လေမဖြတ်ချင်ရင် ဒါတွေကို ဆင်ခြင်ပါ
13-Apr-2018လေဖြတ်တာ (Stroke) ဟာ လူတိုင်းမခံစားချင်တဲ့ ဝေဒနာတစ်ခုဖြစ်ပြီး လူနာကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ စိတ်ရောကိုယ်ပါ ဆင်းရဲဒုက္ခရောက်စေလို့ပါ။ ငွေကြေးအကုန်အကျများတာရော ကံကောင်းလို့အသက်ရှင်ပြန်ရင်လည်း သာမန်လူကောင်းတစ်ယောက်လို Quality of life အကောင်းအတိုင်း ပြန်ရချင်မှရတတ်ပါတယ်။ ဒါကြောင့် လေဖြတ်ရောဂါကို မိမိကိုယ်တိုင်ရော မိသားစုဝင်တွေပါ မခံစားရအောင် အောက်ပါအချက်တွေကို လိုက်နာကြဖို့ လေ့လာဖော်ပြပေးလိုက်ပါတယ်။
လေဖြတ်ခြင်းကိုလျှော့ချနိုင်တဲ့အချက်များ
(၁) ဆေးလိပ်သောက်သူဖြစ်နေရင် ဆေးလိပ်ဖြတ်ပစ်ပါ
ဆေးလိပ်သောက်နေရင် သွေးတွင်း ကိုလက်စထရောပမာဏကို ပိုမိုတက်စေတယ်။ သွေးကြောတွင်း သွေးခဲမှု ပိုဖြစ်စေတယ်။ အဲဒါတွေကြောင့် လေဖြတ်ဖို့ပိုအခွင့်အလမ်းများစေတယ်။ ဆေးလိပ်သောက်တာ ဘယ်လောက်ကြာနေပါစေ။ ဒီနေ့ဖြတ်ရင် ဒီနေ့အကောင်းဆုံးပါပဲ။ ဆေးလိပ်မသောက်ဘူးဆိုရင်လည်း ဘယ်တော့မှ အစပြုအသောက်မသင်ပါနဲ့။ ဆေးလိပ်သောက်သူအနီးတောင် မနေပါနဲ့။ တစ်ဆင့်ခံ ဆေးလိပ်နံ့ ရှူနေရရင်လည်း ဆေးလိပ်သောက်လိုသူ ဆေးလိပ်ဆိုးကျိုးတွေ ခံစားစေတာ သေချာပါတယ်။ ဆေးလိပ်ငွေ့ထဲမှာပါတဲ့ နီကိုတင်းအပါအဝင် အဆိပ်ငွေ့တွေကြောင့် ကျန်းမာရေးကို အလွန်ထိခိုက်စေပြီး အဆုတ်ပွရောဂါ၊ အဆုတ်ကင်ဆာအပါအဝင် ကင်ဆာအမျိုးမျိုးပါ ခံစားရစေကာ အသက်တိုစေပါတယ်။ လေဖြတ်ဖို့လည်း တခြားသူတွေထက် ပိုဖြစ်လွယ်ပါသေးတယ်။
(၂) တက်ကြွက်ရွှင်လန်းစွာ နေထိုင်ပါ
နေ့စဉ်လေ့ကျင့်ခန်း အချိန်မှန်ပြုလုပ်ခြင်းက လေဖြတ်ရောဂါကို အများကြီးကာကွယ်ပေးပါတယ်။ ချွေးထွက်တဲ့အထိ လေ့ကျင့်ခန်း Work out ပြုလုပ်ခြင်း၊ အေရိုးဗစ်၊ ရေကူး၊ ယောဂ၊ ထိုက်ချိနဲ့ ပြေးခုန်ပစ်အားကစားတစ်ခုခုကို နေ့စဉ် နာရီဝက်မှ တစ်နာရီအထိ (၁ ပတ်မှာ အနည်းဆုံး သုံးနာရီ) အထိ လေ့ကျင့်မယ်ဆိုရင် အဆီပို၊ ဝိတ်ပိုတွေ ကျဆင်းလာပြီး မကောင်းတဲ့ ကိုလက်စထရောတွေကိုပါ သွေးထဲမှာ ကျဆင်းစေတယ်။ သွေးတိုးနှင့် ဆီးချိုရှိနေရင်လည်း ပိုမဆိုးအောင် ထိန်းချုပ်ပေးနိုင်တယ်။ အဝလွန်ကဲတာနဲ့ လှုပ်ရှားမှုမရှိတာတွေက သွေးတိုးဆီးချိုရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေ တွဲဖက်ခံစားရစေပြီး အချိန်မရွေး လေဖြတ်ရောဂါ ဖြစ်ပွားဖို့ လွယ်ကူစေပါတယ်။
