Print

ဘီတာ-အန်ဒေါ်ဖင်း အကြောင်း တစေ့တစောင်း(beta-endorphine)

  24-Feb-2017
Preview Image


ဘီတာ-အန်ဒေါ်ဖင်း( beta-endorphine) ဆိုတာ ခန္ဓာကိုယ်ထဲကနေ ထွက်တဲ့ ဘိန်းကဲ့သို့သော ဒြပ်ပေါင်း တစ်ခု ဖြစ်ပါတယ်။ သူ့ကို ဦးနှောက်မှာ ရှိတဲ့ ပစ်ကျူထရီဂလင်း(pituitary gland) နဲ့ ဟိုက်ပိုသဲလမတ် (hypothalmus) ဆိုတဲ့ နေရာတွေကနေ ထုတ်ပေးပါတယ်။ ဘယ်လို အချိန်တွေမှာ ထွက်တတ်သလဲ ဆိုတော့ အားစိုက်ရတဲ့ လေ့ကျင့်ခန်းတွေ လုပ်တဲ့ အချိန်တွေမှာ၊ စိတ်တက်ကြွမှုမြင့်မားနေတဲ့အချိန်တွေမှာ၊ နာကျင်တဲ့ အချိန်မှာ၊ လိင်ဆက်ဆံချိန် ခံစားမှု အထွတ်အထိပ် ရောက်တဲ့ကာလတွေမှာ ထွက်တတ်ပါတယ်။ သူက နာကျင်မှုတွေကို သက်သာစေနိုင်တဲ့ မော်ဖင်းလို သက်ရောက်မှုမျိုး ရှိတဲ့ ခန္ဓာကိုယ်တွင်းက ထုတ်ပေးတဲ့ ဒြပ်ပေါင်း တစ်ခု ဖြစ်ပါတယ်။  ဒါပေမယ့် သွေးထဲကို ဘီတာ-အင်ဒေါ်ဖန်း ထိုးပေးလိုက်ရုံနဲ့တော့ ဦးနှောက်ထဲကို များများ မရောက်နိုင်ပါဘူး။ ဦးနှောက်နဲ့ သွေးကြောတွေ ကြားမှာ တားဆီးထားတဲ့ blood brain barrier ကို မဖြတ်နိုင်လို့ပါ။ ဘီတာ-အန်ဒေါ်ဖင်း ထွက်စေနိုင်တဲ့ လုပ်ဆောင်မှုလို့ လူသိများတာကတော့ ပြေးခြင်းပဲ ဖြစ်ပါတယ်။ အဲဒါကို “ အပြေးသမားတွေရဲ့ စိတ်တက်ကြွမှု " (runner’s high) လို့ပြောကြပါတယ်။ 

 

အလယ်အလတ်ကနေ ပြင်းပြင်းထန်ထန် အနေအထားအထိ အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်း တစ်ခုကို အချိန်ကြာကြာနဲ့ အဆက်မပြတ် လုပ်ဆောင်နေတဲ့ ကာလတွေမှာ ဘီတာ-အန်ဒေါ်ဖင်း ထွက်လေ့ရှိပါတယ်။ ခန္ဓာကိုယ်က သူ့ရဲ့လုပ်ဆောင်နိုင်မှု အတိုင်းအတာတစ်ခုကို ရောက်သွားတဲ့ အချိန်မှာ ထိခိုက်မှု မရှိအောင်၊ အဲဒီ အတိုင်းအတာထက် ကျော်လွန်ပြီး လုပ်ဆောင်နိုင်စွမ်း ရှိအောင် ဒီဒြပ်ပေါင်းက ထွက်လာပြီး အကာအကွယ် ပေးတယ်လို့ ယူဆရပါတယ်။ ပြေးတာ တစ်ခုတည်းတင် မဟုတ်ပါဘူး။ လက်ဝှေ့ထိုးတာ၊ ရေကူးတာ၊ လှေလှော်တာ၊ ဘော်လုံးကစားတာ စတဲ့ အခြား အားစိုက်ထုတ်ရတဲ့ အားကစား လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းကလဲ ဘီတာ- အန်ဒေါ်ဖင်းကို ထွက်စေနိုင်တယ်လို့ ယူဆကြပါတယ်။  သြစတေးလျ နိုင်ငံက ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုမှာ အပြးသမားတွေနဲ့ တရားထိုင်နေကျသူတွေ ဆီမှာ ဘီတာ-အန်ဒေါ်ဖင်း ထွက်မှုကို သုတေသန ပြုလုပ်ခဲ့ကြပါတယ်။

 

အဲဒီမှာ တွေ့ရှိချက်က အပြေးသမားတွေမှာ (တစ်နာရီ) ပြေးပြီးတဲ့ အခါမှာရော၊ တရားထိုင်နေကျသူတွေ (တစ်နာရီ) တရားထိုင်ပြီးတဲ့ အချိန်မှာပါ စိတ်ပိုင်းဆိုင်ရာ အကောင်းဘက်ကို ပြောင်းလဲမှုတွေကို တွေ့ရပါတယ်။ ဒါပေမယ့် သူတို့ သွေးထဲက ဘီတာ- အန်ဒေါ်ဖင်း အခြေအနေကို တိုင်းကြည့်တဲ့ အခါမှာ အပြေးသမားတွေ ဆီမှာ မြင့်တက်နေတာ တွေ့ရပြီး၊ တရားထိုင်နေကျ သူတွေမှာ ပိုပြီး မြင့်မားလာတာ မတွေ့ရပါဘူးတဲ့။ ဒါပေမယ့် ကော်တီကို ထရိုပင် ရီလီဇင်း ဟိုမုန်း (corticotrophin-releasing hormone) လို့ ခေါ်တဲ့ ဟိုမုန်း တစ်မျိုးက နှစ်ဖွဲ့ စလုံးမှာ မြင့်မားနေတာ တွေ့ရပါတယ်။ တရားထိုင်သူတွေမှာ စိတ်ပိုင်းဆိုင်ရာ အကောင်းဘက်ကို ပြောင်းလဲလာခြင်းက အဲဒီ ကော်တီကို ထရိုပင် ရီလီဇင်း ဟိုမုန်းရဲ့ ဘီတာ-အန်ဒေါ်ဖင်းကို ထွက်အောင် အားပေးတဲ့ အပြုအမူကြောင့်လို့ သုတေသန ပြုသူတွေက ယူဆကြပါတယ်။ အဲဒီတွေ့ရှိချက် အရ ကောက်ချက်ဆွဲလို့ ရတာက ပြေးတာက ဘီတာ-အန်ဒေါ်ဖင်း တိုက်ရိုက် ထွက်စေမှုကို အားပေးပြီး တရားထိုင်တာက ဘီတာ-အန်ဒေါ်ဖင်း ထွက်အောင် အကူအညီပေးနိုင်တဲ့ ဟိုမုန်းကို ထွက်စေတဲ့ အတွက် သွယ်ဝိုက်ပြီး အားပေးတယ်လို့ ပြောလို့ ရမယ် ထင်ပါတယ်။  တစိုက်တမတ်မတ် လုပ်မယ်ဆိုရင် တရားထိုင်တာရော၊ ပြေးတာကပါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ သက်ရောက်မှုတွေကို ရရှိစေနိုင်ပါတယ်။

 

Ref: 
Wikipedia 
public health in Myanmar
Saturday, May 9, 2009
Sources:
Hartea, J. L, Eifert, G. H & Smith, R. (1995). The effects of running and meditation on beta-endorphin, corticotrophin-releasing hormone and cortisol in plasma, and on mood. Biological psychology, 40 (3 ),251-265.)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18