Print

Anaemia, due to Iron Deficiency (သံဓါတ်အားနည်းခြင်းကြောင့် သွေးအားနည်း...

  02-Jul-2018
Preview Image

Iron deficiency anaemia ဆိုသည်မှာ ကိုယ်ခန္ဓာထဲတွင် သံဓါတ်မလုံလောက်မှုကြောင့် အနီရောင်သွေးဥ (Red blood cells) များ လျော့ပါးသွားသည့် ရောဂါတစ်ခုဖြစ်သည်။ သံဓါတ်ကို အောက်ဆီဂျင်ကို သိုလှောင်ကာ ကိုယ်ခန္ဓာအနှံ့သယ်ဆောင်ပေးသည့် အနီရောင်သွေးဆဲလ် (သွေးနီဥ) တည်ဆောက်ရာတွင် အသုံးပြုသည်။ ထို့ကြောင့် သွေးနီဥ ပုံမှန်ထက်လျော့နည်းသော အခြေအနေမျိုးတွင် ကိုယ်ခန္ဓာမှ ကိုယ်တွင်းကလီစာများ၊ တစ်ရှူးဆဲလ်များမှာ အောက်ဆီဂျင်ဓါတ်ကို လုံလောက်စွာ မရရှိတော့ပေ။သွေးနီဥ လျော့နည်းစေနိုင်သော အခြားအကြောင်းအရာများလည်း ရှိပြီး ထိုအထဲတွင် သံဓါတ်အားနည်းခြင်းကြောင့် ဖြစ်ပွားခြင်းမှာ အတွေ့ရအများဆုံး ဖြစ်သည်။

လက္ခဏာများ

ရောဂါ လက္ခဏာများမှာ-

- နုံးချိ၍ အားမရှိခြင်း

- မောခြင်း

- ရင်တုန်ခြင်း

- အသားအရည် ဖြူဖျော့နေခြင်း

ဖြစ်ပွားရသော အကြောင်းရင်းများ

သံဓါတ်အားနည်းခြင်းကို ဖြစ်ပွားစေသော အကြောင်းရင်းများမှာ-

* သွေးမဆုံးမှီ အမျိုးသမီးများတွင် ရာသီသွေးဆင်း များခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း (ကလေးအတွက် သံဓါတ်ကို ပိုမိုလိုအပ်၍ဖြစ်သည်) တို့ကြောင့် သံဓါတ် အားနည်းတတ်ကြသည်။

* သွေးဆုံးပြီး အမျိုးသမီးများနှင့် အမျိုးသားများတွင်မူ အစာအိမ်၊ အူလမ်းကြောင်းတို့တွင် သွေးယိုခြင်းကြောင့် သံဓါတ်အားနည်းခြင်း ဖြစ်ပေါ်တတ်ကြသည်။ အစာအိမ်သွေးယိုရခြင်းမှာ အစာအိမ်၌ အနာရှိ၍သော်လည်းကောင်း၊ အစာအိမ် ကင်ဆာ၊ အူလမ်းကြောင်း ကင်ဆာ တို့ကြောင့် လည်းကောင်း ဖြစ်နိုင်ပြီး အကိုက်အခဲပျောက်ဆေးများ မကြာခဏ သုံးစွဲခြင်းကြောင့်လည်း ဖြစ်ပေါ်တတ်သည်။ရှားရှားပါးပါး အနေဖြင့် စားသုံးသည့် အစားအစာထဲတွင် သံဓါတ်လုံလောက်စွာ မပါဝင်ခြင်းကြောင့်လည်း သံဓါတ်အားနည်းခြင်း ဖြစ်ပေါ်စေနိုင်သည်။ 

နောက်ဆက်တွဲ ပြဿနာများ

သံဓါတ်အားနည်းခြင်းကို မကုသဘဲ ထားလျှင် ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ-

- ရောဂါပိုးဝင်လွယ်၊ ဖျားလွယ်ခြင်း (သံဓါတ်အားနည်းခြင်းကြောင့် ကိုယ်ခန္ဓာ ခုခံစနစ် အားနည်းနိုင်၍ဖြစ်သည်)

- နှလုံးခုန် မြန်လွန်းခြင်း (Tachycardia) 

- နှလုံး ကောင်းစွာ အလုပ်မလုပ်နိုင်တော့ခြင်း (Heart Failure)

- ကိုယ်ဝန်ဆောင်များတွင် မီးမဖွားမှီနှင့် မီးဖွားပြီး အချိန်တို့တွင် ရောဂါပြဿနာများ ပိုမိုတွေ့ရတတ်ခြင်း (လမစေ့ဘဲ မွေးခြင်း၊ ကလေး ပေါင်မပြည့်ခြင်း၊ မွေးဖွားအပြီးတွင် မိခင်အနေဖြင့် စိတ်ကျရောဂါ ခံစားရခြင်း)စသည်တို့ဖြစ်သည်။

စစ်ဆေးမှုများ

ယေဘုယျ အားဖြင့် ရောဂါရှာဖွေရန် အောက်ပါတို့ကို ပြုလုပ်နိုင်ပါသည်...

- Full Blood Count စစ်ဆေးခြင်း (ဤနည်းဖြင့် သွေးနီဥ အကြီးအသေး၊ အနည်းအများ၊ သွေးနီဥ၏ အရောင်စသည်တို့ကို စစ်ဆေးနိုင်သည်)

- သွေးတွင်းရှိ သံဓါတ်ကို Ferritin ခေါ် သံဓါတ် သိုလှောင်ရေး ပရိုတင်းဓါတ်ကို ဖောက်၍ စစ်ဆေးခြင်း 

ကုသခြင်း

သံဓါတ်ပြန်လည် ဖြည့်တင်းရန် သံဓါတ်အားဆေးများ သောက်သုံးရသည်။ များသောအားဖြင့် နာတာရှည်ရောဂါ မဖြစ်ဘဲ ထိုနည်းဖြင့် ထိထိရောက်ရောက် ကုသအောင်မြင်ကြသည်။ လအနည်းငယ်ကြာသည့်အခါ သံဓါတ်သိုလှောင်မှု လုံလောက်မှု ရှိမရှိ ပြန်လည် စစ်ဆေးကြည့်ရန် လိုအပ်သည်။ အကယ်၍ အခြား သံဓါတ်အားနည်းစေသော ရောဂါ တစ်ခုခု တွေ့ရှိပါက ဖြစ်ပွားစေသော မူလရောဂါကို ကုသရန် လိုအပ်ပါသည်။ သံဓါတ် ကြွယ်ဝသော အစားအစာများကိုလည်း စားရန် လိုအပ်နိုင်ပါသည်။ သံဓါတ်ကြွယ်ဝသော အစားအစာများမှာ-

- အစိမ်းရင့်ရောင်ရှိ အရွက်များ (ဥပမာ- ဟင်းနုနွယ်၊ ကန်စွန်းရွက်)

- ဆန်လုံးညို

- ပဲ အမျိုးမျိုး

- အသား၊ ငါး၊ တို့ဟူး

- အခွံမာသီး၊ အစေ့အဆံများ (ဥပမာ- နေကြာစေ့)

- ကြက်ဥ၊ ဘဲဥ စသည့် ဥအမျိုးမျိုး စသည်တို့ ဖြစ်ကြသည်။

Ref: NHS choices, UK

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18