(၃) အရက်သောက်သူဆိုရင် အရက်ဖြတ်ပါ။ (သို့) အရက်လျှော့သောက်ပါ။
လေ့လာမှုတွေအရ အရက်သောက်တာနဲ့ လေဖြတ်တာက ဆက်စပ်နေကြတာ တွေ့ရတယ်။ အရက်အလွန်အကျွံသောက်ရင် သွေးတိုးလာစေပြီး လေဖြတ်ဖို့ လမ်းများလာစေတယ်။ မနေနိုင်လို့ အရက်သောက်ပြီဆိုရင် တစ်နေ့မှာတစ်ကြိမ်၊ တစ်ပတ်နှစ်ပတ်ခန့်သာ အလွန်ဆုံးထားသောက်ပါ။ လူဆိုတာက သောက်ပြီဆိုရင် ထိန်းထိန်းသိမ်းသိမ်း လျှော့သောက်နိုင်သူက အလွန်ရှားတာမို့ အရက်ကို စနစ်တကျ လုံးဝမသောက်တော့ဘဲ ဆေးကုပြီဖြတ်တာက အကောင်းဆုံးဖြစ်ပါတယ်။ လူကိုဖျက် အရက်ဆိုတဲ့အတိုင်း အရက်ကြောင့် အသည်းကိုလည်း အလွန်ထိခိုက်စေပြီး သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ရောဂါ စသဖြင့် ရောဂါမျိုးစုံဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် လေမဖြတ်ရအောင် အရက်နဲ့ အရက်ပါတဲ့ အဖျော်ယမကာ အားလုံးရှောင်ကြဉ်ရမှာဖြစ်ပါတယ်။
(၄) သွေးပေါင်ချိန်မတက်အောင် ထိန်းချုပ်ပါ
သွေးတိုးရောဂါဟာ လေဖြတ်ရောဂါမခံစားရအောင် အဓိက စေ့ဆော်တဲ့ ရောဂါဖြစ်တယ်။ သွေးပေါင်ချိန်တက်နေရင် လုံးဝမပေါ့ဆသင့်ပါဘူး။ ဆရာဝန်နဲ့ သေချာစစ်ဆေးပြီး စနစ်တကျ ဆေးကုသမှု ခံယူရမှာ ဖြစ်တယ်။ အစားအသောက် ဆင်ခြင်သလို အဆီအဆိမ့်၊ အငန်၊ အမြန်စာ၊ ကြပ်တင် အခြောက်လှန်း အစားအစာ၊ ဆီကြော် အစားအစာအမျိုးမျိုး၊ အဆီများတဲ့ အသားတွေ၊ အရက်၊ ဘီယာ၊ တိရစ္ဆာန်အဆီတွေ လုံးဝရှောင်ကြဉ်ရမှာပါ။ သွေးကျဆေးကိုလည်း သွေးတက်တယ်ထင်မှ ခေါင်းကိုက်၊ ဇက်ထိုးမှ သောက်လိုက်၊ သက်သာတော့ ဆေးဖြတ်ထားလိုက် လုပ်လို့မရပါဘူး။ ဆေးပမာဏ လိုတိုးပိုလျှော့ကိုလည်း မိမိသဘောနဲ့ မလုပ်သင့်ဘဲ ဆရာဝန်နဲ့ ညှိနှိုင်းတိုင်ပင်ပြီးမှ ညွှန်ကြားတဲ့အတိုင်းသာ နေ့စဉ် သွေးကျဆေး သောက်ကိုသောက်ရမှာ ဖြစ်ပါတယ်။ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါသမားတွေဟာ ဆေးဝါးအချိန်အဆ၊ ဆေးပြောင်းမပြောင်း