အိပ်ရေး ပျက်လေ့ ရှိသူများ မှတ်ဉာဏ် ချို့ယွင်း
25-Feb-2017
ညဘက် အိပ်ရေးဝဝ အိပ်ရသူများအတွက် အကောင်းဆုံးသော စွမ်းဆောင်ရည်များကို ရရှိ ပိုင်ဆိုင်နိုင်ကြောင်းနှင့် ပတ်သက်၍ မည်သည့် အငြင်းပွားမှုမျှ မရှိပေ။ အချိန်မှန် ကောင်းမွန်စွာ အိပ်စက် ရခြင်းသည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင် ဖြည့်ဆည်းခြင်းနှင့် ဇီဝနာရီကို ပုံမှန် လည်ပတ်စေခြင်း သာမက ဦးနှောက်၏ အရေးကြီးသော လုပ်ဆောင် ချက်ဖြစ်သည့် သင်ယူနိုင်စွမ်းနှင့်မှတ်ဉာဏ် စွမ်းရည်တို့ကိုပါ တိုးတက်စေသည်။
အကယ်၍ အိပ်ရေးဝဝ လင်လင် အိပ်စက်ရခြင်း မရှိပါက သွေးတိုး၊ ဆီးချိုနှင့် အဝလွန်ခြင်း ကဲ့သို့သော ရောဂါများ ခံစားရမည့်အပြင် မှတ်ဉာဏ် တည်ဆောက်မှု အတွက် အချက်အလက်များ ရယူခြင်းနှင့် သင်ကြားမှု စွမ်းရည် တို့ကိုပါ ထိခိုက်စေမည် ဖြစ်သည်။ထို့ကြောင့် ပြည့်စုံလုံလောက်သည့် အိပ်စက်ချိန် မရှိပါက တစ်စုံတစ်ခုကို ပြန်ပြောရန် အတွက် ဦးနှောက်က ဇဝေဇဝါဖြစ်ခြင်း၊ ဆုံးဖြတ်နိုင်စွမ်း နည်းခြင်းနှင့် ခန္ဓာကိုယ်၏ လုပ်ဆောင်မှု စွမ်းရည်များ ကျဆင်းလာခြင်း တို့ကို ကြုံတွေ့ရမည် ဖြစ်သည်။မှတ်ဉာဏ်အမျိုးအစား သုံးမျိုးရှိပြီး ယင်းတို့မှာ အချက်အလက်များကို အခြေခံသည့် မှတ်ဉာဏ် (ဥပမာ-မြို့အမည်၊ နိုင်ငံအမည်)၊ ဘဝတွင် ကြုံတွေ့ရသည့် အဖြစ်အပျက်များ (ဥပမာ-ပထမဦးဆုံး အတွေ့အကြုံ)နှင့် သတ်မှတ်ထားသည့် အတိုင်း ဖြစ်ပေါ်သည့် သို့မဟုတ် စနစ်တကျ တည်ဆောက်ထားသည့် မှတ်ဉာဏ် (ဥပမာ-စန္ဒရားတီးခြင်း) တို့ဖြစ်သည်။
မှတ်ဉာဏ်တစ်ခု ဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်ချက် သုံးမျိုးရှိပြီး ၄င်းတို့မှာ တစ်စုံတစ်ခုကို သင်ယူခြင်း သို့မဟုတ် တွေ့ကြုံခြင်း ဖြစ်သည့် မှတ်ဉာဏ်သိုမှီးခြင်း၊ မှတ်ဉာဏ် တည်ဆောက်ခြင်းနှင့် ပြန်လည်မှတ်မိခြင်းတို့ ဖြစ်သည်။ယင်းဖြစ်စဉ်များအနက် မှတ်ဉာဏ် သိုမှီးခြင်းနှင့် ပြန်လည် မှတ်မိခြင်း တို့သည် မိမိတို့ နိုးထ နေချိန်တွင် လုပ်ဆောင်ခြင်း ဖြစ်ပြီး မှတ်ဉာဏ် တည်ဆောက်ခြင်းကိုမူ အိပ်စက်ချိန်တွင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်ညတာကို အချိန်မှန် ကောင်းမွန်စွာ အိပ်စက် ရသူများနှင့် နေ့လယ် နေ့ခင်းတွင် တစ်ရေးတစ်မော အိပ်စက်ရသူများသည် လုပ်ငန်းခွင်တွင် သာမက မည်သည့်နေရာတွင် မဆို အောင်မြင်သော ဘဝကို ပိုင်ဆိုင်နိုင်မည် ဖြစ်ကြောင်း အကြံပြု ရေးသား လိုက်ရပါသည်။ ။
Healthcare.com.mm
Ref:
ကောင်းထက်