အဆစ်ပျော့ရောဂါ
25-Feb-2017
အဆစ်ပျော့ရောဂါဟာ လူသိနည်းပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ သတိထားပြီး ရှာကြည့်ရင် မရှားတဲ့ရောဂါတစ်ခုပါ။
အဆစ်ပျော့ရောဂါ ဘာလဲ၊ ဘယ်လဲ။
အဆစ်ပျော့ရောဂါဟာ ကလေးတွေမှာ အဆစ်တွေ ကိုယ်တယ်၊ နာတယ်ဆိုပြီး လာတတ်ပေမယ့် ပိုးကြောင့်ဖြစ်တာ၊ သွေးကြောင့်ဖြစ်တာမဟုတ်ဘဲ ဗီဇကြောင့်ဖြစ်တဲ့ရောဂါပါ။ အဆစ်ဆိုတာ အရိုးနှစ်ခုကို ဘေးက ပတ္တာလိုအရွတ်လေးတွေနဲ့ တွယ်ဆက်ပေးထားလို့ တံခါးလိုပဲ ခိုင်လည်းခိုင်တယ်၊ လှုပ်လည်း လှုပ်ရှားနိုင်တယ်ဖြစ်နေတာပေါ့။ တချို့သူတွေမှာ အဲဒီအရွတ်လေးတွေက တောင့်တင်းမှု အားနည်းနေလို့ အဆစ်ရဲ့ လှုပ်ရှားနိုင်တဲ့အကျယ်အဝန်းဟာ သူများတွေထက် ပိုကျယ်လာပါတယ်။ နောက်ဆက်တွဲအနေနဲ့ လူကသူများတွေထက် အရပ်ပိုရှည်တယ်၊ လက်ချောင်းတွေက သွယ်ပြီးပျော့ တယ်၊ အသားအရေက နူးညံ့တယ်ဆိုတော့ ပဥ္စပါပီရောဂါလို့လည်း တင်စားပြီး ပြောမိပါသေးတယ်။
လက်ကလေးတွေကကိုင်ကြည့်လိုက်ရင် ပျော့အိပြီး နူးည့ံတဲ့အတွေ့အထိကို ခံစားရတာကြောင့်ပါ။ ဒါပေမယ့် မကောင်းတာက လက်ကောက်ဝတ်တွေ၊ တံတောင်ဆစ်တွေ၊ ခါးဆစ်တွေ ရှိသမျှအဆစ်တွေက လိုတာထက် ပိုလှုပ်နိုင်နေ၊ နေ့စဉ်လှုပ်ရှားနေတော့ ကြာတဲ့အခါ နို့ဆီဘူးအဖုံးကို ကြာကြာပိတ်လိုက်၊ လှန်လိုက် ထပ်ခါ တလဲလဲ လုပ်ရင်းနဲ့ အပြီးပြတ်ထွက်အောင် လုပ်သလိုပဲ အဆစ်တွေကလည်း ပွန်းစားပြီး နာလာ၊ ကိုက်လာ တတ်ပါတယ်။ လူကြီးတွေမှာ အသက် ၅၀ လောက်မှ ဖြစ်လာတတ်တဲ့ လှေကားတက်ရင် ဒူးနာ၊ ခါးနာတတ်တဲ့၊ ပွန်းစားမှုများလို့ ဖြစ်လာရတဲ့ ကျီးပေါင်းရောဂါဟာ ငယ်ငယ်ရွယ်ရွယ် ကလေးဘဝမှာတင် စတင်ခံစားရတတ် ပါတယ်။
စိုးရိမ်ရပါသလား။
ရောဂါနာမည်တစ်ခုခုတပ်လိုက်လို့ အစိုးရိမ်လွန်ပြီး မကစားတော့၊ ပုံမှန်သွားလာမှုတွေ မလှုပ်တော့မှာကို စိုးရပါတယ်။ တကယ်တော့ အဆစ်ပျော့ရောဂါဆိုတာ ပုံမှန်လူတွေထက် နည်းနည်းပိုထူးတဲ့ အခြေအနေတစ်ခုပါပဲ။ သူများတွေထက်စာရင် ပိုရောင်လွယ်၊ ကိုက်လွယ်တာကလွဲရင် လောလောဆယ် စိုးရိမ်စရာ မရှိပါဘူး။ ကိုယ်အဆစ်ပျော့တာကို ကြွားပြီး အလကားနေရင်း ချိုးပြ၊ ကော့ပြမနေဖို့တော့ လိုတာပေါ့။ ဒါပေမယ့် ဘာမှ အန္တရာယ်မရှိတဲ့ရောဂါတော့လည်း မဟုတ်ပြန်ပါဘူး။ ကော်လဂျင်လို့ခေါ်တဲ့ တွယ်ဆက်ပစ္စည်းတွေ အရည်မပြည့်တဲ့အခါ အဆစ်တွေတင် ပိုလှုပ်တာမဟုတ်ပါဘူး။
