ ခါးနာခြင်းဝေဒနာကိုခံစားနေရပြီး မသက်သာပါက မိမိဘာသာကြိတ်ကုသခြင်း
ထက် ဆရာဝန်နှင့် ပြသကာ အချိန်မီကုသဖို့တိုက်တွန်း ဖော်ပြလိုက်ရပါတယ်။

Healthcare.com.mm

Ref: The First Myanmar LGBT Society
Source:JOB seekers Journal အတွဲ(၄) ၊အမှတ်(၂၃)ကျန်းမာရေး ကဏ္ဍမှကောက်နုတ်ဖော်ပြချက် ဖြစ်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18