အဖြစ်များတဲ့ မျက်မြှေးရောင်ရောဂါ (သို့) မျက်စိနာရောဂါ
25-Feb-2017
မျက်မြှေးပါး (Conjunctiva)
မျက်မြှေးပါး (Conjunctiva) သည် မျက်လုံး၏ အပြင်ဆုံးဖြစ်သည်။ မျက်ခွံအတွင်းတွင် ရှိ၍ မျက်လုံး၏ အတွင်းအစိတ်အပိုင်းများကို ကာကွယ်ပေးထားသောအလွှာ ဖြစ်သည်။
မျက်မြှေးပါး ဘာကြောင့်ရောင်ရလဲ
မျက်မြှေးပါး ရောင်ရမ်းခြင်းသည် မျက်စိအတွင်းသို့ ပြင်ပမှ အရာဝတ္ထုပစ္စည်းများ (ဖုန်မှုန့်၊ အမှိုက်စ) ဝင်ခြင်းကြောင့် သော်လည်းကောင်း၊ ဓာတုပစ္စည်းများ ဝင်ခြင်းကြောင့်သော်လည်းကောင်း ဖြစ်တတ်သည်။ အခြားဓာတ်မတည့်သော အရာများ (ဥပမာ ရေမွှေး၊ ပန်းဝတ်မှုံများ) မျက်စိအတွင်းဝင်ခြင်း၊ ဓာတ်မတည့်သော အစားအစာများ စားမိခြင်း (ဥပမာ ပင်လယ်စာ)၊ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများ ဝင်ခြင်းကြောင့်လည်း မျက်မြှေးပါး ရောင်ရမ်းနိုင်ပါသည်။
အများအားဖြင့် မျက်စိနာခြင်းသည် ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ပါသည်။ ရာသီဥတု အပြောင်းအလဲတွင် ဖြစ်သော ရာသီတုပ်ကွေး၊ အအေးမိခြင်း တို့မှတစ်ဆင့် မျက်မြှေးပါး ရောင်နိုင်သည်။ ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော မျက်စိနာခြင်းကို ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသနိုင်သော်လည်း ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော မျက်စိနာခြင်းသည် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသရန် ခက်ခဲနိုင်သည်။
ကူးစက်ပုံ
မျက်စိနာခြင်းသည် မျက်စိနာနေသူ၏ မျက်စိတွင်းမှထွက်သော ဘက်တီးရီးယားပိုးပါဝင်သည့် အရည်များ၊ မျက်ဝတ်များ ခိုကပ်နေနိုင်သော မျက်နှာသုတ်ပဝါ၊ မျက်မှန်နှင့် လက်တို့မှတစ်ဆင့် မိမိကိုယ်တိုင် သော်လည်းကောင်း၊ တခြားသူကိုလည်းကောင်း ကူးစက်နိုင်ပေသည်။
ရောဂါလက္ခဏာ
ယားယံ၍ စူးအောင့်ခြင်း၊ အနေရခက်ခြင်း၊ မျက်စိနီမြန်း၊ မျက်ရည်ပူ စီးဆင်းခြင်း၊ မျက်စိစူးအောင့်ခြင်း နှင့်အတူ အမြင်မှုန်ဝါးခြင်းကိုပါ တစ်ဆက်တည်း ခံစားရတတ်သည်။ အပြင်မျက်ခွံနှင့် အတွင်းမျက်ခွံများ ရောင်ရမ်းမို့ဖောင်း၍ ပူနွေးနေတတ်သည်။ တစ်ခါတစ်ရံ မျက်ခွံသည် အောက်ဘက်သို့ ငိုက်စိုက်၍ စေးပျစ်သောအရည်များနှင့်ကပ်ကာ မျက်စိဖွင့်မရအောင် ပိတ်နေတတ်သည်။
ကုသနည်း
မပြင်းထန်သော မျက်မြှေးပါးရောင်ရမ်းခြင်းကို သဘာဝမျက်စဉ်းဆေး (ဆားသန့်နှင့်ရေနွေးဖျော်ထားသော ဆားငွေ့ရည်သန့်သန့်) သို့မဟုတ် ရိုးရိုးမျက်စဉ်းဆေး ခတ်ပေးပါက နှစ်ရက်သုံးရက်အတွင်း ပျောက်ကင်းနိုင်ပါသည်။ အကယ်၍ မျက်သားရောင်ရမ်းခြင်းသည် ပြင်းထန်ပါက (မျက်ရည်ပူ စေးပျစ်ပျစ်များ အထွက်များခြင်း၊ အလွန်နီးမြန်းခြင်းဖြစ်ပါက) ပဋိဇီဝပိုးသတ်ဆေးပါသော မျက်စဉ်းဆေးကို ခတ်ပေးရပါမည်။ မျက်စဉ်းခတ်
ရာတွင်တစ်ခါခတ် နှစ်စက်မှ သုံးစက်၊ တစ်နေ့လျှင် လေးကြိမ်မှ ခြောက်ကြိမ်အထိ ခတ်ပေးနိုင်ပါသည်။ ထိုမှ မသက်သာပါက တတ်ကျွမ်းသော ဆရာဝန်များနှင့် ပြဿသ၍ ဆေးကုသမှု စနစ်တကျ ခံယူသင့်ပေသည်။
ရှောင်ရန်
မိမိကိုယ်တိုင် (သို့) မိမိမိသားစုအတွင်း၊ မိမိလုပ်ငန်းခွင်နှင့် ကျောင်းအတွင်း တစ်စုံတစ်ယောက် မျက်စိနာပါက မျက်နှာသုတ်ပဝါ၊ မျက်မှန် စသည်တို့ကို မျှဝေသုံးစွဲခြင်းရှောင်ပါ။ မျက်စိအတွင်းသို့ မသန့်စင်သော ရေဝင်ခြင်းနှင့် အလင်းရောင် စူးစူးဝင်ခြင်းကိုရှောင်ပါ။ ဖြစ်နိုင်ပါကမျက်စိနာလျှင် နေကာမျက်မှန်ကို ဆောင်ထားပြီး နေရောင်ပြင်းသော အလင်းရောင်စူးသော နေရာများသို့ သွားသောအခါ တပ်ဆင်သင့်သည်။ မျက်စိယားယံသောအခါတွင် လက်ဖြင့် ဖိပွတ်ခြင်းကိုရှောင်ပါ။ မိမိလက်သည် မသန့်လျှင်သော်လည်းကောင်း၊ အရှိန်ဖြင့် ဖိပွတ်မိခြင်းကြောင့် သော်လည်းကောင်း ပိုရောင်ရမ်းပြီး သွေးကြောငယ်များ ပေါက်နိုင်သည်။ လူတိုင်းလူတိုင်း မျက်စိနာခြင်း ကင်းဝေ၍ လှပရွှန်းလဲ့သော မျက်ဝန်းလှလှလေးများ ပိုင်ဆိုင်ကြပါစေ။
Healthcare.com.mm
Ref:
Sheri (U.O.N,Ygn)
Ziwaka magazine, February 2015, Pg. 53-56