နှလုံးအဆို့တံခါးတွေလည်း ပိုလှုပ်လို့ MVP လို့ခေါ်တဲ့ နှလုံးတံခါး နောက်ပြန်ကျွံတာ၊ ရင်တုန်တာ၊ မောတာတွေ၊ မျက်စိထဲက အထိန်းအရွတ်တွေ မခိုင်လို့ မှန်ဘီလူးရောရွေ့ပြီး မျက်စိမှုန်တာတွေ၊ သွေးကြောမကြီးနံရံတွေက မခိုင်ဘဲ ပျော့နေလို့ ဖောင်းထွက်လာပြီး ပေါက်သွားတာတွေအထိ ဖြစ်တတ်ပါတယ်။ တချို့သူတွေမှာ ဟိုမိုစစ်စတင်း (Homocystine) ဆိုတဲ့ ဓာတ်များနေလို့ အဆစ်တွေ ပျော့နေတာဆိုရင် လေဖြတ်ရောဂါ ပိုဖြစ်နိုင်တာတွေရှိတာကြောင့် တစ်ခါနှစ်ခါလောက် ပုံမှန်စစ်ဆေးမှုတွေ လုပ်သွားနိုင်ရင်တော့ ကောင်းတာပေါ့။
မောင်နှမတွေမှာ ဖြစ်တတ်ပါသလား။
လွှမ်းမိုးဗီဇချို့ယွင်းမှု ရောဂါစုထဲမှာ ပါတာကြောင့် ကလေးတစ်ယောက်မှာ ရှိရင် နောက်တစ်ယောက်ရဲ့ တစ်ဝက်မှာလည်း ဒီဗီဇက ပါလာနိုင်ပါတယ်။
ကာကွယ်လို့၊ ဆေးစားလို့ ရပါသလား။
ဗီဇပါလာလို့ ဖြစ်တာဆိုတော့ အဆစ်တွေ မပျော့အောင်လို့ ကာကွယ်လို့တော့ မရပါဘူး။ ဒုတိယ အဆင့် ကာကွယ်ခြင်းလို့ခေါ်တဲ့ အရိုးပွန်းစားမှု၊ သွေးကြောမကြီး ပေါက်မှုတွေမဖြစ်အောင်တော့ ကာကွယ်လို့ ရပါတယ်။ အနေအထိုင်ဆင်ခြင်ဖို့ လိုပါတယ်။ သူများတွေ မြှောက်ပေးတိုင်း လက်ချောင်းလေးတွေကို နောက်လှန် ချိုးပြတာတို့၊ ခြေနှစ်ချောင်းကြားထဲ ခေါင်းဝင်ပြတာတို့ မလုပ်ဖို့လိုပါတယ်။ အားကစားလုပ်ရင် တစ်ဦးနှင့်တစ်ဦး တွန်းတိုက်ကစားရတဲ့ ဘောလုံး၊ ဂျူဒို၊ ကရာတေးစတာတွေရှောင်ပြီး တစ်ဦးချင်းစီ လှုပ်ရှားကစားရတဲ့ ရေကူး၊ ထိုက်ကျိ၊ လမ်းလျှောက် စတာတွေကို ရွေးသင့်တာပေါ့။ အရိုးနဲ့ အရိုးနုတွေအတွက် ဖြည့်စွက်စာ အစားအသောက်တွေမပြင် ဂလူကိုစမင်းပါတဲ့ ဆေးတွေလည်း စားနိုင်ပါတယ်။ ကယ်လဆီယမ်နဲ့ ဗီတာမင်ဒီ အားဆေးတွေလည်း သောက်ရင်ကောင်းပါတယ်။ သူများတွေနဲ့ မတူဘဲ သွေးပေါင်တက်တာကို မခံနိုင်တာမို့ သွေးပေါင် မှန်မှန်တိုင်းပြီး ၁၃၀ ကျော်ရင် ပရိုပနလော (Propanolol)၊ ဘီတာဘလော်ကာ (Beta-blockers) ဆေးမျိုးတွေ ကြိုသောက်ထားနိုင်ပါတယ်။
Healthcare.com.mm
Ref:
ပါမောက္ခဦးချစ်စိုး
(အရိုး၊ အကြော၊ အဆစ်၊ အထူးကုဆရာဝန်ကြီး)
Ziwaka magazine, april 2015, Pg. 34-37