Print

အသက်ကြီးသူတွေမှာဖြစ်တတ်တဲ့ အရိုးအဆစ်နာကျင်ခြင်း

  12-Nov-2026
Preview Image

အသက် ၅၀ ကျော်လာရင် ဒူး၊ တင်ပါး၊ ခါး၊ လက်အဆစ်တွေ နာကျင်ကိုက်ခဲတာ အဖြစ်များပါတယ်။ အများစုက အရိုးအဆစ်ရောင်ရမ်းခြင်း (Osteoarthritis) ကြောင့်ဖြစ်ပြီး၊ အသက်ကြီးလာတာနဲ့အမျှ အဆစ်အတွင်းက အရိုးနုတွေ ပါးလာလို့ ဖြစ်တာပါ။ WHO ရဲ့ အချက်အလက်အရ အရိုးအဆစ်ရောင်ရမ်းရှိသူတွေရဲ့ ၇၀% ခန့်ဟာ အသက် ၅၅ နှစ်အထက်တွေဖြစ်ပြီး၊ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။


ဆောင်ရန်


• နေ့စဉ် ပေါ့ပါးတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ — လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ထိုင်ရင်းခြေထောက်ဆန့်တန်းခြင်းတို့လို အဆစ်ကို ထိခိုက်မှုနည်းတဲ့ လေ့ကျင့်ခန်းတွေက ကြွက်သားတွေကို သန်မာစေပြီး အဆစ်နာကျင်မှုကို သက်သာစေပါတယ်။

• ကိုယ်အလေးချိန်ကို ထိန်းပါ — ကိုယ်အလေးချိန်များတာက ဒူး၊ တင်ပါးအဆစ်တွေပေါ် ဝန်ပိုတင်စေပါတယ်။ အနည်းငယ် ကျသွားရုံနဲ့တောင် နာကျင်မှု သက်သာနိုင်ပါတယ်။

• ပူကပ်ခြင်း / အေးကပ်ခြင်း — နာတဲ့နေရာကို ရေနွေးအိတ် (သို့) ရေခဲအိတ် (အဝတ်ပါးပါးခံပြီး၊ ၂၀ မိနစ်ထက် မပိုဘဲ) ကပ်ပေးပါ။


• အထောက်အကူပစ္စည်းသုံးပါ — တုတ်ကောက်သုံးတာ၊ ဒူးစွပ်စွပ်တာက နာနေတဲ့အဆစ်ပေါ်က ဝန်ကို လျှော့ချပေးနိုင်ပါတယ်။


• ကယ်လ်စီယမ်နဲ့ ဗီတာမင် D လုံလောက်အောင်ရယူပါ (အရိုးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်) — နို့၊ ငါးသေးသေး၊ နှမ်း၊ နေရောင်ခြည်ကနေ ရနိုင်ပါတယ်။

ရှောင်ရန်

• အဆစ်ကို အလွန်အကျွံမသုံးပါနဲ့ — ပြေးခြင်း၊ ခုန်ခြင်းလို အဆစ်ကို ရိုက်ခတ်မှုများတဲ့ လှုပ်ရှားမှုတွေကို ရှောင်ပါ။ စက်ဘီးစီးတာလို ပေါ့ပါးတာမျိုး ရွေးပါ။


• ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်တာ၊ ခြေထောက်ချိတ်ထိုင်တာ အကြာကြီးမလုပ်ပါနဲ့ — ဒူးအဆစ်ကို ဝန်ပိုတင်စေပါတယ်။


• ဆရာဝန် မညွှန်းဘဲ စတီးရွိုက်ဆေးထိုးခြင်း/သောက်ခြင်းမလုပ်ပါနဲ့ — ဘေးထွက်ဆိုးကျိုးများပါတယ်။ စတီးရွိုက်ဆေးကို ကြာရှည်သောက်ရင် အရိုးပါးခြင်း (osteoporosis) ဖြစ်နိုင်ပါတယ်။ ဆေးထိုးကုသမှုမှာလည်း ဘေးထွက်ဆိုးကျိုးရှိလို့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ လုပ်သင့်ပါတယ်။


• အကိုက်အခဲပျောက်ဆေး (ဥပမာ ibuprofen) ကို စွဲသောက်တာရှောင်ပါ — အစာအိမ်၊ ကျောက်ကပ်၊ နှလုံးကို ထိခိုက်နိုင်လို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။


• လေးလံတဲ့အရာတွေ မ ခြင်း — မဖြစ်မနေ မ ရင် ဒူးကွေးပြီး ခြေထောက်အားနဲ့ မပါ၊ ခါးမကွေးပါနဲ့။

အိမ်တွင်းကုသနည်းများ

1. ရေနွေးကပ်ခြင်း — နာကျင်တောင့်တင်းတဲ့ အဆစ်ကို ရေနွေးအိတ် ၁၅–၂၀ မိနစ် ကပ်ပေးပါ။

2. ဆားရေနွေးနဲ့ ခြေထောက်စိမ် — ခြေဖမိုးနာရင် ဆားထည့်ထားတဲ့ ရေနွေးနွေးမှာ ၁၅ မိနစ်စိမ်ပေးပါ။

3. ညင်သာစွာ နှိပ်နယ်ခြင်း — သွေးလည်ပတ်မှုကောင်းစေပြီး ကြွက်သားတောင့်တင်းမှုကို ပြေလျော့စေပါတယ်။

4. နားခြင်းနဲ့ လှုပ်ရှားခြင်းကို မျှတအောင်လုပ်ပါ — နာတဲ့နေ့တွေမှာ အလုပ်ကို အပိုင်းလေးတွေခွဲလုပ်ပြီး ခဏခဏနားပါ။ အနားယူလွန်းရင်လည်း အဆစ်ပိုတောင့်တင်းလာတတ်ပါတယ်။

5. အိပ်စက်ခြင်းနဲ့ စိတ်ဖိစီးမှုလျှော့ချခြင်း — တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းတွေက လူတချို့မှာ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။


⚠️ ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ

• အဆစ်ရောင်ရမ်းပြီး နီရဲ ပူနွေးနေခြင်း

• နာကျင်မှုက ၂ ပတ်ထက်ပိုကြာနေခြင်း

• လမ်းလျှောက်ရ၊ အလုပ်လုပ်ရ ခက်ခဲလာခြင်း

• အဖျားပါတွဲရှိခြင်း

Dr. Hazel

Ref: WHO, Mayo clinic


#HT-Info

#7887healthcare

#seveneighteightseven 



Related Articles


AdvertiseDirectory