ဆေးဖြတ်သင့် မဖြတ်သင့်စတာတွေဟာ ဆရာဝန်နဲ့ အချိန်မှန် Follow up မပြတ်တမ်း ပြသနေမှသာ လေဖြတ်တာနဲ့ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် သင့်တော်တဲ့ ကိုယ်အလေးချိန်မှာ မပိန်လွန်း၊ မဝလွန်း အနေအထားမှာ ထိန်းထားသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။ ဆေးလည်းအချိန်မှန်သောက်မယ်ဆိုရင် သွေးပေါင်ချိန်ကို ပုံမှန်နီးပါးမှာ အမြဲထိန်းထားနိုင်မှာ ဖြစ်ပါတယ်။
(၅) ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအသောက် အနေအထိုင်ကို သေချာလိုက်နာပါ။
အမြန်စာတွေနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအသောက်အားလုံးမှာ ကိုလက်စထရောတက်စေတာတွေ၊ ပြည့်ဝအဆီတွေ၊ ပြန်ကြော်ဆီတွေ ထရန်စ်ဖက်အဆီတွေ ပါတဲ့အတွက် အထွေထွေကျန်းမာရေးနဲ့ သွေးကြောပြဿနာတွေဖြစ်စေတဲ့အတွက် အဲဒါတွေရှောင်ကြဉ်ပါမှ လေဖြတ်တာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေအဖြစ် ပဲမျိုးစုံ၊ အသီးအရွက်၊ အသီးအနှံမျိုးစုံ၊ ဥမျိုးစုံ၊ အဆီနည်းတဲ့အသားနဲ့ ငါးအမျိုးမျိုးကို နေ့စဉ်ပါအောင် ရွေးချယ်စားသင့်တယ်။ ဟင်းချက်ရာမှာ ဆားကို သင့်ရုံလောက်သုံးပြီး အရသာပိုကောင်းအောင် ဟင်းခတ်အမွေးအကြိုင်မျိုးစုံ ထည့်ချက်စားသင့်တယ်။ နနွင်းနိုင်းချင်းထည့်ချက်စားတာက အထွေထွေနဲ့ သွေးကြောကျန်းမာရေး ကောင်းစေတယ်။ ဓာတုပစ္စည်းတွေ Food Additive အရသာဖြည့်ပစ္စည်း ဟင်းချိုမှုန့်လို ပစ္စည်းတွေ ကြာရှည်ခံပစ္စည်း၊ ယမ်းစိမ်းလိုဟာမျိုးတွေကို ရှောင်ကြဉ်ပါမှ ကိုယ်ခန္ဓာ ကျန်းမာရေး ပိုကောင်းလာစေသလို လေဖြတ်တာမှလည်း ကာကွယ်ပေးပါလိမ့်မယ်။
ကျန်းမာတဲ့ လူရွယ်လူကြီးဖြစ်လာဖို့အတွက် ကလေးဘဝကတည်းက အစားအသောက် အအိပ်အနေမှန်ကန်အောင် မိဘတွေ ပြုစုပျိုးထောင်ပေးသင့်ပါတယ်။ အစာလည်း ဆေး၊ ဆေးလည်း အစာဆိုသလို ချင့်ချိန်စားသောက်ပြီး အထက်ပါအချက်များကို အသက်အရွယ်မရွေး လူတိုင်းသေချာလိုက်နာကျင့်သုံးကြမယ်ဆိုရင် လေဖြတ်ရောဂါဆိုးအပါအဝင် ရောဂါအတော်များများကို ကာကွယ်နိုင်ပါလိမ့်မယ်။ စာဖတ်သူများ လေဖြတ်ရောဂါဘေး ကင်းဝေးကြပါစေ။
Credit: ဒေါက်တာအေးမြချယ်